Sunday, January 29, 2012

" အမေ့ထံသို့ပေးစာများ-၂၉..."


သို့

ချစ်တဲ့အမေ…

သားသတိတရစာရေးလိုက်ပါတယ်။

အမေတို့နေကောင်းကြလား။

ကျနော်တို့မိသားစုနေကောင်းကြပါတယ်။

ဘာလိုလိုနဲ့ကျနော်တို့အမေရိကန်ရောက်တာတောင်

တစ်နှစ်ပြည့်တော့မယ်။

ဘာတွေရလိုက်သလဲလို့စာရင်းချုပ်ကြည့်တော့

ငါးကြင်းဆီနဲ့ငါးကြင်းကြော်ပြီး

အတွေ့အကြုံတွေရလိုက်တယ်လို့သာပြောနိုင်တယ်။

ငွေစုနိုင်သလားဆိုတော့လည်း မစုနိုင်ခဲ့ဘူး။

ဒီက အသိအမှတ်ပြုလောက်တဲ့ Certificate တစ်ခုခုရသလားဆိုတော့လည်း မရခဲ့ဘူး။

စာကြည့်တိုက်ကရတဲ့ပညာတွေတော့ ရလိုက်တယ်။

စာကြည့်တိုက်ကိုကောင်းကောင်းအသုံးပြုတတ်လာတယ်။

စာဖတ်ဖြစ်တယ်။စာရေးဖြစ်တယ်။

ဘာသာစကားမှာ တိုးတက်လာတယ်။

ဒီလောက်ပဲပြောနိုင်တယ်။ အားရစရာတော့မရှိလှပါဘူး။

မိတ်ဆွေတွေတော့ တိုးလာတာပေါ့လေ။

တကယ့်ကိုရင်းနှီးတဲ့မိသားစုဆိုလို့နှစ်စုရှိတယ်။

တူညီတဲ့အချက်က

သူတို့နှစ်စုစလုံးက ဒီကိုရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။

အမေရိကန်နိုင်ငံသားတွေဖြစ်နေကြပြီ။

သူတို့အချင်းချင်းလည်းရင်းနှီးကျွမ်းဝင်ကြတယ်။

နောက်တူညီတဲ့အချက်တွေကတော့

သားသမီးတွေနဲ့သိုက်သိုက်ဝန်းဝန်းရှိကြတာပါပဲ။ ပြီးတော့...

မိသားစုနှစ်စုလုံး အလှူအတန်းကို ဝါသနာပါကြတယ်။

မတူတာက မိသားစုတစ်စုက ဗုဒ္ဓဘာသာ။

နောက်တစ်စုက ခရစ်ယာန်ဘာသာ။

ခရစ်ယာန်ဘာသာဝင်တွေကလည်းဘုန်းကြီးကျောင်းတွေကိုသွားလာနေတာကိုတွေ့ရတယ်။

ဘာသာရေးအယူသည်းတွေတော့မဟုတ်ကြပါဘူး။

နောက်မတူညီတဲ့အချက်ကတော့

ဗုဒ္ဓဘာသာမိသားစုက အလှူအတန်းကို ဝါသနာပါပေမယ့်

အကျိုးမျှော်ပြီးလှူတန်းတယ်။

နောက်ပြီး နာမည်ကြီးတဲ့ဘုန်းကြီး၊

ချမ်းသာတဲ့ဘုန်းကြီးကျောင်းကိုမှလှူဒါန်းတတ်တယ်။

ခရစ်ယာန်ဘာသာဝင်မိသားစုက

ဆင်းရဲတဲ့ဘုန်းကြီးကျောင်း၊

တကယ်အကူအညီလိုနေတဲ့မိသားစုကိုမှ လှူဒါန်းတတ်တယ်။

နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေက သူ့တို့ကိုယ်သူတို့ ရွှေလို့ခေါ်ကြလေရဲ့။

ဘယ်လိုက ဘယ်လိုဆင်းသက်လာတယ်ဆိုတာတော့ သေသေချာချာမသိပါဘူး။

ရွှေဆိုတာက ရတနာတစ်မျိုးဖြစ်တော့ နာမည်ပေးကောင်းပါတယ်လို့ဆိုချင်ပါတယ်။

နာမည်ပေးကောင်းသလို စိတ်ဓာတ်ပါကောင်းရင်တော့ ပိုကောင်းတာပေါ့လေ။

ရွှေဆိုတာက စပြီးဖြစ်တည်ကထဲက အဝါရောင်။

မီးပြင်းပြင်းနဲ့တွေ့တော့လည်းအရောင်မပြောင်းဘူး။ အဝါရောင်ပဲ။

ငရဲမီးပြင်းပြင်းနဲ့တွေ့တော့လည်း အရောင်မပြောင်းဘူး။ အဝါရောင်ပဲ။

ဘယ်လောက်ထုထု၊ဘယ်လောက်ထောင်းထောင်း အရောင်မပြောင်းဘူး။ အဝါရောင်ပဲ။

ဘယ်အချိန်ရောက်ရောက်အဝါရောင်ပဲ။

ဒီလိုပဲ ရွှေလို့ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုနေကြတဲ့ ကိုရွှေမြန်မာ တွေ

ဘယ်လိုလောကဓံနဲ့တွေ့တွေ့၊

ဘယ်နိုင်ငံရောက်ရောက်၊

အရောင်မပြောင်းပဲနေနိုင်ကြရဲ့လားလို့တော့ မေးလိုက်ချင်ပါတယ်။

အရောင်ပြောင်းရင် ရွှေမဟုတ်ဘူး။

နောက်ရွှေဆိုတဲ့ဂုဏ်သတ္တိတစ်ခုက ရွှေကိုတစ်မှုန်ချင်းစုရတယ်။

ရွှေကျင်တယ်ဆိုတာ မြေမှုန်တွေ၊ကျောက်ခဲတွေဆိုတဲ့အမှိုက်တွေအများကြီးကြားက

ကောင်းတဲ့ရွှေမှုန်သေးသေးကိုယူ၊

မကောင်းတဲ့အမှိုက်တွေအများကြီးကိုလွှင့်ပစ်ပြီးစုဆောင်းခဲ့ရတာပါ။

ရွှေမှုန်တွေဟာ ဘယ်တော့မှ အမှိုက်နဲ့မပေါင်းစပ်ပါဘူး။

ရွှေမှုန်လေးတစ်ခုကနေ ရွှေမှုန်တွေအများကြီးရအောင်စုဆောင်းရတာပါ။

ရွှေမှုန်ကလေးကနေ ရွှေတုံးရွှေခဲဖြစ်တယ်ဆိုတာ

ရွှေမှုန်တစ်ခုနဲ့တစ်ခု လွယ်လွယ်ကူကူပေါင်းစုသွားလို့ဖြစ်တာပါ။

အခြားရတနာတွေက ရွှေတွေလို မပေါင်းစုနိုင်ကြပါဘူး။

ပြီးတော့ အရောင်ပြောင်းပစ်ဖို့လည်းလွယ်ကူကြတယ်။

ကိုရွှေမြန်မာတွေ ရွှေတွေလို

နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ အင်အားတစ်ခုလိုပေါင်းစုနိုင်ကြသလားဆိုတာကိုတော့

မေးခွန်းထုတ်လိုက်ချင်ပါတယ်။

တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်မပေါင်းစုနိုင်ရင် ရွှေမဟုတ်ဘူး။

ဒီမှာက မြန်မာတွေအများကြီးတွေ့ရပါတယ်။

သူတို့ကိုယ်သူတို့ကတော့ ရွှေ တွေလို့ဂုဏ်ယူဝင့်ကြွားနေကြလေရဲ့။

ဒါပေမယ့်ရွှေရဲ့ဂုဏ်သတ္တိတွေ ရှိ၊မရှိကတော့ သူတို့ကိုယ်သူတို့ပဲ သိပါလိမ့်မယ်။

ကျနော်က ရောက်ကာစဆိုတော့ မဆုံးဖြတ်နိုင်ပါဘူးအမေ။

ဒီအမေရိကန်နိုင်ငံမှာ ဘာပစ္စည်းဝယ်ဝယ် အခွန်ပေးရတယ်။

ဘာပစ္စည်းမဆို ဈေးနှုန်းတွေတိတိကျကျကပ်ထားတယ်။

ကြိုက်ရင်ဝယ်၊ မကြိုက်ရင်မဝယ်နဲ့။ဈေးဆစ်လို့မရဘူး။

(ဈေးဆစ်လိုက်ရမှ ကျေနပ်တတ်သူတွေအဖို့တော့

ဒီမှာဈေးဝယ်ရတာ ကသိကအောင့်ဖြစ်မှာသေချာတယ်)

ကောင်တာမှာငွေရှင်းရင် ကပ်ထားတဲ့ဈေးနှုန်းထက်ပိုနေတော့

ဘာကြောင့်လဲလို့မေးမိတာပေါ့။

သတ်မှတ်ထားတဲ့အခွန်ကိုယူတာပါလို့ပြန်ဖြေတယ်။

ကုန်ပစ္စည်းတိုင်းကိုအခွန်ယူတဲ့သဘောဖြစ်တယ်။

ဒါပေမယ့် မြန်မာအမြင်နဲ့ပြောရင် အခွန်ဆောင်ပြီးတန်ဖိုးတောင်မှ

တန်နေသေးတာပဲ။ ဈေးကြီးတယ်လို့မခံစားမိဘူး။

အလုပ်လုပ်လို့ရတဲ့လခနဲ့ဘာမဆိုဝယ်နိုင်နေတယ်လေ။

ဒီမှာက ဘာဘဲဝယ်ဝယ်၊ ဘာဘဲလုပ်လုပ် စည်းကမ်းတကျ တန်းစီတာကိုတွေ့ရတယ်။

ကြားဖြတ်ဝင်တာမရှိဘူး။ စကားများကြတာမတွေ့ရဘူး။

ဒီနေရာမှာတော့ သူတို့တွေစိတ်ရှည်ကြတယ်။

နှစ်ပေါင်းများစွာအကျင့်ဖြစ်နေကြတဲ့ပုံပါပဲ။

သူတို့စိတ်မရှည်တဲ့နေရာတစ်ခုကတော့ မီးပွိုင့်မှာ မီးနီချိန်မှာ ကားတွေစောင့်နေတုန်း

မီးစိမ်းလို့ရှေ့ဆုံးကားက ငေးနေလို့မထွက်ဖြစ်ရင် နောက်ကကားတွေ

ဟွမ်းတွေတပွမ်းပွမ်းတီးတော့တာပဲ။

ဒီမှာက ဟွမ်းတီးရင် စိတ်မရှည်တဲ့သဘော၊ ဒေါသထွက်တဲ့သဘော

သက်ရောက်တယ်။ ကိုယ်လည်းမတီးမိအောင် ဂရုစိုက်သလို

သူများတွေ ကိုယ့်ကြောင့်မတီးမိအောင်လည်း အထူးဂရုစိုက်ရတယ်။

အမြဲတစေ ကားကိုဂရုစိုက်မောင်းရသလို သတိထားပြီးမောင်းရတယ်။

ကားမောင်းချိန်က များတော့ သတိနဲ့နေတဲ့အကျင့်လည်း များများရလာတာပေါ့။

ကောင်းတဲ့အကျင့်လို့မှတ်ယူပါတယ်။

ဒီရောက်တော့ စားသောက်တဲ့ပုံစံပြောင်းသွားတယ်။

မြန်မာပြည်မှာနေတုန်းကဆိုရင် စောစောထ၊နံက်စာကိုကောင်းကောင်းစား၊

ပြီးတော့ အလုပ်လုပ်၊ နေ့လည်စာကိုလည်းဝဝစား၊

စားတဲ့အစားအစာကလည်း ငယ်ငယ်ကထဲက ကြိုက်နှစ်သက်ခဲ့တဲ့

မြန်မာထမင်းနဲ့ဟင်း။

နေ့လည်ချိန်စားချိန်ကတော့ များသောအားဖြင့်

နေ့လည်၁၂-နာရီကနေ ၁-နာရီအတွင်းဖြစ်တာများတယ်။

ညနေစာကတော့အချိန်မမှန်တော့ဘူး။

တစ်ခါတစ်လေစားချင်မှ စားဖြစ်တယ်။

စားရင်လည်း ထမင်းမစားတော့ဘူး။

အစာကြေလွယ်တဲ့ Light-foodတွေစားတာများတယ်။

ညစာကိုနည်းနည်းစားတာဟာ အစာအိမ်ကိုအနားပေးရာရောက်သလို

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။

ဒါကလည်း နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့တဲ့အလေ့အကျင့်။

မဝဘူး၊မပိန်ဘူး။

လေ့ကျင့်ခန်းပါမှန်မှန်လုပ်တော့ ကျန်းမာလိုက်တာဒေါင်ဒေါင်မြည်။

ဒီရောက်တော့ အားလုံးပြောင်းပြန်။

မြန်မာထမင်းနဲ့ဟင်းအစား

ပေါင်မုန့်နဲ့ထောပတ်သုတ်တွေ၊ဟမ်ဘာဂါတွေဖြစ်လာတယ်။

ရောက်စတုန်းကတော့တော်တော်ဒုက္ခရောက်ပါတယ်။

ငယ်ချစ်ဦးနဲ့ကွဲသလိုပါပဲ။

အတော်ကြာအောင်လေ့ကျင့်ခဲ့ရတယ်။

နံနက်၅-နာရီမှာ အလုပ်သွားဖို့အိပ်ယာကထ၊

နွားနို့တစ်ခွက်နဲ့ပေါင်မုန့်ထောပတ်သုတ်ကို ကတိုက်ကရိုက်စား။

နံနက်၆-နာရီမှာ အလုပ်ကိုယ်စီသွားကြပြီ။

နေ့လည်စာကတော့ အချိန်မမှန်တော့ဘူး။ အစဉ်ပြေသလိုစားရတယ်။

မိန်းမဆိုရင် နေ့လည်စာကိုတစ်ရံတစ်ခါ ညနေ၄-နာရီကျော်မှစားရတယ်။

အလုပ်ကလည်းတောက်လျှောက်မတ်တတ်ရပ်တဲ့အလုပ်။

တစ်နေ့ကို၁၂-နာရီလုပ်ရတယ်။ ပိုင်ရှင်ကမြန်မာ-အမေရိကန်လူမျိုး။

မြန်မာ-အမေရိကန်လူမျိုးဆိုလို့တစ်ခြားမတွေးပါနဲ့။

အမေရိကန်နိုင်ငံသားခံယူထားပြီးဖြစ်တဲ့မြန်မာလူမျိုးကိုပြောတာပါ။

လူမျိုးကမြန်မာ၊ အမေရိကန်မှာအနေကြာလာတော့ အမေရိကန်စိတ်ဓာတ်တွေကော်ပီကူးထားတာ

ဖြစ်လို့လည်း မြန်မာ-အမေရိကန်လူမျိုးလို့ပြောနိုင်ပါတယ်။

ကောင်းတာတွေကိုကော်ပီကူးရင်တော့ကောင်းတာပေါ့လေ။

အခုဟာက အားမနာတတ်တာနဲ့ငွေကိုဗဟိုပြုထားတဲ့လောဘစိတ်ကိုကြီးကြီးမားမား

ကော်ပီကူးထားတာမျိုးဆိုရင် ဘယ်ကောင်းတော့မလဲ။

ကျနော်တို့နံနက်စာနဲ့နေ့လည်စာကိုကောင်းကောင်းကန်းကန်းမစားရတော့ဘူး။

ည၈-နာရီနောက်ပိုင်းမှပဲလင်မယားတွေပြန်ဆုံကြရတယ်။

အဲဒီတော့မှ ညစာကိုကောင်းကောင်းလုပ်စားကြရတယ်။

တစ်နေ့လုံးဆာလောင်နေတော့ ညစာကိုဝဝလင်လင်စားပစ်ကြ။

ကောင်းတဲ့အလေ့အကျင့်မဟုတ်မှန်းသိပေမယ့် ရှောင်လွှဲလို့မရဘူး။

ဒါကြောင့် အမေရိကန်မှာရှိတဲ့လူတွေအများစုဟာ အဝလွန်နေကြတာထင်ပါရဲ့။

ဒီအလေ့အကျင့်ဟာ ကျန်းမာရေးကိုလွယ်လွယ်ကူကူထိခိုက်စေမယ့်အကျင့်ဖြစ်နေတယ်။

ဘဲနဲ့လုပ်မလဲအမေ။

အချိန်နဲ့ငွေကိုချိန်စက်တိုင်းထွာနေတဲ့နေရာဆိုတော့လည်း မကောင်းမှန်းသိပေမယ့်

ရှောင်လွှဲလို့မရဘူးဖြစ်နေတယ်။

မြန်မာနဲ့အမေရိကန်က အရှေ့နဲ့အနောက်၊

မြန်မာကညဆိုရင် အမေရိကန်မှာက နေ့၊

အားလုံးနီးပါးဟာပြောင်းပြန်။

အားလုံးဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်။

ကျနော်ရင်ကြတ်နေလို့ အမေ့ကိုရင်ဖွင့်တာပါ။

ဒါပါပဲ။

အမေကျန်းမာရေးကိုဂရုစိုက်ပါ။

အမေ့ကိုချစ်တဲ့သား

အောင်ဝင်းဟိန်း

ကယ်လီဖိုးနီးယား၊

အမေရိကန်နိုင်ငံ။


0 comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....