Friday, July 1, 2011

“လူ့ဘဝစက်ဝိုင်း…”


တစ်ခါတုန်းက လူတွေရဲ့သက်တမ်းဟာ နှစ် ၃၀ ပဲရှိခဲ့ဖူးပါတယ်။

ပညာတွေသင်ပြီးတတ်ရုံရှိသေးတယ်။

သေရတော့မယ်ဆိုတော့ လူကမကျေနပ်ဘူး။

နတ်ဘုရားဆီမှာ သက်တမ်းတိုးတောင်းဖို့ သွားတာပေါ့။

နတ်ဘုရားဆီရောက်တော့

နတ်ဘုရားအနားမှာ နွားတစ်ကောင်လည်းရောက်နေတယ်။

ပြီးတော့ ခွေးတစ်ကောင်လည်းရှိနေတယ်။

နောက်ပြီး မျောက်တစ်ကောင်လည်းရောက်နေတယ်။

လူက

“ နတ်ဘုရား၊ တပည့်တော် ပညာတွေသင်ပြီး

လူသားတွေရဲ့ကောင်းကျိုး၊လောကရဲ့ကောင်းကျိုးကို ဆောင်ရွက်ဖို့

သက်တမ်းတိုးပေးတော်မူပါဘုရား”လို့တောင်းဆိုတာပေါ့။

ဒီတော့ အနားမှာရှိနေတဲ့ နွားက

“ ကျွန်ုပ်ဟာ တစ်ဘဝလုံး ရုန်းကန်အလုပ်လုပ်ရတယ်။

နေပူပူ၊မိုးရွာရွာ လုပ်ရတယ်။

ပူလည်းလုပ်ရတယ်။ အေးချမ်းလည်းလုပ်ရတယ်။

အနားအနေကို မရှိခဲ့ပါဘူး။

စားရတော့ မြက်နဲ့ကောက်ရိုး။

ကံများဆိုးတဲ့အခါ ဆီကြိတ်ရသေးတယ်။

ဆုံလည်နွားဆိုတဲ့အတိုင်းပါပဲ။

တစ်နေရာထဲမှာကိုပဲ ထပ်ခါတစ်လဲလဲလုပ်ရတဲ့အတွက်

ဘဝကို ငြီးငွေ့လှပါတယ်။

ဒါကြောင့် ကျွန်ုပ်ရဲ့သက်တမ်းကိုယူပါ”လို့ပြောတယ်။

နတ်ဘုရားကခွင့်ပြုတော့

လူဟာ နွားရဲ့သက်တမ်းနှစ်-၃၀ ကိုရလိုက်ပါတယ်။

သက်တမ်း-၆၀ရပေမယ့် မကျေနပ်နိုင်သေးတာကြောင့်

နတ်ဘုရားဆီမှာ ထပ်တောင်းပါတယ်။

ဒီတော့ အနားမှာရှိနေတဲ့ခွေးက

“ ကျွန်ုပ်ရဲ့သက်တမ်းကိုလည်းယူပါ၊

ကျွန်ုပ်ကတော့ အိမ်ကိုနေ့နေ့ညညစောင့်ပေးရတယ်။

တွေ့တဲ့လူတွေဆိုရင် ရန်သူ၊မိတ်ဆွေမခွဲခြားနိုင်ပဲ ဟောင်ပေးရတယ်။

အိမ်နားကပ်တဲ့လူတိုင်းကို ဟောင်ရတဲ့အပြင်

အိမ်ထဲမှာရှိတဲ့လူတွေဆိုရင်လည်း သခင်ကလွဲပြီး

အဆက်မပြတ်စောင့်ကြည့်ပြီး ဟောင်သံပေးရတယ်။

စားရပြန်တော့ အရိုးနဲ့အရွတ်တွေချည်းပါပဲ။

သခင်ကမလိုရင် မလိုသလို ဆူတယ်၊ဆဲတယ်၊ရိုက်တယ်။

ဒီဘဝကိုလည်းငြီးငွေ့လွန်းလှပါပြီ။ကျွန်ုပ်ရဲ့သက်တမ်းကိုယူပါ”လို့ပြောတယ်။

နတ်ဘုရားကခွင့်ပြုတော့

ခွေးဆီက သက်တမ်း-၂၅နှစ်ကိုရလိုက်ပြန်တယ်။

သက်တမ်းစုစုပေါင်း ၈၅နှစ်ရှိပေမယ့် လူကမကျေနပ်နိုင်သေးဘူး။

နတ်ဘုရားဆီမှာ သက်တမ်းကိုထပ်တောင်းပြန်တယ်။

ဒီတော့ အနားမှာရှိနေတဲ့မျောက်က

“ ကျွန်ုပ်သက်တမ်းကိုလည်း ယူပါ။

ကျွန်ုပ်ကတော့ သစ်ပင်တစ်ပင်ကနေတစ်ပင်ကိုတစ်ချိန်လုံး ခုန်ကူးနေရတယ်။

မခုန်တဲ့အချိန်ဆိုရင် သစ်ပင်ဂွကြားမှာ စောင့်ကြောက်ထိုင်ရတယ်။

စားရပြန်တော့ ငှက်ပျောသီးနဲ့အသီးအရွက်၊

ဒီဘဝကိုငြီးငွေ့လွန်းလှပါတယ်။ကျွန်ုပ်ရဲ့သက်တမ်းကိုလည်းယူပါ”လို့ပြောတယ်။

နတ်ဘုရားက “ယူစေ”လို့ခွင့်ပြုလိုက်တယ်။

ဒီတော့ မျောက်ဆီက သက်တမ်း၁၅-နှစ်ကိုထပ်ရလိုက်တော့

လူ့သက်တမ်းဟာ နှစ်တစ်ရာပြည့်သွားပါတယ်။

လူဟာ ကျေနပ်ပြီးပြန်လာခဲ့တယ်။

လူသားကောင်းကျိုး၊လောကကောင်းကျိုးကိုလုပ်မယ်ဆိုတဲ့လူဟာ

မကြာခင်မှာပဲ မိန်းမရသွားပါတော့တယ်။

နောက်တော့ သား၊သမီးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာပါတော့တယ်။

မိန်းမရဲ့ကောင်းကျိုး၊ သားသမီးတွေရဲ့ကောင်းကျိုးကိုလုပ်ရင်းနဲ့ပဲ

အချိန်ဟာကုန်လာတယ်။

ငွေရဖို့၊ စား၊ဝတ်၊နေရေးအစဉ်ပြေဖို့အတွက်

နေပူ၊မိုးရွာမရှောင်လုပ်ရပါတယ်။ပူလည်းလုပ်၊အေးလည်းလုပ်ရတယ်။

နွားသက်တမ်းရထားတဲ့လူဟာ နွားနဲ့တူသထက်တူလာတယ်။

ဒါနဲ့ပဲ သက်တမ်း ၆၀-နှစ်ပြည့်တော့ ပင်စင်ယူလိုက်ရပါတယ်။

အလုပ်မရှိတော့လို့နားရသလားဆိုတော့ မနားရပါဘူး။

သား၊သမီးတွေရဲ့အိမ်ကို တစ်လှည့်စောင့်ပေးရပါတယ်။

သားသမီးတွေရဲ့ပိုင်ဆိုင်မှုတွေကို မပျောက်ပျက်ရလေအောင်

အိမ်စောင့်ခွေးကြီးလို စောင့်ရှောက်ရတယ်။

အိမ်ကိုလာတဲ့လူဆိုရင် မိတ်ဆွေလား၊ ရန်သူလား မခွဲခြားနိုင်ပါဘူး။

တွေ့ရာ၊မြင်ရာကိုဟောင်ရပါတော့တယ်။

သားသမီးတွေရဲ့ပစ္စည်းဥစ္စာဆိုရင် ဘာဆိုဘာမှကိုင်လို့မရဘူး။

ထိလိုက်တာနဲ့ဟောင်တော့တာပါပဲ။

ကြာလာတော့ ဘာအကြောင်းမှမရှိလည်း

ဟောင်ရမယ့်တာဝန်အရဟောင်နေရ

တော့ခွေးနဲ့တူသထက်တူလာပါတယ်။

ဟော…သက်တမ်း ၈၅-နှစ်ကျော်လာတော့

ဟောင်နိုင်စွမ်းတွေမရှိတော့ဘူး။

အိုလာပြီလေ။ဒါနဲ့ပဲ

သားသမီးတွေရဲ့အိမ်တစ်အိမ်ပြီးတစ်အိမ်ကိုခုန်ကူးပြီးနေရတော့တယ်။

သားသမီးတွေက မကြည်ဖြူရင်

မြေးတွေ၊မြစ်တွေရဲ့အိမ်တွေတစ်အိမ်ပြီးတစ်အိမ်ခုန်ကူးနေရတော့တယ်။

ခုန်ရဖန်များတော့ စိတ်ပျက်လက်ပျက်စောင့်ကြောက်ထိုင်လိုက်တဲ့အခါ

မျောက်အိုကြီးတွေနဲ့တူသထက်တူလာပါတော့တယ်။

လူ့ဘဝဟာ ဒီလိုနဲ့ပဲ နွားပြီးတော့ခွေး၊

ခွေးပြီးတော့မျောက်ဘဝတွေမှာ ကျင်လည်ရင်း

လူသားတွေရဲ့ကောင်းကျိုးလည်း မလုပ်နိုင်၊

လောကရဲ့ကောင်းကျိုးလည်း မလုပ်နိုင်ဘဲနဲ့

မိန်းမရဲ့ကောင်းကျိုး၊သားသမီးတွေရဲ့ကောင်းကျိုးတွေကြားမှာ

လည်ပတ်ရင်းနဲ့သေဆုံးသွားပါတော့တယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com