Wednesday, November 23, 2011

" သတင်းစာ များများဖတ်ပါ…"



တစ်ခါတုန်းက

ပါတီဋ္ဌာနချုပ် ဝါဒဖြန့်ချိရေးဋ္ဌာနမှ

တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စက်ရုံလုပ်သားများကို ငါးနှစ်စီမံကိန်း

အကောင်အထည်ဖော်မှုအခြေအနေကို ရှင်းပြနေပါတယ်။

“ငါးနှစ်စီမံကိန်းမှာ လျာထားချက်အတိုင်းမော်လမြိုင်ကျွန်း မြို့နယ်

လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးသွားပြီ”

ပရိသတ်ထဲက ကိုတင်ဝင်းဆိုသူက ထပြောပါတယ်။

“အဲဒီမြို့က မနေ့ကပဲ ကျနော်ပြန်လာခဲ့တယ်။

ဘာဓာတ်အားပေးစက်ရုံမှ မရှိပါဘူး”

ပါတီဝန်ထမ်းက ဆက်ပြောပါတယ်။

“ဗိုလ်ကလေးမြို့မှာ ဓာတ်မြေသြဇာ စက်ရုံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်”

ကိုတင်ဝင်းကပင် ထပြောပြန်ပါတယ်။

“သိပ်မကြာခင်တုန်းက အဲဒီမြို့ကို ရောက်ခဲ့သားပဲ၊

စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး။

ပါတီဝန်ထမ်းက စိတ်တိုတိုနဲ့ပြန်ပြောလိုက်တာက…

“ဒီမှာ ရဲဘော်၊

ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား

သတင်းစာများများ ဖတ်သင့်တယ်”


( ခေတ်ဟောင်းဟာသလေးတစ်ခုပါ။

အခုထိခေတ်မီနေဆဲပါပဲ)

" အသက်ရှင်ခွင့်ရတာကိုက အခွင့်အလမ်းကောင်း..."


တစ်ခါတုန်းက
အောင်မြင်ကျော်ကြားတဲ့အမေရိကန်သမ္မတ ကလင်တန်ဟာ
စင်ကာပူနိုင်ငံကို အလည်အပတ်ခရီးသွားပါတယ်။
အချိန်ရတာနဲ့ တက္ကသိုလ်ကျောင်းတစ်ခုမှာ
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့တွေ့ဆုံပါတယ်။
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့တွေ့တော့
သူတို့သိချင်တဲ့မေးခွန်းတွေမေးပါတယ်။
" ဒီလိုအောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့ပါသလဲ"
" အောင်မြင်မှုကို ဘယ်လိုနားလည်ပါသလဲ"
" အခွင့်အလမ်းကောင်းဆိုတာ ဘာလဲ"
" စွမ်းဆောင်ရည် မြင့်မားအောင် ဘယ်လိုလုပ်ခဲ့ပါသလဲ"
" ဘယ်လိုနေမှ အောင်မြင်တယ်လို့ခေါ်နိုင်သလဲ"
"ဘယ်လိုအောင်မြင်မှုက အကောင်းဆုံးလဲ"
စတဲ့မေးခွန်းတွေ အများကြီးတက်လာပါတယ်။
ဒီတော့ သမ္မတ ကလင်တန်က
" မေးခွန်းတွေ မဖြေခင် ဖြစ်ရပ်မှန်တစ်ခုကို အရင်ပြောပြချင်ပါတယ်။
ရဝမ်ဒါနိုင်ငံမှာ တစ်နိုင်ငံသားအချင်းချင်း လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။
နောက်ဆုံးစာရင်းအရဆိုရင် လူပေါင်း ဆယ်သိန်းနီးပါး အသတ်ခံရတယ်လို့သိရပါတယ်။
လူအချင်းချင်းသတ်ပွဲဖြစ်တယ်။
တစ်နိုင်ငံလုံးသွေးချောင်းစီးသွားခဲ့တယ်။
အသက်ကြီးတဲ့ယောကျာ်းတွေ၊မိန်းမတွေအသတ်ခံရတယ်။
အသက်ငယ်တဲ့ယောက်ျားတွေ၊မိန်းမတွေ အသတ်ခံရတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေ အသတ်ခံရတယ်။
ကိုယ်ဝန်ဆောင်မိန်းမတွေ အသတ်ခံရတယ်။
အများစုဟာ ဒါးနဲ့ခုတ်သတ်ကြတာပါ။
အသတ်ခံရသူတွေမှာ ဘာအပြစ်ရှိသလဲဆိုရင်
ဘာအပြစ်မှ မရှိဘူး။
လူမျိုးမတူတာနဲ့ကို သတ်နေကြတာ။
မသေဘဲ အသက်ရှင်ကျန်ခဲ့သူတွေကိုတွေ့ဖို့ကျနော်
ရဝမ်ဒါနိုင်ငံကို သွားခဲ့ပါတယ်။
ကျနော့်ကိုလာတွေ့သူတွေဟာ
အချို့က ချိုင့်ထောက်တွေနဲ့လာတွေ့တယ်။
အချို့က ဝှီးချဲကုလားထိုင်နဲ့လာတွေ့တယ်။
အဲဒီအထဲမှာ အမျိုးသမီးတစ်ယောက်ဟာ လမ်းလျှောက်ပြီးလာတာကိုတွေ့တော့
ကျနော်က
" အော်...ဘာဒဏ်ရာမှ မရတဲ့အမျိုးသမီးထင်တယ်။
ကံကောင်းလိုက်တာ"လို့တွေးနေမိတယ်။
ကျနော်တွေးနေတာကို အမျိုးသမီးက ရိပ်မိပုံရတယ်။
ကျနော့်အနားကိုရောက်တော့
အဲဒီအမျိုးသမီးက အင်္ကျီရှည်ကိုလှန်ပြတယ်။
သေလောက်တဲ့ဒဏ်ရာကြီးတွေနဲ့ပါလား။
အဲဒီအမျိုးသမီးကပြောတယ်။
" အဲဒီအချိန်တုန်းက ၂၄-နာရီအတွင်းမှာ အိပ်ကောင်းခြင်းမအိပ်ရဘူး။
စားကောင်းခြင်းမစားရဘူး။
ထိုင်ကောင်းခြင်းမထိုင်ရဘူး။
စကားတွေ တောင်ပြောခွင့်မရပါဘူး။
ဈေးဝယ်ခွင့်လည်းမရခဲ့ပါဘူး။
အသတ်မခံရအောင် ရှောင်တိမ်းနေကြရတယ်။ပုန်းအောင်းနေခဲ့ရတယ်။
တစ်ချိန်လုံးကြောက်ရွံ့နေခဲ့ကြတယ်။
ဒါနဲ့တောင်မှ သူတို့တွေရောက်လာကြပြီး
ဒါးနဲ့ခုတ်တယ်၊ တုတ်နဲ့ရိုက်တယ်။
သေနတ်တွေနဲ့ပစ်တယ်။
ကျမကို သေပြီဆိုပြီးအဲဒီအတိုင်းထားခဲ့တာခံရပါတယ်။"

တကယ့်ကိုကြေကွဲစရာကောင်းလှပါတယ်။
ကျနော်နိဂုံးချုပ်စကားပြောချင်တာက
အောင်မြင်မှုကဘာလဲ၊
ဘယ်လိုနေမှ အောင်မြင်တယ်ဆိုတာကို ထားလိုက်ပါဦး၊
ဘဝမှာ အသက်ရှင်နေရခြင်းဟာပဲ
အခွင့်အလမ်းကောင်းလို့မှတ်ယူလိုက်ပါ..."

++++++++++++++++++

သင်ခန်းစာယူနိုင်ဖို့အတွက်
ရဝမ်ဒါ မျိုးတုံးလူသတ်မှုရဲ့
ပုံရိပ်အချို့ကို တင်ပြလိုက်ပါတယ်။












Tuesday, November 22, 2011

" အနှောက်အယှက်ဖြစ်မှာစိုးတယ်…"


တစ်ခါတုန်းက ကာရိုးလိုင်းနား( မြောက်ပိုင်း)တွင်

အမေရိကန်လူမည်းတစ်ယောက် စစ်တပ်ထဲဝင်လာတယ်။

စစ်သားစုဆောင်းရေးဋ္ဌာနက အရာရှိက သူ့ကိုမေးတယ်။

“ မြင်းတပ်မှာ အမှုထမ်းမလား ”

“ဖြစ်နိုင်ရင် မရိမ်းတပ်မှာပဲ အမှုထမ်းပါရစေခင်ဗျာ”

အရာရှိကပြန်မေးပါတယ်။

“ဘာဖြစ်လို့လဲ၊

မြင်းတပ်က တပ်တွေထဲမှာ ဂုဏ်သိက္ခာအရှိဆုံးပဲဆိုတာ

သိတယ်မဟုတ်လား”

တပ်သားသစ် လူမည်း ပြန်ပြောလိုက်တာက...

“ သိပါတယ်ခင်ဗျာ၊

ဒါပေမယ့်

"တပ်ဖွဲ့နောက်ပြန်ဆုတ်" လို့

တပ်မှူးက အမိန့်ပေးတဲ့အခါ

မြင်းဟာ ကျနော့်အတွက် အနှောက်အယှက်ဖြစ်မှာမို့လို့ပါ”


" အမြင့်မြတ်ဆုံး အောင်ပွဲ..."


အကုသိုလ် မကင်းလို့
မဂ်ဖိုလ်နဲ့မတန်ဘူးဆိုရင်
ဘုရားဖြစ်မဲ့ ပုဂ္ဂိုလ်ကော
ပေါ်နိုင်ပါ့မလား

++++++++++++++++++

ဘယ်သူမဆို နုရာက ရင့်လာတာပါ။
ဒါဟာ သတ္တဝါတိုင်း
လျှောက်လှမ်းရမယ့်လမ်းရိုးလမ်းမှန်ပဲ။

++++++++++++++++++

အပြစ်ရှိသူဟာ အပြစ်ကို အပြစ်လို့ရူမြင်ပြီး
ကောင်းမှုနဲ့ အစားထိုးကုစားမယ်။
နောင်မကျူးလွန်တော့ပါဘူးလို့လဲ
ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင်
တိုးတက်ဖို့သာ ရှိတယ်။

++++++++++++++++++

သင်္ချိုင်းကုန်းဟိုဘက်အထိပါမယ့် ပစ္စည်းမဟုတ်ရင်
အလကားချည်းပဲ။

++++++++++++++++++

ဖြူစင်တဲ့ ဖန်ပုလင်းလွတ်တစ်ခုထဲကို
အဆိပ်ထည့်လိုက်ရင် အဆိပ်ပုလင်းဖြစ်သွားတယ်။
အဲဒီပုလင်းလွတ်ထဲကို
နို့ထည့်လိုက်တော့ နို့ပုလင်းဖြစ်သွားတယ်။

++++++++++++++++++

ဘယ်လောက်ပဲ ကောက်နေတဲ့သစ်သားဖြစ်ပါစေ၊
ကျွမ်းကျင်တဲ့ပန်းပုဆရာနဲ့တွေ့ရင်
လက်ရာမြောက်တဲ့ပန်းပုရုပ်တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။
ထင်းခွေသမားနဲ့တွေ့ရင်တော့လဲ
ပြာကျပြီး နိဂုံးချုပ်ရမှာပေါ့၊

++++++++++++++++++

ဆရာသမားကောင်း ( ကလျာဏမိတ္တ )ဆိုတာ
သူတော်ကောင်းတရားတိုးပွားရေးအတွက်
ရာခိုင်နှုန်းပြည့် အစွမ်းရှိတယ်လို့
မြတ်စွာဘုရားက ဟောကြားထားတာပဲ၊

++++++++++++++++++

ကိလေသာနဲ့ဘုန်းကံဆိုတာ
ချိန်ခွင်တစ်ဖက်စီမှာ ထည့်ထားတဲ့အလေးတွေ လိုပါပဲ။
ကိလေသာဖက်က လျော့လာသလောက်
ဘုန်းကံဖက်က ကံတက်လာတာမျိုးပါ။

( မင်းကွန်းဆရာတော် )

++++++++++++++++++

မောဟ ကိလေသာလျော့ရင် ထကြွလုံလ ရှိလာမယ်။
ဒေါသကိလေသာလျော့ရင် မေတ္တာ၊ ဂရုဏာတိုးပွားလာမယ်။
လောဘကိလေသာလျော့ရင်
ကိုယ့်အကျိုး၊ ကိုယ်သာကြည့်တတ်တဲ့ စိတ်ထားတွေနည်းပါးသွားလို့
သူတစ်ပါးကြီးပွားတိုးတက်တာကို ဝမ်းမြောက်တတ်တဲ့မုဒိတာနဲ့
သူတစ်ပါးအပြစ်နဲ့ ကိုယ့်အကျိုးတို့ကို လျစ်လျူရှုတတ်တဲ့ဥပေက္ခာများလဲ
တိုးပွားလာနိုင်တာဖြစ်တယ်။

++++++++++++++++++

သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ
တစ်ချိန်ချိန်မှာ
တူတဲ့အကျိုးပြန်ပေးတတ်တာ ဓမ္မတာပဲ။

++++++++++++++++++

လောကမှာ အတွေ့ရများတဲ့ဒုက္ခသည် နှစ်မျိုးရှိတယ်။
၁။ ။တွေ့ကြုံရတာတွေကို မကျေမနပ်ဖြစ်ပြီး ဒေါသဖြစ်နေတဲ့ဒုက္ခသည်၊
၂။ ။တွေ့ကြုံသမျှကို အကျေနပ်ကြီးကျေနပ်ပြီး ကိုယ့်ကိုယ်ကိုအဟုတ်ထက် မာနတက်နေတဲ့ဒုက္ခသည်ရယ်လို့ဖြစ်တယ်။

++++++++++++++++++

လောကထဲရောက်လာရင် လောကဓံနဲ့ဖက်ပြီး ရန်မတွေ့ဘူး၊
ရန်တွေ့နေရင် ကိုယ်ကအမြဲရှုံးတယ်။
လောကဓံဆိုတာ ကိုယ်ဖြစ်ချင်သလို လိုက်ဖြစ်ပေးတာမှ မဟုတ်ဘဲ၊
သူဖြစ်ချင်သလို ဖြစ်နေတာ။
ကျေနပ်စရာပဲတွေ့တွေ့၊
မကျေနပ်စရာပဲတွေ့တွေ့၊
ကိုယ်ကနေတတ်အောင် ကြည့်နေရတယ်။
မကျေနပ်ရင် ငုံ့ကြည့်လိုက်၊ ကျေနပ်သွားတာပဲ။

++++++++++++++++++

ဝေဖန်ရေးဆိုတာ အမှားကို ထောက်ပြတတ်ရုံနဲ့ မပြီးဘူး၊
အမှန်နဲ့အစားထိုးပြနိုင်မှ အသက်ဝင်တာ၊
ဗုဒ္ဓဝါဒ ဒီနေ့အထိအသက်ရှင်နေတာ ဟာ
ဒီလိုအသက်ဝင်လို့ပေါ့။

( ဆရာတော် အရှင်သေဋ္ဌိလ )

++++++++++++++++++

မြတ်စွာဘုရားကတော့
အမှားကိုလဲ ထောက်ပြတယ်။
အမှန်နဲ့လဲ အစားထိုးနိုင်တယ်။

++++++++++++++++++

အမှားကို ထောက်ပြခြင်းထက်
အမှန်ကို ဖော်ပြတာက
ပိုပြီး အရေးကြီးတယ်။

++++++++++++++++++

လုပ်တဲ့အလုပ်ကျတော့ ကောင်းတာပဲလုပ်လုပ်၊
မကောင်းတာပဲလုပ်လုပ်၊
လုပ်တဲ့အတိုင်းပဲ ရိုးရိုးသားသားပြောရတယ်။
ကိုယ်လုပ်တဲ့အလုပ်ဟာ
ကောင်းတဲ့အလုပ်လား၊
ဆိုးတဲ့အလုပ်လား၊
ဆိုတာလဲ သိရတယ်လေ။

++++++++++++++++++

မဂ်ဖိုလ်ရနိုင်တဲ့အချက် (၅)ချက်…
၁။ ။ယုံကြည်ရမယ်။
၂။ ။ကျန်းမာရမယ်။
၃။ ။ရိုးသားရမယ်။
၎။ ။ကြိုးစားရမယ်။
၅။ ။ဆင်ခြင်ဉာဏ်ရှိရမယ်။

++++++++++++++++++

သတိဆိုတာ မိမိကို လုံခြုံအောင်စောင့်ရှောက်ရင်း
သူတစ်ပါးကိုပါ လုံခြုံအောင်စောင့်ရှောက်ပေးတယ်။
မေတ္တာကတော့ သူတစ်ပါးကို လုံခြုံအောင်စောင့်ရှောက်ကူညီရင်း
မိမိကိုယ်ကိုပါ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။

(ယောဆရာတော်)

++++++++++++++++++

လောကမှာဘယ်သူမဆို အများနဲ့သင့်မြတ်အောင်နေနိုင်တဲ့ပုဂ္ဂိုလ်ဟာ
လောကီ၊လောကုတ္တရာ အကျိုးနှစ်ရပ်လုံးပြီးစီးအောင်မြင်နိုင်သလို
ခုရောနောင်ပါ ကိုယ်၊စိတ်နှစ်ရပ်လုံး ချမ်းသာအေးမြတယ်။

++++++++++++++++++

မရခင်တော့ လိုချင်၊ ရပြီးတော့ မာန်တက်၊
ပျက်စီးတော့ ပူဆွေးနဲ့ ဖြစ်နေကြတာတွေဟာ
ကိုယ်တစ်ယောက်တည်း တည့်အောင်မနေတတ်ကြတာ။
တစ်ယောက်တည်းရန်တွေ့နေကြတာတွေပါပဲ။

++++++++++++++++++

တစ်ယောက်တည်းပင်၊
စွမ်းအင်အပြည့်ထည့်လိုဘိ၊
သတိဖြင့်သာနေ။
အများတကာ ဆက်ဆံရာ
မေတ္တာပါမှ အဆင်ပြေ။

++++++++++++++++++

သတိနဲ့မေတ္တာဆိုတာ
လောကလူ့ရွာရဲ့ အဆိပ်ဖြေဆေးပါပဲ။

++++++++++++++++++

အောင်ပွဲမှန်သမျှတို့မှာ
ကိုယ့်ဟာကိုယ်အနိုင်ရတဲ့အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ။
ရှုံးပွဲမှန်သမျှထဲမှာလဲ ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ ရှုံးပွဲသာ
အယုတ်ညံ့ဆုံး၊ အောက်တန်းအကျဆုံးပါ

( ယောဆရာတော် )

++++++++++++++++++

သားကျွန်၊မယားကျွန်ဆိုတာ သံသရာတစ်လျှောက်လုံး ခံခဲ့ရလှပြီ။
သာသနာကျွန်ဆိုတာ သာသနာတော်နဲ့ကြုံတုန်းမှခံခွင့်ရတာ။
တပည့်တော်တို့အလွန်ကံကောင်းလို့ အခုလို သာသနာတော်နဲ့ကြုံကြိုက်ပြီး
ဒီအခွင့်အရေးကြီးရကြတာ လက်လွှတ်မခံသင့်ဘူး။

( လယ်တီဆရာတော် )

++++++++++++++++++

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန်သုတ်တော်မှာ
ဒီခန္ဓာကိုယ်ကြီးကို စံနစ်တကျနဲ့ (၇)ရက်လောက် အသုံးချကြည့်ပါ။
ဒီခန္ဓာကိုယ်ကို စနစ်တကျ အသုံးချမယ်ဆိုတော့
အဲဒီစနစ်က ဘာလဲဆိုတာ သိဖို့လိုပါတယ်။
အဲဒါကတော့ “ သတိ ”ပါပဲ။
အဲဒီသတိတရားကို အသုံးချတတ်ရင် ရနိုင်တဲ့အကျိုးအမြတ်ဖြစ်တဲ့
နိဗ္ဗာန်အထိ အသုံးချပါ။

++++++++++++++++++

( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

Monday, November 21, 2011

" အမေ့ထံသို့ပေးစာများ-၂၂..."





သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
ဒီနိုင်ငံမှာတော့ လျှပ်စစ်မီးတွေထိန်ထိန်လင်းနေတယ်အမေ။
ရောက်လာကထဲက မီးပျက်တာလည်းတစ်ခါမှ မရှိပါဘူး။
“မီးပျက်ဖူးလား” လို့မေးကြည့်တော့ သူတို့တွေအံသြနေကြတယ်။
“ဘာကိုမေးတာလဲ” တဲ့။
သူတို့တွေနားမလည်တဲ့ဝေါဟာရဖြစ်နေပုံရတယ်။
အမေတို့ဆီမှာရော မီးမှန်မှန်လာနေပြီလား။
အမေက ကိုးရီးယားကားတွေဆို ကြိုက်တတ်တော့
မီးမပျက်တော့ဘူးဆိုရင် အမေစိတ်ချမ်းသာမှာ အမှန်ပဲလို့တွေးနေမိတယ်။
ဒီမှာတော့ နေ့နေ့ညည မီးတွေထိန်ထိန်လင်းနေတာပါပဲ။
နေ့နဲ့ညဟာ အတူတူလိုဖြစ်နေပါတယ်။
ကျနော်အလုပ်စရတုန်းက အကြောင်းကိုပြောရအုန်းမယ်။
အလုပ်ကရပြီ၊ ဘယ်နေရာမှာ အလုပ်ဆင်းရမှန်းမသိဘူး။
အိမ်ရှင်အမျိုးသားက လိပ်စာနဲ့
GPS လို့ခေါ်တဲ့ ကားမှာပါတဲ့မြေပုံလမ်းညွှန်ကိုသာပေးလိုက်တယ်။
လိုက်မပို့ဘူး။သူကလည်းအလုပ်ကိုဖျက်ပြီးလိုက်မပို့နိုင်ဘူးလေ။
အလုပ်ကို ဘယ်လိုသွားရမယ်ဆိုတာ မသိတာကြောင့်
အလုပ်ရတဲ့အတွက် ဝမ်းမသာနိုင်ဘူး။ စိတ်ရှုတ်နေရတယ်။
ကားမောင်းရင် နာရီဝက်ကျော်ကျော်လောက်မောင်းရမယ်ဆိုတော့
၁၅-မိုင်ကျော်ကျော်လောက်ရှိမယ်ထင်တယ်။
ကျနော်သွားမယ့်လမ်းကြောင်းမှာ ကာပူးလိမ်း(Carpool lane)ရှိတယ်တဲ့။
အဲဒီလမ်းကြောင်းကို မှားမောင်းမိရင်
ဒဏ်ငွေက ဒေါ်လာတစ်ထောင်ကျော်ဆောင်ရမယ်တဲ့။
ပိုလန့်သွားတာပေါ့။
မြန်မာငွေနဲ့တွက်ရင် ဆယ်သိန်းကျော်ပေးရမယ့်အလုပ်ကတော့
လန့်စရာပါအမေ။
အလုပ်ကရမယ့်လခက တစ်ထောင်ရဖို့မသေချာသေးချိန်မှာ
ဒဏ်ဆောင်ရမယ့်ကိစ္စက သေချာပေါက်ပေးရမယ့်ကိစ္စဆိုတော့
လန့်တာပေါ့။
စားစရာမရှိ၊လျှော်စရာရှိဆိုသလိုဖြစ်နေမှာစိုးမိပါတယ်။
အမှန်ပြောရရင် ကားလိုင်စင်စာမေးပွဲသာ အောင်ပြီးလိုင်စင်သာရလာတာ
ကာပူးလိမ်း(Carpool lane)ကို မသိခဲ့ဘူး။
အိမ်ရှင်လင်မယားက ခြောက်လန့်စကားကိုပြောပြီး အလုပ်ကိုသွားကြလေရဲ့။
ကျနော့်မှာ ဘာဆက်လုပ်ရမှန်းမသိဘူး။
ကံကောင်းချင်တော့ အဲဒီနေ့က မိန်းမက တစ်ပတ်တစ်ရက်ရတဲ့နားရက်ဖြစ်နေတယ်။
မိန်းမကို ပြောပြရတာပေါ့။
မိန်းမက အိမ်မှာ ကျန်ခဲ့တဲ့အဖိုးအဖွားတွေကို အကူအညီထပ်တောင်းတယ်။
သူတို့က လိုလိုလားလား လိုက်ပို့ပေးပါတယ်။
သူတို့ကို ကျေးဇူးတင်လိုက်တာမပြောပါနဲ့တော့။
လက်တွေ့မောင်းကြည့်တော့မှ ကာပူလိမ်း(Carpool lane)ဆိုတာကိုသိရတော့တယ်။
ကာပူလိမ်း(Carpool lane)ဆိုတာက
အမေရိကန်မှာက လူတစ်ယောက်ကားတစ်စီးနှုန်း
မောင်းနေကြတယ်။
ရုံးချိန်ဆိုရင် ကားတွေအရမ်းကြတ်တယ်။
အဲဒါကို ကာကွယ်တဲ့အနေနဲ့လမ်းတစ်လမ်းကို ကားမောင်းသူအပါအဝင် နှစ်ယောက်နဲ့အထက်
ပါမှ မောင်းခွင့်ရတဲ့ကားလမ်းကိုခေါ်တာပါ။
အမြန်လမ်း(Express Way)လို့ခေါ်တဲ့ကားလမ်းတွေမှာတော့
ကာပူလိမ်း(Carpool lane)က ကားလမ်းရဲ့ညာဖက်မှာရှိနေတာကိုတွေ့ရတယ်။
ဖရီးဝေး (Free Way)တွေမှာတော့ ကားလမ်းရဲ့ဘယ်ဖက်မှာရှိတာကိုတွေ့ရတယ်။
အမြန်လမ်း(Express Way)နဲ့ ဖရီးဝေး (Free Way)…….
ဘာကွာသလဲလို့မေးကြည့်တော့
အမြန်လမ်း(Express Way)က တစ်နာရီမိုင် (၄၅-၅၀)အတွင်းမောင်းနှင်ရတဲ့လမ်းတွေဖြစ်တယ်။
မီးပွိုင့်တွေလည်းရှိတယ်။မီးပွိုင့်တိုင်းမှာ ကွန်ပျူတာကင်မရာတွေတပ်ဆင်ထားတယ်။
ဖရီးဝေး (Free Way)ကတော့ တစ်နာရီမိုင် ၆၅မိုင်အထက်မောင်းနှင်နိုင်တဲ့လမ်းတွေဖြစ်တယ်။
ဖရီးဝေး (Free Way)မှာ မီးပွိုင့်တွေမရှိဘူး။
Exit ဆိုတဲ့ထွက်ပေါက်တွေကတော့လမ်းရဲ့ညာဖက်မှာရှိတယ်။
အဝေးပြေးလမ်းမကြီးတွေပေါ့။
အချိန်တိုင်းလိုလို ကားတွေကလည်းပြည့်နေတာပဲ။
အမေရေ…
နေ့တိုင်း တစ်နေ့ကို တစ်နာရီကျော်ကျော်လောက်မောင်းနေတဲ့အတွက်
ကျနော်ကားမောင်းကျွမ်းကျင်နေပြီ။
မြန်မာပြည်ပြန်လာရင် ကားတစ်စီးကို ကိုယ်တိုင်မောင်းပြီး
မြန်မာပြည်အနှံဘုရားဖူးသွားကြရအောင်နော်။
မိန်းမရဲ့အမျိုးအိမ်မှာ နေရတာ ရောက်စမှာတော့ ကောင်းသလိုလိုပါပဲ။
လင်မယားနှစ်ယောက်စလုံးအလုပ်ရလာတော့
ဝင်ငွေလည်းအထိုက်အလျှောက်ရလာချိန်မှာ
ဘယ်လိုသဘောထားတွေပြောင်းသွားသလဲမသိပါဘူး။
သူတို့ရဲ့အတိတ်ကရွှေထီးဆောင်းခဲ့ရတဲ့အကြောင်းတွေကိုပြောတာများလာတယ်။
ပြီးတော့ ကျနော်တို့ဝင်ငွေကို သူတို့စီမံခန့်ခွဲဖို့နည်းမျိုးစုံလုပ်လာတယ်။
ကျနော်တို့ကို အိမ်မှာရုပ်သေးရုပ်လေးတွေလိုနေစေချင်ပုံရတယ်။
လွှမ်းမိုးဖို့ကြိုးစားလာတယ်။ ချုပ်ချယ်လာတယ်။
စားချင်တိုင်းလည်းမစားရ၊
အိပ်ချင်တိုင်းလည်း မအိပ်ရ၊
နေချင်တိုင်းလည်းမနေရတဲ့ဒုက္ခကိုခါးစည်းပြီးခံစားရတာနေ့စဉ်နဲ့အမျှပါပဲ။
ကျနော်က တစ်နေ့ကို တစ်နပ်သာ စားတတ်တဲ့သူပါ။
အလုပ်သွားလို့ထမင်းဟင်းထည့်ပြန်ရင်လည်း
များလို့၊နောက်လူအတွက်မကျန်လို့၊ဆိုတဲ့အသံကို နောက်ပြန်ကြားရတော့
စိတ်မကောင်းဖြစ်မိတယ်။
အစားနဲ့ပတ်သက်ပြီးအပြောခံရတာကို ခံစားရတယ်။
နောက်ပိုင်းကျနော် လုံးဝကို မစားပဲ အပြင်မှာပဲဝယ်စားတဲ့အချိန်ရောက်လာတယ်။
ဆွေမျိုးတွေလို သဘောထားသလားဆိုတော့လည်း မဟုတ်ဘူး။
ဒီတော့ အိမ်ရှင်၊အိမ်ငှားတွေလို သဘောထားတာပဲနေမှာပဲဆိုပြီး
ရှင်းရှင်းလင်းလင်းနေပြန်တော့ မဟုတ်ပြန်ဘူး။
တစ်ခါတစ်လေအိမ်ပြန်နောက်ကျရင်ပြောလို့မပြီးဘူး။
ပူညံပူညံနဲ့နားညီးအောင်ကြားနေရတယ်။
လွတ်လပ်ချင်လို့မြန်မာပြည်ကထွက်လာပါတယ်။
ဒီရောက်တော့ ဟိုလောက်တောင်
မလွတ်လပ်တဲ့နေရာကိုရောက်နေသလိုခံစားရတယ်။
ရုပ်သေးရုပ်တွေနေမှကြိုက်မတဲ့လား
ဘယ်လိုနေရလဲဆိုတာ မသိပါဘူး။
အဝင်လွယ်ပြီးအထွက်ခက်နေတယ်အမေရေ…
တင်းကြပ်တဲ့စည်းကမ်းတွေထုတ်လာတယ်။
ည(၉-နာရီ)ထက်နောက်မကျအောင်ပြန်လာရမယ်တဲ့။
လူသတ်သမားတွေကပ်ပါလာရင်ဘဲနဲ့လုပ်မလဲတဲ့။
သူတို့တွေ ဘာကိုကြောက်နေသလဲမသိပါဘူး။
သူတို့ရဲ့အတိတ်ကိုလည်း မမေးဖြစ်ပါဘူး။
စိတ်လည်း မဝင်စားပါဘူး။
သူ့တို့အတိတ်က သူတို့နဲ့ပဲဆိုင်တယ်။
ကြောက်အောင်လုပ်ခဲ့ရင်တော့ ကြောက်နေရမှာပဲ။
ည (၉-နာရီ)ဆိုတာ ရောက်စတုန်းက မိုးတောင်မချုပ်သေးဘူး။
နေရောင်ခြည်ကို မြင်နေရတုန်းပဲ။
အခုဆိုရင် မိုးချုပ်ကာစပဲရှိသေးတယ်။
ဆွေမျိုးလိုလည်းနေလို့မရ၊
အိမ်ရှင်အိမ်ငှားလိုလည်းနေမရဆိုတော့ ဘယ်လိုနေရမှာလဲ။
နောက်ဆုံးနေလို့မဖြစ်တော့မှန်းသိတော့
အပြင်မှာ အိမ်ငှားဖို့ကြိုးစားရတော့တယ်။
ဒါကိုသိသွားတော့ မကြိုက်ပြန်ဘူး။
နည်းမျိုးစုံတားမြစ်တယ်။
အော်…လွယ်လွယ်ကူကူ တစ်လရှစ်သိန်းရနေတော့လည်း
ဘယ်လက်လွှတ်ချင်မလဲဆိုတာကို နားလည်လိုက်မိပါတယ်။
ဆက်နေရင် အကျယ်ကျယ်မငြိမ်းဖွယ်ဖြစ်လာနိုင်တာမို့
လင်မယားနှစ်ယောက်တိုင်ပင်ပြီး အိမ်ခန်းတစ်ခန်းကို
တစ်လဆယ်သိန်းကျော်နဲ့ငှားလိုက်တယ်။
အဲဒီအခန်းကိုမပြောင်းခင်တစ်ပတ်အလိုမှာတော့
အမေရေ..
ရုပ်ရှင်ထဲက ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အတိုင်းပါပဲ။
လေကြောင်း တိုက်ပွဲကပြင်းထန်လွန်းလှတယ်။
တစ်ဖက်သတ်ပါအမေရာ..
ကျနော်တို့က ဗုံးကျဲခံရသူတွေပါ။
အမေသိအောင်ပြောပြတာပါ။ စိတ်မကောင်းမဖြစ်ပါနဲ့။
ရွှေမရှိရင် မျိုးမတော်ပါဘူး။
ဒါကိုဆွေမျိုးလို့ခေါ်ပါတယ်။
ငယ်စဉ်တုန်းက မရခဲ့ဖူးတဲ့အတွေ့အကြုံတွေကို အခုမှ
မဆန့်ရင်ကာ ရနေပါလား။
အခုရတဲ့အတွေ့အကြုံတွေက ခါးသီးလွန်းလှပါတယ်။
အမေကိုမလိမ်၊မညာပြောပြတာပါ။
အဲဒါက အမေရိကန်ရောက်မြန်မာတစ်ယောက်ရဲ့အတွေ့အကြုံလို့
သဘောထားလိုက်ပေါ့။
ကဲ...အမေလည်း ကျန်းမာရေးကိုဂရုစိုက်ပါဦး။
ကျနော်ကတော့ လူကတော့ ကျန်းမာတယ်။
စိတ်မကျန်းမာတော့ပေါင်ချိန်(၂၀)ကျော်လောက်ကျသွားတယ်။
ကိုယ်ရည်စစ်သွားတာပေါ့လေ။
ဒါပါပဲ
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၁-၂၁-၂၀၁၁

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com