Friday, December 16, 2011

" ဘုရားကြိုက်အောင်နေ..."



တစ်ခါတုန်းကမောင်ဆင့်ဆိုတဲ့တောသားလေးတစ်ယောက်ရှိတယ်။

ရိုးသားတယ်။အရွယ်ရောက်လာတော့ကိုရင်ဝတ်တယ်။ကိုရင်ဘဝကိုပျော်ပိုက်ပေမယ့်

ဖခင်က လယ်လုပ်ရင်းပိုးထိတော့ ကိုရင်ကထွက်လိုက်ရတယ်။

အကိုကြီးတော့ အဖအရာဆိုသလိုမိခင်နဲ့ညီမလေးတွေကိုလုပ်ကျွေးဖို့ဖြစ်လာတယ်။

သူများဆီမှာ သူရင်းငှားလုပ်တော့မိသားစုတွေ စားရရုံအနိုင်နိုင်ပါပဲ။

မိသားစုကိုအဝတ်တောင်ကောင်းကောင်းမဆင်နိုင်ရှာကြပါဘူး။

မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့မွေးနေ့နီးလာရင်တော့

မောင်ဆင့်က အခြားလှူစရာမရှိတော့

လုပ်အားလှူဖို့ဆရာတော်ဘုရားကျောင်းကိုနှစ်တိုင်းရောက်ပါတယ်။

ရောက်တိုင်းလည်းကျောပြောင်နဲ့အဝတ်မဆင်နိုင်ပါဘူး။

ဆရာတော်ဆီမှာ နှစ်စဉ်လာပြီးဝေယျာဝစ္စတွေသိမ်းကြုံးလုပ်နေတော့

ဆရာတော်ဘုရားကသတိပြုမိတယ်။

အဝတ်တွေမရှိမှန်းသိလို့ ကျောင်းမှာပိုတဲ့အဝတ်တွေ စွန့်လိုက်တယ်။

နောက်နှစ်လာပြန်တော့လည်းကျောပြောင်နဲ့ပါပဲ။

အဝတ်အစားတွေကိုညီမလေးတွေကိုပေးလိုက်လို့မဝတ်ရရှာမှန်း

ဆရာတော်ကသိတော့

“ဟဲ့…မောင်ဆင့်၊ နင်မချမ်းသာချင်ဘူးလား”

လို့ဆရာတော်ကမေးတယ်။

ချမ်းသာချင်ပါတယ်ဘုရား၊ဒါပေမယ့်

အဝတ်နှစ်ထည်ရှိပြီးထမင်းနှစ်နပ်မှန်မှန်စားနေရရင်

တပည့်တော်အတွက်လုံလောက်တယ်လို့ထင်ပါတယ်ဘုရား”

လို့ပြန်လျှောက်တယ်။

ဆရာတော်က အနီးမှာရှိတဲ့စိပ်ပုတီးတစ်ကုံးကိုယူပြီး

“အေး…ရော့မောင်ဆင့်၊ "အရဟံ"ဆိုတာကိုပဲ နေ့စဉ်နေ့တိုင်းစိပ်၊ကြားလား”

ဆရာတော်ချီးမြှောက်တာကိုသိရတော့ မောင်ဆင့်ကပျော်သွားတယ်။

အဲဒီပုတီးကုန်းနဲ့အချိန်တိုင်းလိုလို အရဟံကိုစိပ်ဖြစ်လာပါတယ်။

နံက်စောစောအလုပ်မသွားခင်စိပ်ဖြစ်တယ်။

ညအိပ်ရာဝင်ရင်စိပ်ဖြစ်တယ်။

နောက်တစ်နှစ်ဆရာတော်ဆီမောင်ဆင့်ကျောပြောင်ပြောင်နဲ့ရောက်တော့ဆရာတော်ကမေးတယ်။

“မောင်ဆင့်၊ထူးပြီးလား”

“မထူးသေးပါဘုရား”

ဆရာတော်ရဲ့ထွေးခံကိုဆေးကြောဖို့ဆရာတော်အနားကိုမောင်ဆင့်ရောက်လာတော့

ဆရာတော်က မောင်ဆင်ရဲ့တင်ပါးကိုလက်ဝါးနဲ့ဖြန်းကနဲရိုက်လိုက်တယ်။

မောင်ဆင့်က “အမလေး” လို့အော်တယ်။

ဆရာတော်က မောင်ဆင့်ကိုပြောတယ်။

“မောင်ဆင့်မင်းဟာကလိုသေးတာကိုး၊

အရဟံဆိုတဲ့ဘုရားဂုဏ်တော်ကို နှလုံးသားထဲစွဲဝင်အောင်စိပ်၊”

ဒီတော့မောင်ဆင့်က အလုပ်လုပ်ရင်းနဲ့ပါစိပ်ဖြစ်လာတယ်။

လယ်ထွန်ရင်းလည်းစိပ်၊

စပါးစိုက်ရင်းလည်းစိပ်၊

ကောက်ရိတ်သိမ်းရင်းလည်းစိပ်၊

လည်ပင်းမှာပုတီးစိပ်ကိုဆွဲထားပြီးကိုပါးစပ်ကတစ်ချိန်လုံး “အရဟံ”လို့ရွတ်နေဖြစ်ပါတယ်။

နောက်တစ်နှစ်ဆရာတော်မွေးနေ့ကိုမောင်ဆင့်ကျောပြောင်ပြောင်နဲ့ရောက်လာပြန်တယ်။

ဒီတစ်ခါတော့ဆရာတော်ကမမေးတော့ဘူး။

အနားရောက်လာတာနဲ့အမှတ်တမဲ့ တင်ပါးကိုလက်ဝါးနဲ့ရိုက်လိုက်တော့

မောင်ဆင့်ရဲ့ပါးစပ်က

“အရဟံ” လို့အော်မိတယ်။

ဆရာတော်ကမိန့်ပါတယ်။

“မောင်ဆင့်၊မင်းဟာက နီးနေပြီနော်” တဲ့။

အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ စစ်ရိပ်၊စစ်ငွေ့တွေသန်းလာပြီ။

ဒုတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတော့

ဆန်စက်ပိုင်ရှင်ကုလားတွေက အိန္ဒိယကိုပြန်ချင်လာတယ်။

ရွာသူကြီးကိုတိုင်ပင်တယ်။

ဆန်စက်ပိုင်ရှင်ကုလားက

ဆန်စက်ကိုယုံကြည်ရသူတစ်ဦးဦးနဲ့အပ်ထားချင်တယ်။

အပ်ထားချိန်မှာ လုပ်ကိုင်စားသောက်ပါ။

စစ်ပြီးလို့ပြန်လာတဲ့အခါ ဆန်စက်ကိုပြန်အပ်နိုင်တဲ့ရိုးသားသူတစ်ယောက်ယောက်ကို

ရှာပေးပါ”လို့ပြောတယ်။

သူကြီးက “ငါမြင်တာကတော့ မောင်ဆင့်ပဲ။

ရိုးသားတယ်။ဆရာကောင်းတပည့်လည်းဖြစ်တယ်။

သူကမင်းတို့လိုချင်တဲ့အရည်အချင်းနဲ့ပြည့်စုံတယ်။

မင်းတို့သူကိုဆန်စက်ပညာတွေသင်ပေးလိုက်ပေါ့”

ဒီလိုနဲ့မောင်ဆင့်ဟာဆန်စက်မှာပညာတွေသင်ကြားလာရတယ်။

နောက်မကြာခင်မှာပဲ ဆန်စက်ကိုလွှဲပြောင်းပြီး

ပိုင်ရှင်ကုလားတွေက အိန္ဒိယကိုပြန်သွားကြတယ်။

နောက်နှစ်ဆရာတော်မွေးနေ့ကိုမောင်ဆင့်သွားတော့

အဝတ်အစားတွေကောင်းကောင်းဝတ်ဆင်သွားတယ်။

ပြီးတော့မိသားစုအားလုံးလည်းခေါ်သွားတယ်။

မြင်းလှည်းနဲ့သွားတယ်။

ဆရာတော်အတွက်လှူဖွယ်ပစ္စည်းတွေလည်းပါလာတယ်။

ဆရာတော်က “ဟဲ့..မောင်ဆင့်၊ထူးပြီးလား”လို့မေးတော့

မောင်ဆင့်က

“ထူးပါပြီဘုရား၊ ဆန်စက်မပိုင်သူဋ္ဌေးလေးဖြစ်နေပါပြီ”

ဒီလိုနဲ့စစ်ကြီးပြီးသွားတယ်။

ကုလားသူဋ္ဌေးတွေကလည်း အိန္ဒိယမှာလုပ်ငန်းတွေအစဉ်ပြေနေတော့

မောင်ဆင့်ကိုလှမ်းစာရေးလိုက်တယ်။

မင်းရဲ့ရိုးသားမှုနဲ့ကြိုးစားမှုကိုတို့တွေအဝေးကကြားရလို့ဝမ်းသာတယ်။

တို့တွေဒီမှာလည်းလုပ်ငန်းတွေအစဉ်ပြေတယ်။

ဒါကြောင့်ဆန်စက်ကိုမင်းပဲအပိုင်ယူလိုက်တော့လို့အကြောင်းကြားတယ်။

ဒါနဲ့ပဲ မောင်ဆင့်ဟာ ဆန်စက်ပိုင်ရှင်ကြီးဖြစ်လာပါတယ်။

သူ့ရဲ့ဆန်စက်ကိုလည်းနာမည်ပြောင်းလိုက်ပါတယ်။

“အရဟံမောင်ဆင့်ဆန်စက်”

ဒီလိုနဲ့မောင်ဆင့်ဟာ သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

++++++++++++++++++

လူတစ်ယောက်ဟာ နှလုံးသားမှာဘုရားတည်လိုက်တော့

ဘုရားကြိုက်အောင်နေဖြစ်သွားပါတယ်။

အကျင့်သီလကောင်းလာတယ်။

လူတွေရဲ့ယုံကြည်လေးစားခြင်းခံရတယ်။

ရိုးသားပြီးကြိုးစားဖြစ်လာတော့

မမြင်တဲ့နေရာက မထင်မှတ်ဘဲ အခွင့်အရေးပေါ်လာတတ်တဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်။

အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ်ဖို့ဆိုတာသတိရဖို့ပါပဲ။

ကိုယ်ကောင်းရင် ပတ်ဝန်ကျင်ကိုကောင်းအောင်လုပ်ရာရောက်ပါတယ်။

ကိုယ်ချမ်းသာရင် အနီးဆုံးကတော့ ကိုယ့်မိသားစုချမ်းသာလာတယ်။

ပြီးတော့ ကိုယ့်ရပ်ရွာ၊ကိုယ့်မြို့ကလူတွေ ချမ်းသာအောင်ကူညီလာနိုင်တယ်။

တစ်ယောက်တစ်လက်နဲ့လက်ဆင့်ကမ်းရင်းနဲ့

တိုင်းပြည်နဲ့အဝှမ်း ချမ်းသာအောင်လုပ်လာနိုင်ပါတယ်။

ဒီလိုနဲ့အားလုံးကောင်းလာဖို့ဖြစ်လာပါတယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com