Friday, May 14, 2010

“ လူ့တန်ဖိုး-၆...(ဂျိမ်းဝပ်) ”



ဂျိမ်းဝပ်

(၁၇၃၆-၁၈၁၉)=၈၃နှစ်

ရေနွေးငွေ့စက်တွေကို အသေအချာလေ့လာ စမ်းသပ်ပြီး

ခေတ်မီအောင် တီထွင်ခဲ့တဲ့ ကမ္ဘာကျော်ပညာရှင်ကြီးတစ်ဦးဖြစ်တယ်။

ဒါကြောင့် စက်မှုပညာရပ်ကိုလေ့လာလိုက်စားသူမှန်သမျှ

ဂျိမ်းဝပ် ကို ကျေးဇူးတင်ကြရတယ်။

သူ့ရဲ့အတ္တုပ္ပတ္တိဟာ စိတ်ဝင်စားစရာကောင်းလှသလို သူရဲ့စွမ်းဆောင်ချက်တွေဟာလည်း

လူအများစံနမူနာထားလောက်အောင် ပြောင်မြောက်လှပါတယ်။

ဂျိမ်းဝပ်ကို စကော့တလန်ပြည် ဂရင်းနော့မြို့မှာ ၁၇၃၆ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ မွေးဖွားခဲ့တယ်။

ဖခင်ဟာ ကုန်သည်ဖြစ်ပေမယ့် အရောင်းအဝယ်မကောင်းတာကြောင့် စီးပွားရေးကျပ်တည်းခဲ့တယ်။

ဝပ်ကိုယ်တိုင်လည်း အတော်ချုချာခဲ့တာကြောင့် ပိုးမွေးသလို မွေးခဲ့ရတယ်။

ဂျိမ်းဝပ် ၁၉နှစ်သားမှာ ဖခင်စီးပွားပျက်ခဲ့တယ်။ ဂျိမ်းဝပ်

ဟာကူးသန်းရောင်းဝယ်ရေးကို လုံးဝနားမလည်ခဲ့ပါ။

သူက လက်သမားကိရိယာကိုသာ ကိုင်တွယ်တတ်သူဖြစ်တယ်။

ဒါနဲ့ သိပ္ပံဆိုင်ရာကိရိယာများ လုပ်ကိုင်သူဆီမှာ ပညာသင်ခဲ့တယ်။

ရှိရင်းစွဲဝါသနာနဲ့ ကိုက်ညီတာကြောင့် ထူးချွန်စွာ တတ်မြောက်ရာက

စကော့တလန်ပြည် ဂလပ်စကို တက္ကသိုလ်မှာ သင်္ချာဖက်ဆိုင်ရာ

ကိရိယာများပြုလုပ်သူအဖြစ် ခန့်အပ်ခံရတယ်။

သူဟာ အဲဒီအချိန်က ပေါ်စပြုနေပြီဖြစ်တဲ့ ရေနွေးငွေ့စက်ရဲ့ချို့ယွင်းချက်တွေကို လေ့လာပြီး

အင်အားကောင်းတဲ့ ဒီနေ့ခေတ်သုံး ရေနွေးငွေ့စက်မျိုးကို ဖြစ်မြောက်အောင်ကြံစည်တီထွင်နိုင်ခဲ့တယ်။

တီထွင်သူပညာရှင်အချို့ဟာ မတည်ရင်းနှီးငွေမရှိ၊ ကူညီအားပေးသူမရှိတာကြောင့်

ထူးချွန်အောင်မြင်သင့်သလောက်မဖြစ်ခဲ့ဘဲ နောက်ဆုံးဆင်းရဲနွမ်းပါးပြီး

လောကထဲက ပျောက်ကွယ်သွားတတ်ကြပါတယ်။

ဂျိမ်းဝပ် အဖို့မှာတော့ အမြင်ကျယ်တဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ထောက်ပံ့မှုကြောင့်

သူရဲ့ရေနွေးငွေ့စက်ကို ကောင်းသည်ထက်ကောင်းအောင်ပြုလုပ်နိုင်ခဲ့တယ်။

ဂျိမ်းဝပ်ရဲ့တီထွင်မှုဟာ ဒီနေ့ကမ္ဘာအတွက် အထူးအသုံးဝင်တဲ့ကျေးဇူးတရားကို ဖော်ဆောင်နိုင်ခဲ့တယ်။

ဒါကြောင့်သူကွယ်လွန်အနိစ္စရောက်ခဲ့တဲ့အခါ သူ့ကို ဂုဏ်ပြုသောအားဖြင့်

လျှပ်စစ်ဓါတ်အားရဲ့ စံတင်ဧကမူတစ်ခုကိုဝပ်လို့အမည်ပေးထားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လျှပ်စစ်ရှိနေသရွေ့ဝပ်ဆိုတာရှိနေမှာပါ။

ဝပ်ရှိနေသရွေ့ ဂျိမ်းဝပ် ကို ကမ္ဘာသူ/သားတွေက အမှတ်ရနေပါလိမ့်မယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com