Thursday, July 7, 2011

“ ကျေးဇူးရှင်များရဲ့စာ၊စကား…”



၁. မကောင်းမှုရှောင်၊
ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထား။
(မြတ်ဗုဒ္ဓ)
***************************
၂. မခံစားရတာချမ်းသာ။
(မဂ္ဂသာဝက အရှင်သာရိပုတ္တရာ)
***************************
၃. ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့၊
ဘုရား မကဲ့ရဲ့အောင်နေ။
(ဆရာတော်ဦးဗုဓ်)
***************************
၎. နိဗ္ဗာန်လိုချင်လျှင်
သူများအတင်းမပြောနှင့်။
(ထွဋ်ခေါင်ဆရာတော်)
***************************
၅. တစ်ယောက်တည်း သင့်အောင်နေ။
(ရေငုံဆရာတော်)
***************************
၆. အကျိုးတရားကို မပွားပါနဲ့၊
အကြောင်းတရားကိုသာ တဲ့အောင်လုပ်ပါ။
(လှေသင်းမင်းကျောင်းဆရာတော် )
***************************
၇. ခုကြပ်မှ နောင်ချောင်မယ်၊
ခုချောင်ရင် နောင်ကြပ်မယ်။
(ငါးသလောက်တောရဆရာတော်)
***************************
၈. ကျင်ကြီးသည် နွေးသည်ဖြစ်စေ၊
အေးသည်ဖြစ်စေ ရွံဖွယ်သာတည်း။
(ပထမရွှေကျင်ဆရာတော်)
***************************
၉. သွားတာကို သွားတယ်လို့သိ။
(လယ်တီဆရာတော်)
***************************
၁၀. နိဗ္ဗာန်လိုချင်ရင်
တမလွန်မျက်မှောက် ကြောက်အောင်နေ။
(မန်ကျည်းတောဆရာတော်)
***************************
၁၁. သူများ စိတ်မဆိုးအောင်နေ။
(ငါးခုံဆရာတော်)
***************************
၁၂. ဖြစ်အောင်လည်းမလုပ်နဲ့၊
ပျက်အောင်လည်း မလုပ်နဲ့၊
ဖြစ်တာ၊ပျက်တာကိုပဲ သိပါစေ။
(သထုံဇေတဝန်ဆရာတော်)
***************************
၁၃. မဆင်းရဲချင်ရင်
ငြိမ်ငြိမ်နေ၍ သိအောင်ကြိုးစား။
(စွန်းလွန်းဆရာတော်)
***************************
၁၄. တစ်စပ်တည်းဖြစ်အောင် ဆောင်ကြ။
(ဝေဘူဆရာတော်)
***************************
၁၅. ပေါ်တိုင်းမပြတ် ရှုမှတ်နေပါ။
(မဟာစည်ဆရာတော်)
***************************
၁၆. ငါသည် မုချသေရမည်၊
အချိန်ပိုင်းသာလိုတော့သည်။
(မိုးကုတ်ဆရာတော်)
***************************
၁၇. စိတ်ကောင်းရှိဖို့က ပထမ။
(မဟာဂန္ဓာရုံဆရာတော်)
***************************
၁၈. ကံဆိုတာ အလုပ်၊
အလုပ်ကောင်းမှ ကံကောင်းမည်။
(ညောင်တုန်းရွှေဟသာင်္ဆရာတော်)
***************************
၁၉. ကုသိုလ်အလုပ်ဟူသမျှ
လုပ်လိုစိတ်မရှိသော်လည်း ပေပြီးလုပ်။
(မစိုးရိမ်ဆရာတော်)
***************************
၂၀. အကုသိုလ်လုပ်ငန်းဆိုတာ ကိုယ်ကတာဝန်ယူရတယ်၊
ကုသိုလ်လုပ်ငန်းကတော့ ကိုယ်က ဘာမျှကြောင့်ကြစိုက်ရန်မလို၊
သူက ကိုယ့်ကို တာဝန်ယူရတယ်။
(မင်းကွန်းတိပိဋကဆရာတော်)
***************************
၂၁. ပေးပါ၊ ပြန်ရမယ်၊
သို့သော် ပြန်ရလိုသော စိတ်နှင့်မပေးရ။
(မစိုးရိမ်ဆရာတော်)
***************************
၂၂. ဘယ်အခါမဆို သေဝံ့အောင်နေ။
(သံယုတ်ဆရာတော်)
***************************
၂၃. အမှန်အတိုင်း မသိတဲ့အချိန် လူမိုက်၊
အမှန်အတိုင်း သိတဲ့အချိန် ပညာရှိ။
(ဂျူံးဂျူံးကျဆရာတော်)
***************************
၂၄. တာဝန်ကျေပါ၊
မတွယ်တာပါနဲ့။
(တောင်တန်းသာသနာပြုဆရာတော်)
***************************
၂၅. ချမ်းသာခံစားရလေလေ၊
ဆင်းရဲထင်ရှားလေလေ။
(သပြေကန်ဆရာတော်)
***************************
၂၆. သေခါမှ အရှက်ကွဲရမယ်နော်။
(ပခုက္ကူတိုက်သစ်ဆရာတော်)
***************************
၂၇. ဗုဒ္ဓ-စာများများဖတ်။
(ဓမ္မာနန္ဒဆရာတော်)
***************************
၂၈. ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း
သတိနဲ့စောင့်ကြည့်၊
အဲဒါ ဝိပဿနာပဲ။
(ချမ်းမြေ့ဆရာတော်)
***************************
၂၉. တစ်ဖက်သားကိုကြည့်တဲ့အခါ
အကောင်းဖက်က ကြည့်ပါ။
(ဓမ္မာနန္ဒဆရာတော်)
***************************
၃၀. အကုသိုလ်ဖြစ်တဲ့နေ့ဟာ
ပြဿဒါးနေ့ပဲ။
(ရွှေဥမင်ဆရာတော်)
***************************
၃၁. ငါ ဝင်မရှုပ်နဲ့။
(မဟာဗောဓိမြိုင်ဆရာတော်)
***************************
၃၂. အသိမှန်မှ အကျင့်မှန်မယ်။
(ယောဆရာတော်)
***************************
၃၃. အချိန်တိုင်းတွေးနေရင်း
ဘဝပြောင်းနေသည်။
(မိုးညှင်းသိင်္ဂီဆရာတော်)
***************************
၃၄. သူတပါးရဲ့နှမ်းစေ့လောက်အပြစ်ကလေးကို မြင်တတ်ပေမဲ့
မိမိရဲ့အုန်းသီးလောက်အပြစ်ကြီးကိုတော့ မမြင်တတ်ကြဘူး။
(လောကနီတိဆရာ)
***************************
၃၅. သူတစ်ပါးအပြစ်ကိုကြည့်လွန်းသူဟာ မိမိအပြစ်ကို ဖုံးကွယ်တတ်တယ်၊
မိမိအပြစ်ကို ကြည့်ဖို့တော့ မေ့လျော့နေတတ်တယ်၊
မိမိအပြစ်ကို ကြည့်တတ်ပါမှ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်တတ်မယ်။
(ဒုတိယ ဓမ္မာနန္ဒဆရာတော်)
***************************
၃၆. သူ့ရောဂါ ကိုယ့်မကူးစက်ပါစေနဲ့၊
ရောဂါကူးစက်ခံရရင် မူလရောဂါသည်ထက် ပိုဆိုးတတ်တယ်။
(ဒုတိယ ဓမ္မာနန္ဒဆရာတော်)
***************************

Wednesday, July 6, 2011

" မှားတဲ့အခါလည်း မှားပေမှာပေါ့..."




ဆေးရုံတစ်ခုရဲ့
ခန်းမတစ်ခုအတွင်းမှာဖြစ်တယ်။

အမျိုးသမီးငယ်တစ်ယောက်ဟာ

တွန်းလှည်းကုတင်လေးပေါ်မှာ ပက်လက်ကလေးစောင့်နေရရှာတယ်။

သူမဟာ ခွဲစိပ်ကုသခံရမှာ ဖြစ်တဲ့ အတွက်

အဝတ်အစားမပါ ဗလာကိုယ်တီးနဲ့ ဖြစ်နေလို့

စောင်ဖြူပါးလေးနဲ့ ချုံလွားပေးထားကြတယ်။

ခဏနေတော့ ဝတ်ရုံအဖြူကြီးဝတ်ထားတဲ့ လူတစ်ယောက်

အခန်းအတွင်းဝင်စောင်
ကို မ, ကြည့်တယ်။

ပြီးတော့ ပြုံးပြုံးပြုံးပြုံးလုပ်ပြီးထွက်သွားပါတယ်။

ခဏနေပြန်တော့ ခုနလူ

နောက်တစ်ခါ ဝင်လာပြီး စောင်ကို မ, ကြည့်ပြန်တယ်။

ပြီးတော့

ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားပြန်ပါတယ်။

အဲ...သိပ်မကြာခင်ဘဲ ခုနလူ တတိယအကြိမ်အခန်းထဲ ပြန်ဝင်လာပြီး

စောင်ကို မ, ကြည့်ပြန်တယ်။

ဒီတခါတော့ အမျိုးသမီးငယ်က မေးတယ်။

"
ဒေါက်တာ၊

ကျမကို
မကြာခင် ခွဲစိပ်ကြတော့မှာလားဟင်"


ဒီတော့...အဲဒီလူက ပြန်ဖြေလိုက်တာက...

"
အဲဒါတော့ မသိဘူးဗျ၊

ကျနော်က ဒီဆေးရုံကို ဆေးပြန်သုတ်နေတဲ့ ဆေးသုတ်သမားပါခင်ဗျာ..."တဲ့။

Monday, July 4, 2011

" အမေထံသို့ပေးစာ-၇..."




သို့
ချစ်တဲ့အမေ
သတိရတယ်။
အမေ့ရဲ့ကျန်းမာရေးက
ကောင်းသထက်ကောင်းလာတယ်လို့ကြားရတဲ့အတွက် ဝမ်းသာတယ်။
ကျန်းမာရေးကအရေးကြီးတယ်အမေ၊
ကျန်းမာရေးကို ဂရုစိုက်ပါလို့ ထပ်ခါတလဲလဲ မှာပါရစေ။
ပြောရအုန်းမယ်။
ကျနော်တို့ အမေရိကားရောက်စဆိုတော့ ပျော်တာပဲသိတယ်။
သူငယ်ချင်းကလည်းပြောတယ်။
“ ပျော်ပျော်နေ၊သူငယ်ချင်း၊
နောက်ဆိုရင် ပျော်ချိန်တောင် ရမှာမဟုတ်ဘူး။
ဘာဖြစ်လို့ဆိုတော့ အလုပ်လုပ်ရင်း အလုပ်ထဲမှာ နစ်မြှတ်နေလို့၊”
ဒီကောင်ကြီးနောက်နေတယ်လို့ထင်ခဲ့မိတယ်။
သူငယ်ချင်းက ကောင်းတယ်။ ဘာမှမခိုင်းပါဘူး။
စာဖတ်လိုက်၊ စာရေးလိုက်၊
စားလိုက်၊သောက်လိုက်၊
လည်လိုက်၊သွားလိုက်၊
အစဉ်ကိုပြေနေပါလား။
ရက်အနည်းငယ်ကြာတော့ သူက Social Security Department ဆိုတဲ့ ရုံးကိုခေါ်သွားတယ်။
ဆိုရှယ်ကဒ်လုပ်ဖို့လိုတယ်ဆိုပြီးခေါ်သွားတာ၊
ဖောင်တွေဖြည့်ရတာပေါ့၊ မေးတာတွေကိုလည်းဖြေရတာပေါ့။
ဝန်ထမ်းတွေက သဘောကောင်းကြတယ်။ ကူညီတယ်။
ဆိုရှယ်ကဒ်တွေဆိုတာ အမေရိကန်မှာနေသူအတွက် မရှိမဖြစ်လိုအပ်တဲ့ကဒ်မျိုးပါ။
မြန်မာပြည်မှာဆိုရင်တော့ သန်းကောင်စာရင်းနဲ့တူမယ်ထင်တယ်။
ကိုယ့်ရဲ့အကောင်းအဆိုးမှန်သမျှကို မှတ်တမ်းတင်ထားတဲ့ကဒ်မျိုးလည်းဖြစ်တယ်။
တာဝန်ကျဝန်ထမ်းက သုံးပတ်အတွင်း အိမ်ကိုစာတိုက်ကနေပို့ပေးမယ်လို့ပြောတော့
ယုံကြည်ဖို့ခက်နေတယ်။
စာတိုက်ကရော စိတ်ချရပါ့မလား။
အရေးကြီးတဲ့ကဒ်က ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်လို့ထင်ပြီး ဟိုတွေး၊ဒီတွေးနဲ့တွေးမိခဲ့ပါတယ်။
သူတို့ပြောတဲ့အတိုင်း ဆယ်ရက်အတွင်းမှာပဲ စာတိုက်က ဆိုရှယ်ကဒ်တွေရောက်လာပါတယ်။
အရေးကြီးတာက ကိုယ်ပိုင်ဆိုရှယ်နံပါတ်တွေရတာပါပဲ။
အမေ၊
ကာရိုးလိုင်းနား(မြောက်)မှာ ဘာလင်တန်မြို့ဟာအရမ်းလှပတဲ့မြို့လေးတစ်မြို့ပါပဲ။
ရောက်စဆိုတော့ အအေးဒဏ်ကို မခံနိုင်ပေမယ့် တဖြည်းဖြည်းကျင့်သားရလာပါတယ်။
အနွေးထည်ကတော့ အမြဲဝတ်ထားရတာပေါ့။
အိမ်မှာကတော့ အပူပေးစက်ရှိတယ်။
သူငယ်ချင်းအိမ်က ကိုယ်ပိုင်အိမ်ပါ။
 ပန်းခြံနဲ့အိမ်ဆိုတော့ လှပတဲ့အိမ်တစ်အိမ်ပါပဲ။
သူဆီမှာ ကိုယ်ပိုင်ကားက သုံးစီးရှိတယ်။
အကောင်းစားတွေပါပဲ။
မိသားစုသုံးယောက်ကားသုံးစီး။
သူငယ်ချင်းတော်တော်ကြိုးစားအားထုတ်ထားတယ်ဆိုတာ ခန့်မှန်းမိပါတယ်။
တစ်စီးက သူ့အလုပ်သွားရင်မောင်းဖို့ကား၊
နောက်တစ်စီးက သမီး တက္ကသိုလ်ကိုကျောင်းတက်ရင်မောင်းဖို့ကား၊
နောက်တစ်စီးကတော့ အကြောင်းကြောင်းကြောင့် ကားပျက်ခဲ့ရင် အရန်အဖြစ်သုံးဖို့ကား၊
သူငယ်ချင်းရဲ့အမျိုးသမီးက ကျန်းမာရေးကြောင့်ကားမမောင်းတတ်ပေလို့ပေါ့။
နို့မဟုတ်ရင် ကားလေးစီးရှိနိုင်တယ်။
ကားကလည်း မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်နေတယ်။
ဒီမြို့လေးမှာ လိုင်းကားကို မတွေ့မိဘူး။
လမ်းလျှောက်သူလည်း မရှိသလိုပါပဲ။
ကျန်းမာရေးကြောင့် လေ့ကျင့်ခန်းအဖြစ်ပြေးသူ၊လမ်းလျှောက်သူလောက်ပဲရှိတယ်။
Taxi (အငှားကား)လည်းမတွေ့မိဘူး။
ဒါပေမယ့် ဖုံးဆက်ရင်တော့ လာတယ်။ငှားလို့ရတယ်လို့ပြောတယ်။
တောသားမြို့ရောက်လာသလိုပါပဲ။ အရာရာထူးဆန်းနေတယ်။
မသိလို့မေးတိုင်း ထူးဆန်းတဲ့သတ္တဝါကိုကြည့်သလိုအကြည့်ခံရတယ်။
ဘယ်လိုကြည့်ကြည့်၊မတတ်နိုင်ဘူး။ မသိရင်တော့ မေးရမှာပဲ။
ကြိုက်သလိုလည်း ထင်နိုင်တယ်။
ကျနော်တို့ အမေရိကန်ကို အရင်ဆုံးဝင်တဲ့လေဆိပ်က
ဒယ်ထရိုက်လေဆိပ်(Deltroid Airport)ကိုဝင်တယ်။
အသေအချာစစ်ဆေးမှုလုပ်တယ်။
အမေရိကန်သံရုံးကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို အပ်လိုက်ရတယ်။
ပြီးတော့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်(Green Card) ကို
သုံးလအတွင်းစာတိုက်ကပို့လိုက်မည်ဖြစ်ကြောင်းပြောတယ်။
မြန်မာပြည်မှာဆိုရင် စာတိုက်အပေါ်ထားတဲ့ယုံကြည်မှုအနေအထားက အလွန်ပင် အားနည်းလှပါတယ်။
ဟုတ်ပါ့မလားလို့တွေးလိုက်မိပါသေးတယ်။
တကယ်တန်းတော့ သုံးပတ်အတွင်းမှာပင် စာတိုက်က Green Card ရောက်ရှိလာပါတယ်။
အလွန်အရေးကြီးတဲ့စာရွက်စာတမ်းတွေအတွက်
စာတိုက်ကယုံကြည်ရပါလားလို့တွေးမိသေးတယ်။
အရေးကြီးတဲ့စာရွက်စာတမ်းနှစ်ခုတော့ရပြီ။
နောက်အရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုကတော့ ကားမောင်းလိုင်စင်ဖြစ်တယ်လို့ သူငယ်ချင်းကပြောတယ်။
မြန်မာပြည်ကတော့ သက်တမ်း၉-နှစ်ရှိပြီဖြစ်တဲ့ကားမောင်းလိုင်စင်ပါလာပါတယ်။
အမေရိကန်က အခြားနိုင်ငံရဲ့စာရွက်စာတမ်းကို အသိအမှတ်မပြုပါ။
အမေရိကန်နိုင်ငံရဲ့ပြည်နယ်တစ်ခုကရထားတဲ့ကားမောင်းလိုင်စင်ကိုတောင်မှ
အခြားပြည်နယ်ပြောင်းသွားရင်စာမေးပွဲပြန်ဖြေရပါတယ်။
ဆိုရှယ်ကဒ်ရထားပြီးဖြစ်တဲ့အတွက် ကားမောင်းလိုင်စင်စာမေးပွဲကိုဖြေခွင့်ရပါတယ်။
အရင်ဆုံးရေးဖြေစာမေးပွဲဖြေရပါတယ်။
ပထမအကြိမ်မှာ ကျပါတယ်။၅၆%သာရပါတယ်။
ဒုတိယအကြိမ်မှာ အောင်တယ်။၈၀%မှအောင်ပါတယ်။
တစ်ပတ်ခြားပြီး Road Test လို့ခေါ်တဲ့ လက်တွေ့ကားမောင်းစာမေးပွဲကိုဖြေပါတယ်။
တစ်ကြိမ်ထဲနဲ့အောင်မြင်သွားပါတယ်။
ကားမောင်းလိုင်စင်ကဒ်လည်းစာတိုက်ကဆယ်ရက်အတွင်းရောက်လာပြန်ပါတယ်။
အမေရိကန်မှာတော့ ကားမောင်းလိုင်စင်ကဒ်ပြားဟာ I.Dကဒ်ပြားပါပဲ။
နေရာတကာကိုယူသွားရတယ်။
မြန်မာပြည်မှာတော့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနဲ့တူပါတယ်။
အရေးကြီးတဲ့စာရွက်စာတမ်းသုံးခုဟာ စာတိုက်ကရောက်ရှိလာပါတယ်။
အပိုငွေ(အောက်ဆိုဒ်ငွေ)လည်းမပေးရပါ။
စာတိုက်ဟာ ယုံကြည်အားကိုးထိုက်တဲ့အစိုးရဌာနတစ်ခုဖြစ်ကြောင်းကိုတော့ အသိအမှတ်ပြုမိပါတယ်။
အစိုးရဌာနတွေဟာလည်း သူတို့ရက်ချိန်းပေးတဲ့ရက်အတွင်းမှာပင်
ပြီးစီးအောင်မြင်အောင်ပို့ပေးနိုင်တဲ့အတွက် တကယ်ပင်အလုပ်လုပ်ကြကြောင်းထင်ရှားတယ်အမေ။
အော်…ဒါဟာလည်း တိုးတက်မှုအတွက်တကယ်အရေးကြီးတဲ့ကိစ္စတွေပဲပေါ့။
အမေရိကန်ဟာ ဒါကြောင့်တိုးတက်တာပဲကိုးလို့တွေးမိတယ်အမေ။
စာလည်းရှည်သွားပြီ။
အမေလည်းဖတ်ရတာညောင်းရောပေါ့။
နောက်တော့မှ အမေရိကန်အတွေ့အကြုံကိုထပ်ရေးပါဦးမယ်။
အခုတော့ ဒါလောက်နဲ့တော်သေးပြီ။
အမေ ကျန်းမာရေးကိုဂရုစိုက်ပါ။

ချစ်တဲ့အမေရဲ့သား
အောင်ဝင်းဟိန်း
 ဘာလင်တန်မြို့ ၊(Burlington)
ကာရိုလိုင်းနား(မြောက်)ပြည်နယ်၊(North Carolina)
အမေရိကန်ပြည်ထောင်စု၊(USA)


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com