လောင်းဖဲလိုး
(၁၈၀၇-၁၈၈၂)=၇၅ နှစ်
လောင်းဖဲလိုးဟာ အမေရိကန်လူမျိုး ထင်ရှားတဲ့စာဆိုကြီး တစ်ဦးဖြစ်တယ်။ 
ကလေးတို့ရဲ့ အချစ်တော်စာဆိုကြီးလို့ဆိုနိုင်တယ်။ 
လောင်းဖဲလိုး
သူ့ဖခင်ကရှေ့နေဖြစ်ပြီး မိခင်ကတော့ တေးဂီတကဗျာစာဆိုမှုကို ဝါသနာပါသူဖြစ်တယ်။ 
သူဟာ (၁၈)နှစ်အရွယ်မှာ ဗိုဒင်ကောလိပ်ကဘွဲ့ရပြီး 
ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီနိုင်ငံတွေသွားရင်း 
သူတို့ရဲ့ဘာသာစကား စာပေနဲ့သမိုင်းတွေကို လေ့လာဆည်းပူးခဲ့တယ်။
နောက်တော့ ဗိုဒင်ကောလိပ်မှာ ပါမောက္ခဝင်လုပ်ခဲ့တယ်။ အသက်(၂၂)မှာ
ပါမောက္ခဖြစ်ခဲ့တဲ့ လောင်းဖဲလိုး
အမေရိကတိုက်ရဲ့အတော်ဆုံးပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်။
 တစ်ခါသူဟာ အင်္ဂလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး
ဆက်လက်ပညာဆည်းပူးပြန်တယ်။ 
အဲဒီနောက် ၁၈၃၆ မှာ ဟားဘတ်ဒ်တက္ကသိုလ်မှာ ပါမောက္ခဖြစ်လာခဲ့တယ်။ 
သူဟာ ၁၈၅၄ခုနှစ်အထိ (၁၇)နှစ်တာ အမှုထမ်းခဲ့ချိန်မှာ ဂုဏ်ထူးဆောင်ဘွဲ့ များစွာရခဲ့သူဖြစ်တယ်။ 
လောင်းဖဲလိုး
 သူဟာ သမီးသုံးယောက်နဲ့ ဥရောပတစ်ခွင်သွားရောက်လည်ပတ်ရာမှာ 
ရောက်လေရာ အရပ်တိုင်းသူ့ကို ဂုဏ်ပြုခဲ့တယ်။ 
သူ့ဘဝတစ်လျှောက်မှာ သူဟာ ကဗျာအမျိုးမျိုးရေးစပ်သီကုံးခဲ့ပြီး 
စာပေနဲ့သာ မွေ့ပျော်ခဲ့သူဖြစ်တယ်။ 
သူရဲ့ “ညချမ်းအတွက် ဓမ္မသီချင်း”
“တောရွာမှ ပန်းပဲဆရာ”
“ဟိုင်ယာဝါသာ”
“အီဗင်ဂျလင်း”
ကဗျာတွေဟာ ကမ္ဘာကျော်ခဲ့တယ်။ 
အမေရိကန်ပြည်ထောင်စုရှိ တိုင်းရင်းသားလူနီတို့ရဲ့ သမိုင်းပုံပြင်များကို 
မူတည်ရေးသားထားတဲ့ “ဟိုင်ယာဝါသာ”ဟာ ကလေးတို့ အသည်းစွဲပုံပြင်ကဗျာဖြစ်ခဲ့တယ်။
သူဟာ ၁၈၅၄ ဟားဘတ်ဒ်တက္ကသိုလ်က ထွက်ပြီးနောက် ကဗျာတွေသာမက
ကျောင်းသုံးစာအုပ်တွေကိုလည်း ပြုစုခဲ့တယ်။
အီတလီကဗျာစာဆိုကြီး “ဒန်တီ”ရဲ့ “ဒီဗိုင်းကော်မဒီ”ကိုလည်း  ဘာသာပြန်ဆိုခဲ့တယ်။
လောင်းဖဲလိုးဟာ လူငယ်များ ကဗျာလင်္ကာကို နှစ်သက်လာစေပြီး
အရသာခံစားနိုင်အောင် နှိုးဆွနိုင်တဲ့ စာဆိုကြီးပါပဲ။
သူဟာ တပည့်များကို  စာပေလိုက်စားချင်လာအောင် ဆွဲဆောင်ခဲ့သလို
နိုင်ငံတကာ လှည့်လည်ရင်း ကမ္ဘာ့စာပေကို အမေရိကန်ပြည်ထောင်စုမှာ ဖြန့်ဖြူးခဲ့သူဖြစ်တယ်။
သူ့ကဗျာမှာပါရှိတဲ့ ရှေးဟောင်းသမိုင်းပုံပြင်တွေဟာ
လူငယ်တွေအတွက် ရှင်းလင်းပြေပြစ်နှစ်သက်စေတဲ့အပြင်
ကဗျာသင်ခါစ ကလေးငယ်တွေအတွက် အထူးသင့်လျော်တယ်။
ဂီတသံနှော၊ အာဝဇ္ဇန်းရွှင်လှတဲ့ သူ့ကဗျာတွေကို အထက်တန်းမကျဘူးလို့
ဝေဖန်သူတွေကြားကပဲ သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။

 
 

No comments:
Post a Comment