Wednesday, September 28, 2011

" တကယ်တမ်း ချမ်းသာချင်လျှင်… "




မြတ်စွာဘုရား နှင့် ရှင်ပုဏ္ဏတို့၏ အမေးအဖြေ

မြတ်စွာဘုရား

ချစ်သားပုဏ္ဏ၊

သုနာပရ န္တဇနပုဒ်သားတို့သည် ကြမ်းတမ်းကြကုန်၏။

ရုန့်ရင်းကြကုန်၏

အကယ်၍ သုနာပရန္တဇနပုဒ်သားတိုသည် သင့်ကို ဆဲရေးကြလျှင်

သင်၏စိတ်မည်ကဲ့သို့ဖြစ်မည်နည်း။

ရှင်ပုဏ္ဏက

မြတ်စွာဘုရား သုနာပရ န္တဇနပုဒ်သားတို့သည်

တပည့်တော်ကို ဆဲရေးကြလျှင်

သုနာပရန္တဇနပုဒ်သားတို့သည်

လူကောင်းများသာဖြစ်ကြသည်။

ငါ့ကို ဆဲရေးရုံမျှသာဆဲရေးကြသည်။

ထုခြင်းတောင်းခြင်းကိုမူ မပြုကြပေ။

ဟူ၍ နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်း

သည်း ခံပါမည်ဘုရား၊

မြတ်စွာဘုရားက

ချစ်သားပုဏ္ဏ

သုနာပရ န္တဇနပုဒ်သားတို့သည် သင့်ကို

ထုခြင်း၊ထောင်းခြင်းပြုကြလျှင် သင်၏စိတ်

မည်သို့ဖြစ်မည်နည်း

ရှင်ပုဏ္ဏက

မြတ်စွာဘုရား သုနာပရ န္တဇနပုဒ်သားတို့က

တပည့်တော်ကို ထုခြင်း၊ထောင်းခြင်းပြုကြလျှင်

ငါ့ကို ထုခြင်း၊ထောင်းခြင်းသာပြုကြသည်၊

ဓားဖြင့်ခုတ်သတ်ခြင်းကိုမူ မပြုရှာကြ

ဟု နှလုံးသွင်းပြီး

အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်ဘုရား

မြတ်စွာဘုရားက

ချစ်သား သင့်ကို ဓားဖြင့်ခုတ်သတ်ကြလျှင်

သင့်စိတ်မည်သို့ဖြစ်မည်နည်း

ရှင်ပုဏ္ဏ က

မြတ်စွာဘုရား

တပည့်တော်ကို ဓားဖြင့်ခုတ်သတ်ကြပါလျှင်

အရှင်ဆန္ဒသည် မိမိကိုယ်ကို မိမိဘာသာ ဓားဖြင့် သတ်ရသည်၊

ငါ့မှာ ရှင်ဆန္ဒလို ကိုယ်တိုင် မသတ်ရ၊ သူတို့က သတ်ပေးကြသည်။

ဟူ၍ နှလုံးသွင်းကာ အမျက်ဒေါသကို သိမ်းဆည်း

သည်းခံပါမည်ဘုရား

မြတ်စွာဘုရားက

သာဓုချစ်သား ပုဏ္ဏ၊သာဓု၊ သာဓု

+++++++++++++++++++++++++++

ဇနက မင်းသားသည် ()ရက်တိုင်တိုင်

မလျှော့သောဇွဲဖြင့် သမုဒ္ဒရာပြင်၌ ကူး၏။

သမုဒ္ဒရာ၌ ကူးနေစဉ် အတွင်း မင်းသားသည်

ဥပုသ်ကို စောင့်၏။

မင်းသားသည် သေဘေးမှ စိုးရိမ်စိတ်ကို ဖျောက်၏။

ရဲရင့်စိတ်ကို မွေး၏။

စိုးရိမ်ခြင်းဟူသည်မှာ အကုသိုလ်ဖြစ်၍

ရဲရင့်ခြင်းဟူသည်မှာ ကုသိုလ်ဖြစ်၏

အကုသိုလ်သည် မကောင်းသော အကျိုးကို ပေး၏

ကုသိုလ်သည်ကောင်းသောအကျိုးကိုပေး၏။

+++++++++++++++++++++++++++

တကယ်တမ်း

ချမ်းသာချင်လျှင်

ဒါနကို ပြုရမည်။

တကယ်တမ်း ကျန်းမာချင်ပါလျှင်

သီလကို စောင့်ထိန်းရမည်။

ဘာဝနာသည် သာ စစ်မှန်သော

ပညာကို ရရှိခြင်း၏အကြောင်းဖြစ်၏။

+++++++++++++++++++++++++++

ဘုရားအလောင်းတော်သည် ပါရမီမရင့်သေးမီက

ပါဏတိပါတ- စသော

ပြစ်မှုများကို ပြုတန်သလောက်ပြုမည်ဖြစ်သော်လည်း

မုသားကိုကား သူတစ်ပါး အကျိုးပျက်အောင်

သစ္စာဖျက်၍ မည်သည့်အခါမျှ မဆိုခဲ့ပေ။

(ဆရာတော် အရှင်ဇနကာဘိဝံသ)

+++++++++++++++++++++++++++

ခန္တီပါရမီသည် အမိနှင့်တူ၏။

ဥပေက္ခာပါရမီသည် အဖနှင့်တူ၏။

နေက္ခမ္မပါရမီသည် သမားတော်နှင့်တူ၏။

( လယ်တီဆရာတော် )

+++++++++++++++++++++++++++

ငါသည် ယောက်ျားကောင်းဖြစ်ပါလျက် သံသရာဒုက္ခမှ

တစ်ကိုယ်ကောင်းကြံပြီး တစ်ယောက်တည်းအနေဖြင့်

လွတ်မြောက်အောင် အားမထုတ်၊

လောက အတွက် သဗ္ဗညုတ ဉာဏ်ကို ရ၍ ဘုရားအဖြစ်သို့

ရောက်အောင် အားထုတ်ပြီး နတ်နှင့်တကွသော လောကကို

သံသရာဒုက္ခမှ လွတ်မြောက်အောင်

ကယ်တင်ရန် အားထုတ်မည်။

(သုမေဓာရှင်ရသေ့)

+++++++++++++++++++++++++++

စွမ်းပကားကို ရအောင် အားထုတ်ရာ၌

အမှန်ကန်ဆုံးနည်းကား

မိမိ၏ ကိုယ်ကျိုးကို စွန့်၍

လောက၏

အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်၏။

+++++++++++++++++++++++++++

လူကောင်းတရား


လောကတွင် သာဓုနရ လူကောင်းတရားဖြစ်လာနိုင်စေရန်

မိမိအပေါ်ပြုထာသော

သူတစ်ပါး၏ ကျေးဇူးကို တုံ့ပြန်ပြုရ၏။

အကယ်၍ မပြုနိုင်သေးလျှင် စိတ်ဖြင့်ပင် မပြစ်မှားရ။

စိတ်ဖြင့်ပြစ်မှားချေသော်

စိုသောလက်ကို ခြောက်အောင် ပြုရာရောက်၏။

ကိုယ်ဖြင့်ကာယကံမြောက် ပြစ်မှားလျှင်မူကား

အဆွေခင်ပွန်းကို ပြစ်မှားသူဖြစ်၏။

ထို့ကြောင့် ကျေးဇူးရှင်ကို သက်မဲ့ပင်ဖြစ်စေ မပြစ်မှားရ။

မိန်းမတို့၏ယုတ်မာသောအလိုသို့ မလိုက်ပါရ။

ဤတရားလေးပါးသည် သာဓုနရ=လူကောင်းတရား လေးပါးဖြစ်၏။

ထိုတရားလေးပါးကို ပြည့်စုံအောင်ဖြည့်ကျင့်ပါမှ

လူကောင်း မည်၏။

+++++++++++++++++++++++++++

(ကိုယ်ကျင့်ဗုဒ္ဓဝင်ဦးရွှေအောင်)


Tuesday, September 27, 2011

" နောင်နှစ်တစ်ရာကြာသောအခါ..."




“ သည်းခံဖို့ လေ့ကျင့်ချိန် သတ်မှတ်ထားပါ ”

တစ်နေ့လျှင် ငါးမိနစ်မျှလေ့ကျင့်ချိန် သတ်မှတ်ထားပါ။
နောက်ထပ် (၅)မိနစ်အတွင်း ကြုံသမျှကို
ငါ ဂရုမစိုက်ဘဲ သည်းခံနေတော့မယ် ”
++++++++++++++++++++++++++++++++++++


တစ်ပတ်တစ်ကြိမ်၊
စိတ်ရော၊ကိုယ်ပါ
စာရေးပါ။
++++++++++++++++++++++++++++++++++++


ဘဝတွင် ဘယ်ဟာ အရေးကြီးဆုံးလဲ…?

သဘောပေါက်နိုင်သော နည်းလမ်းဖြစ်၏။
စိတ်ချမ်းသာမှုလား...?
ငွေကြေးလား....?
အာဏာလား....?
အောင်မြင်မှုလား..?..
လား....?
လား....?
လားးးးးး?
++++++++++++++++++++++++++++++++++++


နှစ်တစ်ရာကြာသောအခါ
အားလုံးလူသစ်တွေဖြစ်ကြလိမ့်မည်ကို သတိပြုပါ။
++++++++++++++++++++++++++++++++++++


ဘဝဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်ပါ။
ဘဝဆိုတာ သူနည်းနှင့်သူ ပြောင်းလဲဖြစ်ပျက်နေမည်သာ ဖြစ်သည်။
++++++++++++++++++++++++++++++++++++

ကျေးဇူးတင်ခြင်းနှင့် စိတ်ချမ်းသာခြင်းသည် ဒွန်တွဲလျက်ရှိသည်။
ကျေးဇူးတင်တတ်ခြင်းသည် လေ့ကျင့်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်သည်။


++++++++++++++++++++++++++++++++++++

နေ့စဉ်တိတ်ဆိတ်ချိန် သတ်မှတ်ထားပါ။
Ø နံနက် (၄:၀၀)နာရီသည် အကြိုက်ဆုံးအချိန်ဖြစ်သည်။
Ø တစ်နေ့ (၁၀)မိနစ်မျှ တရားထိုင်ပါ။
Ø ယောဂီကျင့်စဉ်ကို လေ့ကျင့်ပါ။
Ø သဘာဝရှုခင်းများ၌ နှစ်သိမ့်ကြည်နူးနေပါ။
Ø ရေချိုးခန်းကို ပိတ်ပြီး (၁၀)မိနစ်မျှ ရေချိုးပါ။
Ø ကားကို လမ်းဘေးကပ်ပြီး ရပ်ပါ။
တစ်မိနစ်၊ နှစ်မိနစ်မျှ သဘာဝရှုခင်းကို ကြည့်ပါ။
အသက်ဝဝရှုပြီး ခဏတဖြုတ်မျက်စိမှိတ်ထားပါ။


++++++++++++++++++++++++++++++++++++

မှန်ကန်ခြင်းထက် စာနာခြင်းကို ရွေးချယ်ပါ။
ဥပေက္ခာပြုတတ်သောသူတစ်ဦးဖြစ်လိုပါက
ရှိသမျှအချိန်များတွင် မှန်ကန်မှုအစား ကြင်နာမှုကို ကျင့်သုံးရပေမည်။
++++++++++++++++++++++++++++++++++++

နှိမ့်ချမှုကို အလေ့အထပြုပါ။
နှိမ့်ချခြင်းနှင့် စိတ်ငြိမ်းချမ်းခြင်းတို့သည် ယှဉ်တွဲ၍ ဖြစ်ပေါ်တတ်သည်။
အခြားသူများ အထင်ကြီးစေလိုစိတ်နည်းပါးလေလေ
သူတို့က ကိုယ့်ကို ပို၍ အထင်အမြင်ကောင်းလေလေဖြစ်သည်။
နှလုံးသားဖြင့် မျှဝေခံစားတတ်သောသူတို့ကို လူတွေက ခင်မင်တတ်စမြဲဖြစ်သည်။
++++++++++++++++++++++++++++++++++++


အပြစ်အနာရှာခြင်းကို ရှောင်ပါ။
ကိုယ့်အပေါင်းအသင်း၊ ကိုယ့်မိတ်ဆွေများကို အပြစ်မမြင်တတ်ခြင်းသည် ကိုယ့်ဘဝအဆင့်အတန်းရှိခြင်းကို ဖော်ပြရာရောက်လေသည်။
++++++++++++++++++++++++++++++++++++


မေတ္တာထားရမည့်သူကို ရှာဖွေစဉ်းစားရန် နေ့စဉ်အချိန်ပေးပါ။
တစ်နေ့လျှင် ခင်မင်စရာတစ်ဦးရှာကြံစဉ်းစားမိလျှင်
မုန်းတီးစိတ်များ ဝေးကွာသွားလိမ့်မည်။
++++++++++++++++++++++++++++++++++++



ကိုယ့်ခံယူချက်နှင့် မတူသောစာအုပ်၊စာပေများကို
ရှာဖတ်ပြီးအလိမ်မာတိုးအောင်လုပ်ပါ။
တစ်နေ့မိနစ်အနည်းငယ်မျှဖြင့်
ကိုယ်နှင့်အမြင်မတူသော အကြောင်းအရာများကို ရေးသားထားသည့်ဆောင်းပါးများ၊
စာအုပ်များကို ဖြည်းဖြည်းချင်းဖတ်ရှုလေ့လာကြည့်သင့်၏။
ကိုယ်စိတ်ထားနှင့် ကိုယ့်နှလုံးသားကို တိုးချဲ့ဖွင်လှစ်၍ အကြံသစ်၊ ဉာဏ်သစ်များ ဝင်ရောက်လာအောင် ပြုလုပ်ဖို့ဖြစ်သည်။
++++++++++++++++++++++++++++++++++++


ကိုယ်လိုချင်သောအရာထက်

ကိုယ့်မှာရှိသောအရာကို စိတ်ဝင်စားပါ။
++++++++++++++++++++++++++++++++++++


သာမာန်လူတစ်ယောက်၌
တစ်နေ့လျှင် စိတ်ကူးပေါင်း ၅၀၀၀၀ (ငါးသောင်း)ခန့်မျှ
ပေါ်ပေါက်မည်
ဟု ခန့်မှန်းချက်ရှိသည်။
++++++++++++++++++++++++++++++++++++


“ စိတ်အခြေကို ငြိမ်သက်ပါစေ”

လူတွေမှာ ဖြစ်တဲ့ပြဿနာအားလုံးဟာ
အခန်းထဲမှာတစ်ယောက်တည်း
တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်တဲ့ကိစ္စက
စတာပဲ။

( ပါစကယ် )

++++++++++++++++++++++++++++++++++++



ပေးကမ်းခြင်းသည်ပင်
ဤဝန်ဆောင်မှုလုပ်ငန်း၏ဆုလာဘ်ဖြစ်သည်။
တစ်ဦးဦးကို အကူအညီပေးပြီးနောက် ဘာမှ မမျှော်လင့်ပါနဲ့။
စိတ်ကြည်နူးမှုကို အဆီးအတားပြုသောအရာကား
အတုံ့အပြန်သဘောကို မျှော်လင့်ခြင်းဖြစ်၏။

++++++++++++++++++++++++++++++++++++


ကြုံတွေ့ရသော ပြဿနာတို့ကို
သင်ဆရာဟု မှတ်ယူပါ။
++++++++++++++++++++++++++++++++++++


အခြားသူများကို အပြစ်ဖို့ခြင်းမှာ
အလွန်စိတ်အားကုန်ဆုံးရသော အလုပ်ဖြစ်သည်။
++++++++++++++++++++++++++++++++++++
တစ်နေ့မျှ ဘာကိုမျှ မျှော်လင့်မထားဘဲ
ကြုံလာသမျှကို လက်ခံပါ။
++++++++++++++++++++++++++++++++++++


အခက်အခဲ နှင့် ပြဿနာများမှာ
ဘဝ၏အစိတ်အပိုင်းများဖြစ်သည်ကို မမေ့ပါနဲ့။

ကြုံရသော ပြဿနာများက…

1. အလိမ်မာတိုးစေသည်၊
2. သည်းခံခြင်းတရားကို ကျင့်သုံးခွင့်ရသည်၊
3. ဘဝအကြောင်းလေ့လာခွင့်ရသည်၊
4. စိတ်ထားနှလုံးသားကို ပွင့်လင်းစေရန်လေ့ကျင့်ခွင့်ရစေသည်။


++++++++++++++++++++++++++++++++++++

အဓိပ္ပါယ်ရှိတဲ့ အောင်မြင်ပြီးမြောက်မှုဆိုတာဘာလဲ…

1. အခြားသူများအား စာနာမှုရှိရဲ့လား၊

2. ငါ့အားထိပါးလာသောအခါ အလွယ်တကူတုံ့ပြန်ခြင်းထက်
တည်ငြိမ်အေးဆေးစွာ ဣနြေ္ဒကို သိမ်းဆည်းနိုင်ပါသလား၊

3. မေ့မေ့ပျောက်ပျောက်ထားပြီး လုပ်စရာရှိသည်ကို လုပ်တတ်ပါသလား၊

4. အောင်မြင်မှုအတိုင်းအတာကား ကိုယ်လုပ်နေသော အလုပ်မဟုတ်ဘဲ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်သည်ဟူသောအချက်ကို မှီလျက်
ရင်ထဲ၊ နှလုံးသားထဲတွင်မည်သို့ စာနာတတ်သည်
ဟူသော အချက်ကသာ ဆုံးဖြတ်ပေးသည်။
++++++++++++++++++++++++++++++++++++



မေတ္တာမျှနိုင်လေလေ၊
မေတ္တာရလေလေ ဖြစ်သည်။
++++++++++++++++++++++++++++++++++++


သူများပေးလာသော ဒုက္ခကို လက်မခံပါနှင့်။
++++++++++++++++++++++++++++++++++++


ဘယ်ဟာ အရေးကြီးသလဲဟု အစဉ်မေးပါ။
++++++++++++++++++++++++++++++++++++



ဒီနေ့ကို ဘဝရဲ့နောက်ဆုံးနေ့အဖြစ်
သဘောထား၍ အလုပ်လုပ်ပါ။

……………………………………………………………………….

အသေးအမွှား အရေးမထားဖို့ နည်းလမ်း (၁၀၀)
မောင်ဆုရှင်


{ [ Don’t Sweat the Small Stuff ]
by Ruchard Carlson Ph.D}

Monday, September 26, 2011

" အမေ့ထံသို့ပေးစာများ-၁၄..."



သို့
ချစ်တဲ့အမေ
သားသတိတရစာရေးလိုက်ပါတယ်။
အမေနေမကောင်းဘူးလို့ပြောသံကြားတော့ စိတ်ပူမိပါတယ်။
ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး
အရေးကြီးလာတယ်ဆိုတာကို သိလာရတယ်။
မြန်မာပြည်မှာလည်း ကျန်းမာရေးစရိတ်ကကြီးတာပါပဲ။
အခု အထူးကုဆေးရုံတွေပေါ်လာတယ်။
အရေးပေါ်ကိစ္စဆိုရင်တော့ အရင်ကလို တန်းစီစရာမလိုတဲ့အတွက်
ကောင်းတယ်လို့ပြောနိုင်ပေမယ့်
ကျန်းမာရေးကုန်ကျစရိတ်တွေက တစ်နေ့ထက်တစ်နေ့ကြီးမားလာတော့
ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်ဖို့ပိုလိုလာတယ်။
ကျန်းမာအောင်နေဖို့ဆိုတာက ခက်တာတော့မဟုတ်ပါဘူး။
မတည့်တာမစားနဲ့ပေါ့၊
တည့်တဲ့အစားအစာကိုတောင် သင့်ရုံပဲစားပေါ့အမေ။
ဒါက ရုပ်နဲ့ဆိုင်တဲ့ကျန်းမာရေး။
စိတ်နဲ့ဆိုင်တဲ့ကျန်းမာရေးကတော့ ဒေါသမထွက်အောင်ထိန်းသိမ်းပေါ့အမေ။
ဒေါသထွက်ပြီဆိုရင်လည်း ဒေါသထွက်နေမှန်းသိပေါ့။
သိပြီးဆိုရင် ဒေါသရဲ့အရှိန်က ကျသွားတယ်။
ဒီအကြောင်းတွေကို သိတာကလွယ်ပေမယ့်
တကယ်တန်းကျင့်ကြံဖို့တော့ ထင်သလောက်မလွယ်လှဘူး။
ဒေါသအကြောင်းပြောရအုန်းမယ်။
ဆရာတစ်ဦးကပြောဖူးတယ်။
သာမန်လူတစ်ယောက်ရဲ့သွေး
၂-စီစီ(2-cc)ကို စုတ်ယူပြီး စမ်းသပ်ခံကြွက်ဖြူလေးတစ်ကောင်ရဲ့ကိုယ်ခန္ဓာထဲကို
ထိုးသွင်းလိုက်တယ်။
ကြွက်ဖြူလေးဘာမှမဖြစ်ဘူး။
နောက်တော့ အဲဒီလူကိုပဲ ဒေါသထွက်အောင်လုပ်လိုက်တယ်။
ပြီးတော့ သူ့ရဲ့သွေး ၂-စီစီကိုပဲ ဆေးထိုးပြွန်နဲ့စုတ်ပြီး၊
အဲဒီကြွက်ဖြူလေးကို ထိုးသွင်းလိုက်တဲ့အခါမှာ
အဲဒီကြွက်ဖြူလေးဟာ ၂-မိနစ်အတွင်းမှာပဲ
ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး သေသွားတယ်။
အဲဒီစမ်းသပ်မှုကသိရတာက ဒေါသထွက်လာတဲ့အခါ
လူ့ကိုယ်ခန္ဓာထဲကနေ အဆိပ်တွေထွက်လာတယ်။
ဒေါသကြောင့် ထွက်လာတဲ့အဆိပ်ကိုတော့
အရွယ်ငယ်တဲ့သတ္တဝါကတော့ မခံနိုင်ဘူး။
လူကလတ်တလောခံနိုင်ပေမယ့် တာရှည်မှာ
ကျန်းမာရေးကိုထိခိုက်လာစေပါတယ်။
ဒါကြောင့် ဒေါသမထွက်နဲ့လို့လူတိုင်းကိုသတိပေးနေရတယ်။
လူတိုင်းကိုသတိပေးရသလို ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးနေရတာပါပဲ။
စိတ်ဆင်းရဲတာလည်း တရားကိုယ်အားဖြင့်တော့ ဒေါသပါပဲ။
သတိ၊ဥာဏ်ရှိရင် ကျန်းမာအောင်ထိန်းသိမ်းနိုင်ပါတယ်။
အမေရိကားကိုရောက်တာခြောက်လကျော်လာခဲ့ပေမယ့်
အမေအတွက်ငွေတစ်ကြိမ်ပဲပို့ပေးနိုင်တဲ့အတွက်
စိတ်မကောင်းပါဘူးအမေ။
ကျနော်တို့ကယ်လီဖိုးနီးယားကိုရောက်တော့
ရောက်စဆိုတော့ ဘာအလုပ်မှတော့မလုပ်နိုင်သေးဘူး။
အားနေတယ်။ ဒီတော့ မိန်းမရဲ့အမက သူ့ရဲ့စတိုးဆိုင်ကိုခေါ်သွားတယ်။
မိန်းမအလုပ်မရခင်မှာ တော့ လိုရမယ်ရဆိုပြီး
ကွန်ပျူတာနဲ့စာရင်းသွင်းတဲ့အလုပ်ကို ဝိုင်းကူလုပ်ပေးတယ်။
သုံး-လေး-ရက်အတွင်းမှာပဲ မိန်းမက လုပ်တတ်သွားပြီ။
ကျနော်ကတော့ ကိုယ့်ကွန်ပျူတာနဲ့အလုပ်ရှုတ်နေလို့ မတတ်လိုက်ဘူး။
တစ်ပတ်ကျော်လာတော့ မိန်းမက ဂျပန်အစားအသောက်လုပ်ငန်းတစ်ခုဖြစ်တဲ့
ဆူရှီးဆိုင်မှာ အလုပ်ရသွားတယ်။
ကျနော်ကအလုပ်မရသေးဘူး။
အကောင်းမြင်စိတ်နဲ့တွေးရင်တော့ အလုပ်မရတာဟာလည်း
ကောင်းဖို့ဖြစ်လာတာပါပဲ။
စာဖတ်ဖြစ်တယ်။စာတွေရေးဖြစ်တယ်။
ကိုယ်ဝါသနာပါရာအလုပ်ကို စိတ်တိုင်းကျလုပ်ခွင့်ရတာကိုက
ကံကောင်းလို့ဖြစ်လာတဲ့အခွင့်အရေးပဲမဟုတ်လား။
မိန်းမကကြည်ကြည်ဖြူဖြူနဲ့ သူမရဲ့လုပ်စာကို ထိုင်စားခွင့်ပေးထားတာဟာလည်း
ကံကောင်းတာပဲမဟုတ်လား။
ယောကျာ်းကို မိန်းမကစေတနာကောင်းနဲ့လုပ်ကျွေးခွင့်ရတာကို ကုသိုလ်လို့ထင်ပေမယ့်
မိန်းမရဲ့အမျိုးတွေက ‘ယောကျာ်းဖြစ်ပြီး မိန်းမလုပ်စာကို ထိုင်စားနေတယ်’ လို့ထင်နေကြတယ်။
ပြောနေကြတယ်။ကြားတာပေါ့။ နံရံတွေမှာနားရှိတယ်လေ။
ဘာကြောင့်ဆိုတော့ တစ်ချိန်လုံးအလုပ်ရှာဖို့ချည်း ပြောနေတယ်။
တစ်ချိန်လုံးကွန်ပျူတာထဲမှာ အလုပ်လျှောက်ဖို့တိုက်တွန်းနေတယ်။
အေးအေးဆေးဆေးလုပ်နေတော့ မခံချိ၊မခံသာအောင်ပြောနေတယ်။
အိမ်ပြန်ရောက်ရင် အဲဒီအသံကိုချည်းနေ့စဉ်နေ့တိုင်းကြားနေရတော့
စိတ်ရှုတ်လာတယ်။ စိတ်ပျက်လာတယ်။
အိမ်မှာမနေချင်တော့ဘူး။
ဘယ်သွားရမှန်းလည်းမသိဘူး။
မိန်းမအလုပ်ရှိရာ နေရာမှာသွားထိုင်နေမိတယ်။
အမြဲတမ်းကျတော့လည်းမကောင်းပြန်ဘူး။
နောက်တော့ ကားထဲမှာပဲ စာဖတ်ဖြစ်တယ်။
ကားဟာ အိမ်ဖြစ်လာတယ်။အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာ ကားကိုထိုးပြီး
စာဖတ်ရတာလည်းအရသာတစ်မျိုးပါပဲ။
တစ်နေကုန်ဆိုတော့လည်း ညောင်းလာတယ်။
နေ့လည်ဖက်ဆိုရင် ပူတယ်။
တာရှည်ဆိုတော့ မကောင်းပြန်ဘူး။
အိမ်မှာ ရတဲ့အခန်းကျဉ်းလေးထဲမှာ တစ်နေကုန် အပြင်မထွက်ပဲ
စာဖတ်တယ်။ စာရေးတယ်။ တစ်ရံတစ်ခါ အိပ်တယ်။
ဒါလည်း အပြောမလွတ်ပါဘူး။
'အခန်းထဲမှာပဲ နေလို့မရဘူး' တဲ့။
'ရူးသွားမယ်'တဲ့။
အို…စုံနေတာပါပဲအမေရာ။
စိတ်ရှုတ်စရာစကားတွေကိုပြန်မပြောချင်တော့ပါဘူး။
ဒီသင်ခန်းစာကို ကျနော်ငယ်ငယ်က မရခဲ့ဖူးဘူး။
ဒါကြောင့် ကျနော့်ကို ပညာပေးနေသလားလို့တောင်တွေးလာမိတယ်။
အဲဒါနဲ့ပဲ နောက်ဆုံးကျတော့ ကျနော်စာကြည့်တိုက်ကို ရှာတွေ့သွားတယ်။
စာကြည့်တိုက်ကိုတွေ့တော့ ဝမ်းသာလိုက်တာ။
ဒါပေမယ့် စဦးပိုင်းမှာ မဝင်ရဲခဲ့ဘူး။
ကိုယ်က အင်္ဂလိပ်စကားမှာ အားနည်းတော့ ဘယ်လိုမေးပြီး၊ ဘယ်လိုပြောရမှန်းမသိတာနဲ့ကို
ဖြတ်သွား၊ဖြတ်လာတာက အကြိမ်ကြိမ်ပါပဲအမေရာ။
သတ္တိကိုမွေးရတယ်။
အသက်ကိုပြင်းပြင်းရှု၊
အမေသွန်သင်ခဲ့တဲ့အတိုင်းပါပဲ။
“ လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ သူ့ရဲ့သတ္တိပဲသားရယ်။
သားမှာ သတ္တိသာ ရှိခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လိုမဲမှောင်နေပါလေ့စေ၊
အဲဒီအမှောင်ကို ဖြိုခွင်းနိုင်ပါတယ်”လို့အမေပြောခဲ့ဖူးတဲ့စကားကို
နှလုံးသွင်းပြီး၊ပါစပ်ကလည်း ရွတ်ပြီးဝင်ရတာပေါ့။
ကိုယ်ကြောက်သလောက်လည်း ကြောက်စရာမကောင်းဘူးဆိုတာကို
ဝင်ကြည့်တော့မှသိရတယ်။
ကိုယ်သိသလိုမေးလိုက်တာပါပဲ။
မေးတော့လည်း သူတို့က ဖေါဖေါရွေရွေနဲ့ပြန်တုန့်ပြန်ပါတယ်။
နောက်တော့လည်း အိမ်မှာ မနေချင်တိုင်းကိုသွားဖြစ်တဲ့နေရာတစ်ခုဖြစ်လာတယ်။
အမေရိကားရောက်ပြီးနောက်ပိုင်း...
"စိတ်အချမ်းသာဆုံးအချိန်တစ်ခုကိုပြောပါ"
ဆိုရင် စာကြည့်တိုက်ကိုသွားတဲ့အချိန်လို့တောင်ပြောရမယ်ထင်ပါတယ်။
စာကြည့်တိုက်ထဲမှာ စာအုပ်တွေက မျိုးစုံလွန်းလှတယ်။
စာဖတ်ဖို့၊စာရေးဖို့နေရာတွေလည်းပြည့်စုံတယ်။
လေအေးစက်လည်းတပ်ထားတော့အစဉ်ပြေတယ်။
စာကြည့်တိုက်ဆိုတာ သဲကန္တာရထဲက အိုအေစစ်ပါလို့ပြောချင်ပါတယ်။
အဆိုးတွေတွေ့ပြီးရင်အကောင်းတွေတွေ့ရစမြဲပဲဆိုတဲ့
သင်ခန်းစာကိုလည်းရလာပါတယ်။
ကဲ…အမေရေ
အမေနဲ့နီးစပ်တဲ့လူတွေကိုပြောလိုက်စမ်းပါ။
ကျနော်ကပြောလိုက်တယ်လို့။
“ ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုရှိမယ်။
စိန်ခေါ်မှုတွေကိုလည်း နှစ်သက်မယ်။
ဘာကိုဘဲဖြစ်ဖြစ် ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်မယ်ဆိုရင်
အမေရိကားကိုလာဖြစ်အောင်လာဖို့တိုက်တွန်းလိုက်ချင်ပါတယ်။
အမေရိကားဆိုတာ အခက်အခဲနဲ့အခွင့်အလမ်းဒွန်တွဲနေတဲ့နေရာတစ်ခုဖြစ်တယ်
ဆိုတာကို တဖြည်းဖြည်းသိလာခဲ့လို့ပြောလိုက်တာပါ။”လို့။
အမေရေ.....
စာလည်းရှည်သွားပြီထင်ရဲ့။
အမေမျက်မှန်ကိုချွတ်လိုက်ပါအုန်း။
ကျနော်ပြောတာကို အမေရဲ့သားသမီးတွေ၊ မြေးတွေ၊မြစ်တွေကိုခေါ်ပြီး
ပြောလိုက်ပါအုန်း။
အမေကျန်းမာရေးကို ဂရုစိုက်ပါနော်။

အမေကိုချစ်တဲ့သား...
အောင်ဝင်းဟိန်း၊
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၉-၂၆-၂၀၁၁
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com