Sunday, May 20, 2012

"ရှယ် ကို ကြိုက်တဲ့ အကျိုး..."



တစ်ခါတုန်းက
ကျနော်ဟာ တာချီလိတ်မြို့၊တာလော့ဈေးအနီးက ဗယ်လင်တိုင်းကဖီးဆိုင်ထဲကို ဝင်လိုက်တာနဲ့
ကျနော်ကို ကိုအေးဆွေက လှမ်းခေါ်သံကို ကြားလိုက်ပါတယ်။
ကျနော်လည်း ကိုအေးဆွေထိုင်နေတဲ့စားပွဲကို လျှောက်လာခဲ့ပါတယ်။
နေရာပေးတာနဲ့ ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး
ကော်ဖီတစ်ခွက်ကို လှမ်းမှာလိုက်ပါတယ်။
ကိုအေးဆွေကို ကြည့်လိုက်တော့
“ညာဖက်လက်မှာ ကျောက်ပတ်တီးနဲ့ပါလား”
“ကိုအေးဆွေ ဘယ်လိုဖြစ်တာလဲ” လို့မေးလိုက်မိပါတယ်။
ကိုအေးဆွေက ရီရီမောမော ဇာတ်လမ်းကိုပြောပြပါတယ်။
ကိုအေးဆွေရဲ့ မိသားစုက ရန်ကုန်မြို့၊တောင်ဒဂုံမှာ ရှိကြပါတယ်။
သူကတော့ တာချီလိတ်မြို့မှာ အရောင်းအဝယ်လုပ်ရင်းနေထိုင်နေသူဖြစ်တယ်။
“ကျနော် ရန်ကုန်ကို ဒီတစ်ခေါက်ပြန်တော့ ဖြစ်ခဲ့တာပါပဲဆရာ၊
ဖြစ်ပုံက ဒီလို၊
တစ်နေ့ တောင်ဒဂုံကနေ မိတ်ဆွေတစ်ဦးအိမ်ကို ဖိတ်လို့သွားတယ်။
ဆိုက်ကား စီးမလို့ ဆိုက်ကားဆရာကိုခေါ်တော့
“ဆရာ၊ ရိုးရိုးစီးမလား၊ ရှယ်စီးမလား” လို့မေးတယ်။
ကျနော်လည်း ထူးဆန်းသွားတာပေါ့။
“ပြောစမ်းပါဦး၊ ရိုးရိုးနဲ့ ရှယ်က ဘာကွာခြားသလဲ” လို့မေးလိုက်တယ်။
ဆိုက်ကားဆရာလေးက
“ရိုးရိုးကတော့ တောင်တက်တွေ ရှိရင်လမ်းလျှောက်ရမယ်။
လိုအပ်ရင် ဆင်းတွန်းရမယ်။
ရှယ်ဆိုရင်တော့ ဆရာ၊ဆင်းစရာမလိုဘူး။
ရိုးရိုးဆိုရင် ထီးမမိုးပေးဘူး။
ရှယ်ဆိုရင်တော့ ထီးမိုးပေးမယ်။
ဆရာသွားမယ့်ခရီးက ရိုးရိုးဆိုရင် သုံးရာကျပ် ကျမယ်။
ရှယ်ဆိုရင် ငါးရာကျပ် ကျမယ်”
သူပြောတာကို စိတ်ဝင်စားသွားတဲ့အတွက် ကျနော်ဟာ
ရှယ်ကို ရွေးချယ်လိုက်ပါတယ်။
စထွက်တော့ လမ်းကညီညာနေတော့ အစဉ်ပြေနေတာပေါ့။
နေပူပူမှာ ထီးကို ကိုယ်ကိုယ်တိုင် ကိုင်ဆောင်းစရာမလိုပဲ ထီးမိုးပေးသူနဲ့ဆိုတော့
“တယ်ဟုတ်ပါလား” လို့တောင် တွေးဖြစ်သေးတယ်။
တောင်ကုန်းတစ်ခုရောက်တော့ ဆိုက်ကားဆရာလေးရဲ့လက်တစ်ဖက်က ထီးကိုကိုင်ထားတယ်။
တောင်ကုန်းကလည်း နည်းနည်းလေး မတ်လာတော့ သူမနိုင်မနင်းဖြစ်လာတယ်။
ဒီလမ်းကို သူနှစ်ပေါင်းများစွာ နင်းလာကြောင်းလည်းပြောတော့
ကျနော်လည်း စိတ်ချလက်ချ စီးလာတာပေါ့။
အဲဒီအချိန်မှာပဲ ရိမ်းကြားဘတ်စ်ကားနှစ်စီးက အပြိုင်အဆိုင် လမ်းလုမောင်းလာတယ်။
ဒီတော့ ဆိုက်ကားဆရာလေးလည်း အခြေအနေ မဟန်မှန်းသိတော့ လမ်းဘေးထိုးချလိုက်တယ်။
ဆိုက်ကားဆရာလေးရော၊ ကျနော်ရော
ချောက်ထဲ ထိုးကျသွားတာပေါ့။
အောက်မှာ ရေစပ်စပ်ရှိတဲ့ ဗွက်အိုင်ရှိနေလို့တော်သွားတာ။
နို့မဟုတ်ရင် ဒီထက်ပိုဆိုးသွားနိုင်တယ်။
ဒါပေမယ့် နှစ်ယောက်စလုံးတော့ ရွံ့အလိမ်းလိမ်းနဲ့ပေါ့။
မိတ်ဆွေဆီလည်း ဆက်မသွားဖြစ်တော့ပါဘူး။
အိမ်ကိုပြန်လာခဲ့တယ်။
လက်က နာနေတာနဲ့ ဆေးခန်းကို သွားပြတော့ အရိုးအက်တယ်လို့ပြောတယ်။
ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးကျိုးနေတာကို သိရတာနဲ့
ကျောက်ပတ်တီး စည်းဖြစ်သွားတာပဲဆရာ၊
အဲဒါ ရှယ်ကို ကြိုက်တဲ့ အကျိုးပေါ့ဆရာရယ်” တဲ့။

Saturday, May 19, 2012

"ဘယ်အရာဖြစ်ဖြစ် မေ့နေရင် မရှိသလိုပဲ..."




စိတ်ချမ်းသာအောင် လုပ်နည်း အကျဉ်းချုပ်မှ အဆက်…

၃။         စိတ်ချမ်းသာတဲ့သူဟာ အဓိပ္ပာယ်ရှိတဲ့ ဘာသာရေး ယုံကြည်မှုရှိတယ်။
ဘာသာရေးကြောင့် စိတ်ဆင်းရဲရတာ တော်တော်များတယ်။
ဘုန်းကြီး ငယ်ငယ်တုန်းက ကြောက်အောင် ချောက်လှန့်တဲ့ဘာသာရေးကို သိပ်မုန်းတယ်။
ငရဲအကြောင်းတွေကို မကြားချင်ဘူး။ ယုံလည်း မယုံကြည်ဘူး။
ကြောက်နေမှ လူကောင်းသူကောင်း ဖြစ်မယ်လို့ မယုံကြည်ဘူး။
စိတ်ချမ်းသာစေမယ့် သဘာဝကျတဲ့ ဘာသာရေးကိုပဲ လိုချင်တယ်။
ဒါကြောင့် စိတ်ဆင်းရဲစရာကို မယုံဘူး။
စိတ်ချမ်းသာစရာကိုပဲ ယုံတယ်။

++++++++++++++++++++++++++++++++++++

၎။         စန္ဒယားတီးတာကို လေ့ကျင့်သလို၊
လေးပစ်တာကို လေ့ကျင့်သလို၊
စာရေးတာကို လေ့ကျင့်သလို၊
စိတ်ချမ်းသာအောင် နေတာကို လေ့ကျင့်ဖို့ လိုတယ်။
အစမှာ သူ့ကို အချိန်ပေးပြီး သေသေချာချာ လေ့ကျင့်ပါ။
စိတ်ထဲမှာ ပြုံးနေသလို လုပ်ကြည့်ပါ။
မျက်နှာလည်း မသိမသာ ပြုံးသလို ဖြစ်လာမယ်။
မသိမသာ ပြုံးတာကောင်းတယ်။ ပြုံးရင် ပျော်တယ် တဲ့။
ပျော်ချင်ရင် ပြုံးပါ။
မကြာမကြာ ပြုံးပါ။
ပျော်စရာတစ်ခုခုကို တွေးကြည့်ပါ။
နည်းနည်း ပျော်လာတယ်။
ပျော်လာတာကို ပြန်သိပါ။ ပျော်တာကို သိတာလည်း တရားအားထုတ်တာပါပဲ။

++++++++++++++++++++++++++++++++++++


၅။         စိတ်ချမ်းသာမှုအကြောင်းကို ပြောပါ။
ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကိစ္စကို မပြောဖြစ်ကြဘူး။
အရေးမကြီးတဲ့ ရုပ်ရှင်အကြောင်း၊ ဘောလုံးပွဲအကြောင်း၊ ငွေရေးကြေးရေးအကြောင်း၊
နောက်ဆုံးပေါ် ရုပ်ဝတ္ထုအကြောင်းတွေတော့ ပြောဖြစ်ကြတယ်။
ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကိစ္စ ဖြစ်တဲ့ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေတွေနဲ့ စိတ်ချမ်းသာမှုအကြောင်းကို
ပြောတာ သိပ်အကျိုးများပါတယ်။
စိတ်ချမ်းသာမှုအကြောင်းပြောတော့ စိတ်ချမ်းသာမှုအကြောင်း ပိုသိလာတယ်။
ဘယ်လိုစိတ်ထား ထားရင် စိတ်ချမ်းသာမယ်။
ဘယ်လိုမြင်ရင် စိတ်ချမ်းသာမယ်။
ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်ဆိုတာ ဆွေးနွေးသင့်တယ်။
မကြာမကြာ ပြောနေရင် မမေ့တော့ဘူး။
ဘယ်အရာဖြစ်ဖြစ် မေ့နေရင် မရှိသလိုပဲ။ သတိရမှ ရှိတယ်။
စိတ်ချမ်းသာမှု အကြောင်းပြောတဲ့အခါ စိတ်ချမ်းသာစရာ ဖြစ်အောင်ပြောပါ။
ပျော်ပျော်ရွှင်ရွှင်  အမူအရာ၊ အသံနဲ့ပြောပါ။               
ဒါကြောင့် ဘယ်လိုလုပ်ရင်ပျော်မယ်။ စိတ်ချမ်းသာမယ်ဆိုတာကို ဦးစားပေးပြီး ပြောသင့်တယ်။
စိတ်ကို ပျော်တဲ့ဖက်ကို သွားအောင် လမ်းတည့်ပေးသလို ဖြစ်ရမယ်။

++++++++++++++++++++++++++++++++++++

၆။                                    အတွေးကို သတိထားပါ။
ဘာမှ မတွေးပဲ ကြာကြာနေနိုင်ရင် ကောင်းတယ်။
တွေးတဲ့အခါမှာ ကိုယ်တတ်နိုင်တာ လုပ်နိုင်တာကို တွေးပါ။
စိတ်ချမ်းသာစရာကို တွေးပါ။ မတတ်နိုင်တာကို တွေးရင် စိတ်ဆင်းရဲမယ်။
ဘာမှမတွေးပဲနဲ့ ကိုယ်ခန္ဓာကိုယ်မှာ ဖြစ်နေတာ တစ်ခုခုကို သိပြီး တည်ငြိမ်အေးချမ်းတဲ့စိတ်နဲ့နေပါ။
လေ့ကျင့်ရင် ရပါတယ်။
အထူးသဖြင့် နေသာတဲ့သဘောကို အာရုံပြုရင် စိတ်ချမ်းသာမယ်။
ကိုယ့်ခန္ဓာကိုယ်မှာ နေသာတဲ့ခံစားမှုရှိတဲ့နေရာကို အာရုံပြုပါ။
မှန်မှန် အသက်ရှုပါ။အသက်ရှုတာကို သိနေပါ။
အသက်ရှုလို့ ကောင်းတာကို သိနေပါ။
အတွေးမပါပဲ တိုက်ရိုက်သိနေပါ။
အတွေး မရှိတော့တဲ့အခါ စိတ်အေးချမ်းပါတယ်။
စိတ်အေးချမ်းတာကို သိပါ။
စိတ်အေးချမ်းတာကို သိရင် စိတ်အေးချမ်းတယ်။
စိတ်အေးချမ်းသာယာတဲ့နေရာကို အလည်သွားပါ။
တစ်ခါတစ်လေ အလုပ်အကြောင်း၊ အိမ်အကြောင်းတွေကို မေ့ထားတာ ကောင်းတယ်။
စိတ်ချမ်းသာတယ်လို့ ယုံကြည်တဲ့သူက ပိုပြီး စိတ်ချမ်းသာတယ်။
မယုံတဲ့သူက စိတ်ချမ်းသာတာ နည်းတယ်။
တချို့လူတွေဟာ စိတ်ဆင်းရဲစရာတွေကို မေ့လွယ်တယ်။
စိတ်ချမ်းသာစရာတွေကို မမေ့ဘူး။
အဲဒီလိုလူက စိတ်ပိုချမ်းသာတယ်။
ကိုယ့်ဘဝမှာ ကောင်းတာတွေ ဖြစ်ခဲ့တာ၊ ကောင်းတာတွေ ဖြစ်နေတာကို မမေ့တဲ့သူဟာ
ကိုယ့်ဘဝကို ပိုပြီးကျေနပ်တယ်။ ဒါကြောင့် စိတ်ပိုချမ်းသာတယ်။ စိတ်ဆင်းရဲစရာတွေကို
မေ့သွားတာ ကောင်းပါတယ်။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော် ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-(၂၃)…



Friday, May 18, 2012

"တကယ်လို့..."




တစ်ခါတုန်းက ကိုသာအေးဆိုတဲ့ လူတစ်ယောက်ဟာ
 တောကနေ မြို့တက်လာပြီး နွားနို့ရောင်းပါတယ်။
ရွှေတိဂုံဘုရား အနားရောက်တော့ နွားနို့အိုးကို ချပြီး 
ဘုရားကို အဝေးကနေ ထိုင်ကတော့ပါတယ်။
“အရှင်ဘုရား၊ တပည့်တော်ဟာ တောကနေ မြို့တက်ပြီး နို့ရောင်းရပါတယ်၊
နွားနို့ကို အရှင်ဘုရားကို ကပ်လှူချင်ပါတယ်။
ဒါပေမယ့် တပည့်တော်တို့မိသားစုက ဆင်းရဲလှပါတယ်အရှင်ဘုရား။
ဒါကြောင့် နွားနို့ကို တစ်နေ့ရောင်းမှ တစ်နေ့စားရပါတယ်အရှင်ဘုရား။
မိသားစု ဝမ်းရေးဖြစ်တဲ့နွားနို့ကို မကပ်လှူနိုင်တာကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ဘုရားကိုတိုင်တည်ပြီး
ဆုအမျိုးမျိုးတောင်းပြီး ထလိုက်ပါတယ်။
နောက် နွားနို့အိုးကို ထမ်းပါတယ်။
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ရှေ့ကိုသွားတော့ ခလုတ်တိုက်ပြီးလဲပါတယ်။
ဒီတော့ နွားနို့အိုးဟာ မှောက်ကုန်ပါတယ်။
နွားနို့တွေ မှောက်လို့ကုန်တော့မှ
ကိုသာအေး ပြန်ပြောလိုက်တာက…
“ တကယ်လို့ နွားနို့တွေ မှောက်မယ်မှန်းသိရင်
ဘုရားကို ကပ်လှူပါတယ်”တဲ့။

+++++++++++++++++++++++++++

ကျနော်တို့ဘဝမှာ ရှေ့ကို ဘာဖြစ်မှန်းမသိတာတွေက အများကြီးပါ။
ငွေတွေ ဘယ်လောက်ရရင် ဘာကောင်းကျိုးတွေလုပ်လိုက်မယ်။
ဘာကုသိုလ်တွေ လုပ်လိုက်မယ်လို့ မျှော်လင့်ထားတာတွေလည်းအများကြီးပါပဲ။
ကောင်းမှုတွေလုပ်ဖို့ အချိန်တွေ ဆွဲနေတတ်ပါတယ်။
ကုသိုလ်လုပ်ဖို့ အချိန်မဆွဲသင့်ပါဘူး။
ကုသိုလ် လုပ်ခွင့်ရရင် လုပ်လိုက်တာ အကောင်းဆုံးပါပဲ။
မသေချာတဲ့လောကကြီးမှာ အသေအချာမျှော်လင့်တာတွေအတွက်
မဖြစ်လာတော့မှ အဲဒီအတွက် ဘယ်လိုကောင်းမှုကုသိုလ်တွေ လုပ်လိုက်ရင်
အကောင်းသားလို့ မကြာခဏ  တွေး ဖြစ်တတ်ကြပါတယ်။
အဲဒီလိုမဖြစ်ရအောင် ကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်အရေးရတာနဲ့
မဆိုင်းမတွ လုပ်လိုက်ဖို့
မြင်သာထင်သာတဲ့ အဖြစ်အပျက်တစ်ခုကို တင်ပြလိုက်ပါတယ်။

Sunday, May 13, 2012

"အမေ့ထံသို့ ပေးစာများ-၄၂..."


သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
ဘာလိုလိုနဲ့ မိခင်များနေ့တောင် ပြန်ရောက်လာပြီအမေ။
အမေ့ကို ပိုပြီး လွမ်းမိပါတယ်။
ဒီနေ့ကို အမေရိကန်တွေက တန်ဖိုးထားကြပုံ ပေါ်တယ်။
မိခင်များနေ့ဆိုပြီး နေရာအနှံ့အပြားမှာ ဆိုင်းပိုဒ်တွေ တင်ကြတယ်။
လူအများအပြားဟာလည်း မိခင်များရှိရာကို သွားကြတယ်။
မိခင်များအတွက်ဆိုပြီး လက်ဆောင်တွေ ယူသွားကြတယ်။
အမေ့အိမ်မှာ ချက်ပြုတ်စားသောက်ကြတယ်။
အချို့ကလည်း စားသောက်ဆိုင်ကို မိခင်တွေခေါ်လာကြပြီး စားသောက်ကြတယ်။
ပန်းခြံတွေမှာလည်း လူတွေနဲ့ပြည့်လို့အမေရေ။
အမေများနေ့မှာ အမေ့များကို တန်ဖိုးထားတဲ့အနေနဲ့
အမှတ်တရလုပ်ကြတာတွေတော့ အများကြီးပါပဲ။
အဝေးရောက်နေတဲ့ ကျနော်တို့အဖို့လည်း အမေ့ကို ပိုသတိရစေတယ်။
အမေရိကန်မှာက လူတိုင်းလူတိုင်း အရွယ်ရောက်လာပြီးဆိုတာနဲ့
မိဘတွေနဲ့မနေကြတာ များတယ်။
သီးခြားစီ နေကြတယ်။
မိဘရဲ့အရိပ်အောက်က အများစုက ထွက်သွားကြတယ်။
ယောက်ျားရော၊ မိန်းမတွေရော ဆိုပါတော့။
အသက် ဆယ့်ရှစ်နှစ်ကျော်တာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ကြိုးစားကြတယ်။
ကိုယ့်ဘဝကို ကိုယ် ရုန်းကန်ကြတယ်။
အရွယ်ရောက် ကျောင်းသူ၊ကျောင်းသားတွေဟာ ဥပဒေအရကို အချိန်ပိုင်း အလုပ်လုပ်ခွင့်ပေးထားတယ်။
သူတို့အဖို့ အလုပ်လည်း ရှာရလွယ်ကူတယ်။
သူတို့တွေဟာ အလုပ်တွေ လုပ်ကြ၊
ရလာတဲ့ဝင်ငွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရပ်တည်ကြ၊
ကောင်းတယ်လို့ပြောရမလား
ဒါမှမဟုတ် ဆိုးတယ်လို့ပဲ ပြောရမလား။
ကောင်းတဲ့ဖက်ကပြောရင်တော့ အလုပ်တွေလုပ်တဲ့အတွက်
အတွေ့အကြုံတွေ အများကြီးရတယ်။
ရတဲ့ဝင်ငွေဟာလည်း သူတို့အတွက် ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်
လုံလောက်တော့ကိုယ့်ကိုယ်ကို ယုံကြည်မှု အများကြီး ဖြစ်ပေါ်လာတာပေါ့။
သိန်းငှက်များလိုပါပဲ။
သိန်းငှက်မတွေဟာ သူတို့သားသမီး သိန်းငှက်လေးတွေကို
အတောင်အလက်စုံလာတာနဲ့ အသိုက်ပေါ်က တွန်းချလိုက်တာပဲ။
ပျံနိုင်တယ်ထင်ရင် လွှတ်ပေးလိုက်တာပဲ။
အဲ…မပျံနိုင်ဘူးထင်ရင် အသိုက်ထဲ ပြန်ခေါ်တယ်။
မကြာခင်မှာ ပြန်စမ်းသပ်တယ်။
ကောင်းကောင်းပြန်နိုင်ပြီးဆိုရင်တော့ အခြေခံပညာတွေ သင်ပေးပြီး
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြပေတော့။
မြန်မြန်ဆန်ဆန် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လို့
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာတာတော့ ကောင်းတာပေါ့လေ။
ဒါပေမယ့် မိဘနဲ့ဝေးရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်သွားတဲ့အတွက်
မေတ္တာနဲ့ဝေးသွားတယ်။
စိတ်ဓာတ်တွေ ကြမ်းတမ်းလာတယ်။
ငယ်ရွယ်တဲ့အချိန်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းဟာ
ဘယ်မှာ မှန်နိုင်ပါ့မလဲ။
မှားသွားလို့ အတွေ့အကြုံရတာ မှန်ပေမယ့်
ဘဝဆိုတာ အမှားတွေ အားလုံးကို လုပ်နိုင်လောက်အောင် မရှည်ဘူးလေ။
ဒါကြောင့်များ အမေများနေ့၊ အဖေများနေ့ဆိုတာကို တစ်နှစ်တစ်ရက်
သတ်မှတ်ပြီး အမေများ၊ အဖေများနဲ့တွေ့ဆုံနိုင်အောင်
စီစဉ်ထားလေသလားလို့ တွေးမိတယ်။
သူတို့တွေက လူတိုင်းကိုယ်စီ ကားတွေရှိကြတော့ နိုင်ငံတွင်းမှာဆို
အမေများနဲ့ ဘယ်လောက်ဝေးဝေး
မိခင်များရဲ့ရင်ခွင်ထဲ ပြေးဝင်ခွင့်ရှိကြတယ်။
အမေရိကန်နဲ့မိုင်ပေါင်းသောင်းချီဝေးတဲ့ မြန်မာပြည်က အမေရဲ့ရင်ခွင်ဆီကို
ဒီလိုနေ့တွေမှာ ပြေးဝင်ချင်ပေမယ့် စိတ်ထင်တိုင်း ပြေးဝင်လို့မရဘူးအမေ။
ခရီးအကွာအဝေး၊ အခြေအနေအကြောင်းကြောင်းတွေကြောင့်
အမေဆီကို မလာနိုင်ဘူး။
ဒါကြောင့် အမေ့ကို လွမ်းမိပါတယ်။
အမေ့ရင်ခွင်ကို ပိုလွမ်းမိပါတယ်။
အမေ့မေတ္တာကို ပိုလို့ပိုကာ လွမ်းမိပါတယ်။
ကျနော်တို့ မစ်ချီဂန်ကိုရောက်တာ တစ်လတောင် ကျော်ပြီ။
မစ်ချီဂန်ရဲ့နွေကာလဟာ အတော်နေလို့ကောင်းပါတယ်။
သစ်ပင်တွေကလည်း စိမ်းစိုလို့။
ပန်းပင်တွေကလည်း အစွမ်းကုန်ပွင့်နေကြလေရဲ့။
အရောင်မျိုးစုံနေလေတော့ ကြည့်ရတာကိုက စိတ်ချမ်းသာစရာကောင်းလှပါတယ်။
အမေရိကန်မှာက နေရာတိုင်း၊ဒေသတိုင်းမှာ ထူးခြားတဲ့သမိုင်းကြောင်းရှိတဲ့နေရာတွေ
ရှိကြတယ်။ ဒါပေမယ့်ကျနော်တို့ မရောက်ဖြစ်သေးပါဘူး။
ကျနော်တို့အလုပ်က မောလ်ထဲမှာ လုပ်တော့ တစ်နေ့လုံး မောလ်ထဲမှာပဲ
အချိန်တွေ ကုန်နေတယ်။
မောလ်စဖွင့်တဲ့အချိန်ကနေ မောလ်ပိတ်တဲ့အချိန်ထိဆိုတော့
တစ်နေ့ ၁၂-နာရီ မောလ်ထဲမှာ ရှိနေတယ်။
လင်မယားနှစ်ယောက်က ပိတ်ရက်က တစ်ပတ်တစ်ရက်ရကြတာမှန်ပေမယ့်
ပိတ်ရက် မတူကြတော့ လည်ပတ်ဖို့က ခက်ခဲနေတယ်။
လည်ပတ်တယ်ဆိုတာ အဖော်ရှိမှ ပျော်စရာ ကောင်းတာလေ။
တစ်ယောက်ထဲဆိုတော့လည်း အနားယူ၊ အင်တာနက်ထိုင်၊
အဝတ်လျှော်၊စာဖတ်၊စာရေး နဲ့အချိန်ကုန်သွားတာပဲ။
ဒီကာလကတော့ ည၉-နာရီမှ နေဝင်တယ်။
ည ၉-နာရီကျော်တဲ့အထိ နေရောင်ခြည်ကို တွေ့နေရတုန်းပဲ။
မြန်မာပြည်မှာဆို ည၆-နာရီဝန်ကျင်ဆိုရင် နေဝင်ပြီ။
ည၇-နာရီဆိုရင် မိုးချုပ်နေပြီ။
မြန်မာပြည်နဲ့မတူဘူး။
နေဝင်ချိန်၊နေထွက်ချိန် မတူကြပေမယ့်
တစ်နေ့တာ၂၄-နာရီကတော့ တူပါတယ်။
တစ်နေ့တာ ၂၄-နာရီ ရတာချင်းအတူတူ
လူတစ်ယောက်နဲ့တစ်ယောက်၊
နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ
ဘာကြောင့်များ မတူကြတာလဲလို့
အတွေးနယ်ချဲ့မိပါတယ်။
အမေ့ကို ဘာတွေပဲ မေးမေး၊
စိတ်ကျေနပ်စရာကောင်းတဲ့အဖြေတွေ ရတတ်တာမို့
အဲဒီမတူတဲ့အချက်ကိုလည်း အမေ ဖြေပေးပါလို့
သား တောင်းဆိုချင်ပါတယ်။

အမေ့မေတ္တာကို လွမ်းတဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၁၃-၂၀၁၂



အမေများနေ့ အမှတ်တရ...
မေလ၊ ၁၃-ရက်နေ့၊၂၀၁၂။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com