Sunday, October 23, 2011
“ တဒင်္ဂလောက် စောင့်လိုက်ပါအုန်း...”

တစ်ခါတုန်းက
စီးပွားရေးသမားဖြစ်တဲ့ရွှေမန်းဟာ
သိကြားမင်းကို တိုင်တည်ကာ တစ်ချိန်လုံးဆုတောင်းနေတယ်။
သိကြားမင်း နားငြီးလာတာနဲ့ သူ့ကိုမေးတယ်။
“မင်းဘာလိုချင်လို့လဲ”
“နှစ်ပေါင်းတစ်သန်းဆိုတာ သိကြားမင်းအတွက်
ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ”
“တဒင်္ဂလို့ပဲ မှတ်တယ်”
“ ဒေါ်လာတစ်သန်းဆိုတာကကော…”
“သဲတစ်ပွင့်လောက်ပဲ တန်ဖိုးရှိတယ်လို့မှတ်တယ်”
ရွှေမန်းက...
“ဒီလိုဆိုရင် ကျနော့်ကို သဲတစ်ပွင့် ချီးမြှင့်တော်မူပါ”
သိကြားမင်းပြန်ပြောလိုက်တာက...
“တဒင်္ဂလောက် စောင့်လိုက်ပါအုန်း”
Saturday, October 22, 2011
" စိတ်နှလုံး ရွှင်လန်းစေတာ အိမ်..."

ကျနော်ရောက်နေတဲ့နေရာက
အမေရိကန်နိုင်ငံရဲ့ဆန်ဟိုဈေးမြို့လေးနေရာတစ်ခုဖြစ်ပါတယ်။
မြို့လယ်မကျပါ။
ဆင်ခြေဖုံးဒေသဟုပြောရမလားမသိပါ။
မြို့လယ်က အထပ်မြင့်တိုက်တွေအမြောက်အများရှိနေပါတယ်။
ဒီဒေသမှာတော့ အထပ်မြင့်တိုက်များမတွေ့ရပါ။
အများစုကတော့ တစ်ထပ်တိုက်သာဖြစ်ကြပါတယ်။
အလွန်ဆုံးရှိမှ နှစ်ထပ်တိုက်များရှိကြပါတယ်။
အိပ်ခန်းအနည်းအများပေါ်မူတည်ပြီး
တန်ဖိုးအနည်းအများကွာသွားပါတယ်။
အိမ်တိုင်းမှာတော့ ရေချိုးခန်းအိမ်သာကသီးသန့်ရှိတတ်သလို
အိပ်ခန်းနဲ့တွဲရက်တွေလည်းရှိနေတာကိုတွေ့ရပါတယ်။
အိမ်တိုင်းမှာတော့ ရေပူရေအေးရပါတယ်။
ဧည့်ခန်းက များသောအားဖြင့်အခန်းကျယ်ဖြစ်တာကိုတွေ့ရပါတယ်။
အိမ်တိုင်းမှာတော့ အိမ်ပြင်ပန်းခြံများရှိသလို
အိမ်တွင်းပန်းဥယျာဉ်လည်းဖန်းတီးထားတာကိုတွေ့ရတတ်ပါတယ်။
အလှအပကို အလွန်တန်ဖိုးထားတဲ့လူမျိုးများလို့ဆိုရမှာဖြစ်ပါတယ်။
အိမ်တိုင်းမှာတော့ ကားဂိုဒေါင်ရှိပါတယ်။
အများစုက ကားသုံးစီးစာကားဂိုဒေါင်များရှိတတ်ပါတယ်။
တစ်အိမ်မှာ ကားသုံးစီးထက်ပိုလာရင်တော့ လမ်းဘေးမှာ
ကားကိုထိုးထားတတ်ပါတယ်။
အိမ်ပြင်အလှကိုတော့ ပန်းဥယျာဉ်များနဲ့တန်ဆာဆင်ထားတတ်ပြီး
အိမ်တွင်းအလှကိုတော့ အိမ်ထောင်ပရိဘောဂများနဲ့
အလှစိုက်ပန်းတွေနဲ့တန်ဆာဆင်ထားတတ်ပါတယ်။
အိမ်ဆိုတဲ့အတိုင်းအလွန်နေချင်စဖွယ်ကောင်းလှပါတယ်။
ဓာတ်ပုံတွေကတော့ နေထိုင်ရာ ပတ်ဝန်ကျင်အနီးက အိမ်များသာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားကိုရောက်ပြီးမကြာခင်မှာပင်
မိန်းမက အလုပ်ရပါတယ်။
မြန်မာပြည်က ထွက်လာစဉ်က
နှစ်ယောက်စလုံးဆူရှီးနဲ့ပတ်သက်တဲ့ပညာကို မတတ်ကြပါ။ ကာရိုးလိုင်းနား(မြောက်)မှာ နှစ်လကျော်နေလိုက်တဲ့အခါ
မိန်းမက ဆူရှီးပညာကိုတတ်မြောက်သွားပါတယ်။
ကျနော်က မတတ်ခဲ့ပါ။
ကယ်လီဖိုးနီးယားရောက်တော့ တစ်ပတ်အတွင်း
သူမက အလုပ်ရသွားပါတယ်။
ကျနော်အလုပ်မရပါ။
သူမက မြန်မာငွေသိန်းနှစ်ဆယ်နီးပါးရချိန်တွင်
ကျနော်ကဘာမှမရပါ။
အသုံးချ ပညာတစ်ရပ်ရဲ့တန်ဖိုးကို နားလည်လိုက်ရပါတယ်။
သိလိုက်ချိန်မှာ ခံစားရပါပြီ။
အလုပ်ရှိလာတော့ ကားရှိဖို့လိုလာပါတယ်။
အမေရိကန်နိုင်ငံတွင် ကားကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်နေပါတယ်။
ဘယ်သူကမှ အလုပ်ကို လိုက်မပို့နိုင်ပါ။
လမ်းလျှောက်ဖို့ကလည်းမဖြစ်နိုင်ပါ။
ရတဲ့လခနဲ့ကားဝယ်တော့ မိန်းမကိုအကြိုအပို့လုပ်ရတဲ့
ဒါရိုက်ဘာအလိုလို ဖြစ်လာပါတယ်။
လခမရပါ။
မိန်းမက တစ်နေ့ကို (၁၂)နာရီကျော်ကျော်အလုပ်လုပ်ရတော့
ပင်ပန်းလှပါတယ်။
မိန်းမအလုပ်ကပြန်တဲ့အခါမှာတော့
တိုက်ရိုက်အိမ်ကိုမပြန်သေးပဲ
အနီးပတ်ဝန်ကျင်က အိမ်တွေကို ကားမောင်းပြီးလိုက်ကြည့်ဖြစ်ကြပါတယ်။
နေ့စဉ်နေ့တိုင်းလိုလိုဖြစ်ပါတယ်။
မိန်းမကပြောပါတယ်။
"အလုပ်မှာပင်ပန်းခဲ့သမျှ
အိမ်တွေနဲ့ပန်းဥယျာဉ်တွေကိုကြည့်ပြီး၊
စိတ်နှလုံး ရွှင်လန်းရပါတယ်"
တဲ့။

Friday, October 21, 2011
“ ရွှေဒင်္ဂါးနှစ်ပြားနဲ့တူတဲ့အရာ…”

တစ်ခါတုန်းက အလွန့်အလွန်ချမ်းသာတဲ့
သူကြွယ်ကြီးတစ်ဦးဟာ အသက်အရွယ် အိုမင်းပြီဖြစ်တဲ့အတွက်
အလုပ်မှ အနားယူချင်နေပါတယ်။
အဲဒါကြောင့် သူဟာ သားသုံးယောက်ကိုခေါ်ပြီး
“ အဖေရဲ့လုပ်ငန်းကို ခွဲပြီးတော့ သားတို့ကို မပေးချင်ဘူး။
သားတို့ထဲက ဘယ်သူဟာအသင့်တော်ဆုံးအလုပ်
လုပ်တတ်တဲ့လူ ဖြစ်တယ်ဆိုတာ အဖေသိချင်တယ်။
အဖေ စမ်းသပ်ကြည့်မယ်၊
အဖေအကြိုက်ဆုံးလူကို အဖေ့လုပ်ငန်း လွှဲပေးမယ် ”
လို့ ပြောပါတယ်။
သူကြွယ်ကြီးဟာ သားတစ်ဦးစီကို ရွှေဒင်္ဂါးနှစ်ပြားစီပေးပါတယ်။
သားအငယ်ဆုံးက
သူ့အဖေက သူ့ကို တစ်ခါမှ ရွှေဒင်္ဂါးကို မပေးဖူးတာကြောင့်
အရမ်းဝမ်းသာသွားတယ်။
သူ့အတွက် လိုအပ်တာတွေက အများကြီးရှိတယ်။
ဝယ်ချင်တာတွေကလည်း အများကြီးရှိတယ်။
ဒါကြောင့်ရွှေဒင်္ဂါးရတာနဲ့လိုချင်တာကို
အားလုံးဝယ်လိုက်တယ်။
ကြိုက်တဲ့နေရာမှ သုံးလိုက်တဲ့သဘောဖြစ်တယ်။
ဒုတိယသားကတော့
အဖေက ကပ်စီးနည်းသူဖြစ်တယ်။
ငွေကို ချွေတာတာကို ကြိုက်တယ်။
စည်းစနစ်တကျ စုဆောင်းတာကိုကြိုက်တယ်။
ဒီရွှေဒင်္ဂါးတွေပေးတာကလည်း စုဆောင်းတာကို
စမ်းသပ်ချင်လို့နေမှာပဲလို့ယူဆတာကြောင့်
သူရရှိထားတဲ့ရွှေဒင်္ဂါးနှစ်ပြားစလုံးကို
ဘာမှမသုံးစွဲပဲ မြေကြီးမြှုပ်ထားလိုက်တယ်။
သားအကြီးဆုံးကတော့
အဖေက အကြောင်းမဲ့ပေးတာတော့
မဟုတ်တန်ရာဘူး။
အကြောင်းတရားရှိရမယ်။
ဒီအကြောင်းတရားက ဘာမှန်းတော့ အသေအချာမသိပေမယ့်
အကျိုးတရားတစ်ခုခုကို ရအောင်လုပ်ဖို့
ရည်ရွယ်တာပဲဖြစ်ရမယ်
အဲဒီလိုတွေးပြီး ရလာတဲ့ရွှေဒင်္ဂါးနှစ်ပြားကို
ပွားများလာအောင်ကောင်းရောင်းကောင်းဝယ်လုပ်တယ်။
မကြာခင်မှာပဲ ရွှေဒင်္ဂါးနှစ်ပြားကနေပြီး
ရွှေဒင်္ဂါးအမြောက်အများဖြစ်လာတယ်။
တစ်နှစ်လွန်မြောက်သွားတဲ့အခါမှာတော့
သားတွေကိုခေါ်တွေ့တယ်။
သားငယ်ကိုမေးကြည့်တယ်။
သားငယ်က သူလိုချင်တဲ့အရာတွေအားလုံးကို
ဝယ်လိုက်တဲ့အတွက် ရွှေဒင်္ဂါးနှစ်ပြားဟာ
ကုန်သွားပြီဖြစ်တဲ့အကြောင်းကိုပြောပြတယ်။
ဒုတိယသားကိုမေးတော့
သားလတ်ကခြံထဲကိုဆင်းသွားပြီး
မြေကြီးထဲမြှုပ်ထားတဲ့ ရွှေဒင်္ဂါးနှစ်ပြားကို
ယူလာပြတယ်။
ပထမသားကိုမေးတဲ့အခါမှာတော့
သားကြီးက အခန်းထဲဝင်သွားပြီး ရွှေဒင်္ဂါးအိတ်ကြီးတစ်အိတ်
ထမ်းထုတ်လာတယ်။
ပြီးတော့ ဖွင့်ချလိုက်တဲ့အခါမှာတော့
ရွှေဒင်္ဂါးအမြောက်အများထွက်လာတယ်။
ရွှေဒင်္ဂါးနှစ်ပြားကနေ ရွှေဒင်္ဂါးအများအပြားပွားများလာတဲ့အကြောင်း
ကိုလည်းရှင်းပြတယ်။
ဒီတော့ အဖေသူကြွယ်ကြီးက
"ကိုယ်ရရှိလာတဲ့ငွေကြေးကို ဖြုန်းပစ်ဖို့မဟုတ်ဘူး။
သိမ်းထားဖို့လည်းမဟုတ်ဘူး။
ပွားများအောင်လုပ်ဖို့သာဖြစ်တယ်။
ပြီးတော့ ကိုယ့်အတွက်၊အများအတွက်
အကျိုးရှိအောင် လုပ်တတ်ဖို့လိုတယ်" လို့
ပြောခဲ့ပါတယ်။ ပြီးတော့
သားကြီးကို သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကို
လွှဲပြောင်းပေးပြီး တရားအားထုတ်ဖို့တောထွက်သွားပါတယ်။
ဒီလိုနဲ့ပဲ တရားနဲ့မွေ့လျော်ပြီးငြိမ်းချမ်းစွာနေထိုင်သွားပါသတဲ့။
+++++++++++++++++++++++++++
ရွှေဒင်္ဂါးနှစ်ပြားဆိုတာ
လူတိုင်းကိုယ်စီပိုင်ဆိုင်နေကြတဲ့ ရုပ်နဲ့နာမ်
နှစ်ပါးလည်းဖြစ်နိုင်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ရုပ်နဲ့နာမ်ကို ကိုယ်ဘယ်လိုအသုံးပြုသလဲဆိုတာ
ကတော့ ကိုယ်နဲ့သာဆိုင်ပါတယ်။
လူ့ဘဝဟာ ရခဲလှတယ်လို့ကျမ်းဂန်တွေကဆိုပါတယ်။
မိုးပေါ်က အပ်တစ်စင်းနဲ့
မြေပေါ်က အပ်တစ်စင်းတို့ဟာ ဆုံနိုင်ခဲသလို
လူ့အဖြစ်ဟာလည်း
ဖြစ်နိုင်ခဲတယ်လို့ဆိုပါတယ်။
အချို့ကျမ်းဂန်မှာက
လိပ်ကန်းတစ်ကောင်ဟာ နှစ်တရာမှာ တစ်ခါသာ
ရေမျက်နှာပြင်ပေါ်က တက်လာလေ့ရှိတယ်။
အဲဒီလိုတက်လာတဲ့အခါမှာလည်း
ရေပေါ်မှာရှိတဲ့ ဝါးလုံးခေါင်းထဲ ခေါင်းစွပ်ဖို့က
အလွန့်အလွန်ခက်ခဲလှပါတယ်။
ဒါပေမယ့်လိပ်ကန်းအဖို့ ခက်ခက်ခဲခဲခေါင်းစွပ်သလို
လူ့ဖြစ်ဖို့က ခက်ခဲတယ်လို့အဆိုရှိပါတယ်။
ခက်ခဲတဲ့လူ့ဘဝကိုရလာပြီ။
လူတိုင်းကိုယ်စီကတော့ အလွန့်အလွန်ကံကောင်းသူတွေလို့ပြောနိုင်ပါတယ်။
ကဲ...ဖိုးကံကောင်း၊မယ်ကံကောင်းတွေခင်ဗျား။
ရွှေဒင်္ဂါးနှစ်ပြားနဲ့တူတဲ့ရုပ်၊နာမ်နှစ်ပါးကို
ဘယ်လိုအသုံးချနေပါသလဲ...
သုံးဖြုန်းပစ်နေသလား။
မြေကြီးထဲမြှုပ်နှံထားသလား။
ပွားများအောင်လုပ်နေသလား။

" ကျနော်ကြိုက်တဲ့ကဗျာများ-၁..."

" သင်သေသွားသော်…"
ဪ...လူ့ပြည်လောက၊
လူ့ဘဝကား၊
အိုရ နာရ သေရဦးမည်၊
မှန်ပေသည်တည်း။
သို့တပြီးကား၊
သင်သေသွားသော်၊
သင်ဖွားသောမြေ၊
သင်တို့မြေသည်
အခြေတိုးမြှင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊
အမျှဝေရာ၊
စေတီသာနှင့်၊
သစ္စာအရောင်၊
ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။ ။

Subscribe to:
Posts (Atom)