Wednesday, December 23, 2009

နတ်သက်နဲ့ တွက်ကြည့်ရင် တကယ်နေ့ချင်းပြန်...



ဘုရားရှင်လက်ထက်က သက်တမ်းအလွန်ရှည်တဲ့ ဝရုဏ နဲ့ ဝါရဏ ဆိုတဲ့ နတ်ကြီးနှစ်ပါး ရှိသတဲ့။

ဂေါတမဘုရားအလောင်း ပဋိသန္ဓေနေတော့မယ်လို့ သတင်းကြားကတည်းက

ဗုဒ္ဓဂုဏ်ကို အာရုံပြုပူဇော်ဖို့ နတ်ပန်းကုံးကြီး လုပ်ကြသတဲ့။

ဘုရားပရိနိဗ္ဗာန် စံခါနီးလို့တောင် သူတို့ရဲ့ ပန်းကုံးကြီးကလုပ်လို့ မပြီးသေးဘူးဆိုပဲ။

ဘုရားပရိနိဗ္ဗာန် စံတော့မယ့်အကြောင်းကြားရတော့ နတ်နှစ်ပါး တအံ့တသြ ပြောကြသတဲ့။

“ဟယ်…ဘုရားကလည်း မြန်လိုက်တာ

ဒီနေ့ပဲ ပဋိသန္ဓေနေတယ်၊

ဒီနေ့ပဲ ဖွားမြင်တယ်၊

ဒီနေ့ပဲ တောထွက်တယ်၊

ဒီနေ့ပဲ ဘုရားဖြစ်တယ်၊

ဒီနေ့ပဲ တရားဦးဟောတယ်၊

ဒီနေ့ပဲ ရေမီးအစုံအစုံတန်းခိုးပြတယ်၊

ဒီနေ့ပဲ တာသတိံသာနတ်ပြည်ကို တက်တရားဟောပြီး

ဒီနေ့ပဲနတ်ပြည်ကပြန်ဆင်းတယ်၊

ဒီနေ့ပဲ အာယုသင်္ခါရ လွှတ်တယ်၊

ဒီနေ့ပဲ ပရိနိဗ္ဗာန်စံတော့မယ် ဆိုပဲ၊

မြန်လှချည်လား၊ ဘုရားကနေ့ချင်းပြန်ကြွလာတာပါလား၊

မနက်ဖြန် ယာဂုဆွမ်းဘုဉ်းပေးချိန်ထိတော့ နေဖို့ကောင်းသေးတယ်။” လို့ပြောကြသတဲ့။


ဟုတ်ပါတယ်။

တာဝတိံသာနတ်သက် (၁)ရက်တောင်မပြည့်တဲ့ဘုရားရှင်ရဲ့ သက်တော်(၈၀)၊

စတုမဟာရာဇ်နတ်သက်(၁)ရက်တောင်မပြည့်တဲ့ ဝါတော်(၄၅)ဝါ။

(ဘုရားသက်(၄၅)နှစ်)ဆိုတာ နတ်သက်နဲ့တွက်ကြည့်ရင် တကယ့်နေ့ချင်းပြန်ပါ။


(ယော)ဆရာတော် ............

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက

(၄၅-နှစ် တရားသက်...စာအုပ်မှ.......)

Tuesday, December 22, 2009

“ အများအကျိုး သယ်ပိုးရာတွင်...”




အများအကျိုး............ရွက်သည်ပိုးက

ခနိုးခနဲ့..............ဆိုကဲ့ရဲ့လည်း

မဖဲ့မစောင်း.................ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်....................ရှေးရှုနှင်လော့။


ရွှေဟသာင်္ဆရာတော်ဘုရားကြီး

Sunday, December 20, 2009

“ တွေ့ရင် ပြောပါ့မယ်...”



ဦးအေးရွှေဟာ အလွန်ရိုးသားသူဖြစ်တယ်။

တစ်နေ့မှာတော့ သူရဲ့ သူငယ်ချင်းဖြစ်သူ

ကိုသာအေးရဲ့သမီး မင်္ဂလာဆောင်ကို

ဖိတ်တဲ့အတွက်သွားရပါတယ်။

မင်္ဂဆောင်သွားရတာမို့ အကောင်းဆုံးအဝတ်အစားကို ရွေးဝတ်သွားပါတယ်။

သွားရတဲ့ရွာကလည်း (၉)မိုင်လောက်ဝေးတဲ့ရွာဖြစ်နေတယ်။

အဲဒီအချိန်တုန်းက ကားမရှိတော့ ကုန်းကြောင်းသွားရပါတယ်။

သူငယ်ချင်းဆိုတော့ မသွားလို့ကလည်းမဖြစ်။ အဖေါ်ကလည်းမပါတော့

လမ်းမှာဓါးမြတိုက်ခံရပါတော့တယ်။


ကိုအေးရွှေကို ဓါးမြ နှစ်ဦးက နှစ်ဖက်နှစ်ချက်က ချုပ်ကိုင်ပြီး

အနီးကမြစ်ဆိပ်ကို အတင်းဆွဲခေါ်လာပါတယ်။

ကိုအေးရွှေရဲ့ခေါင်းကို ရေထဲနှစ်လိုက်ပါတယ်။

ပြီးတော့ ခေါင်းကိုဖေါ်ကာမေးပါတယ်။

“ပိုက်ဆံရှိသလား?”

ကိုအေးရွှေက“မရှိဘူး”

ကိုအေးရွှေကို ရေထဲ ပြန်နှစ်လိုက်တယ်။


ဒီတစ်ခါတော့ ပထမအကြိမ်ကထက်ပိုကြာအောင်နှစ်ထားလိုက်တယ်။

ဒီနောက်မှာတော့ ခေါင်းကိုပြန်ဖေါ်ပြီး မေးပြန်တယ်။

“ရွှေကောရှိသလား?”

ကိုအေးရွှေ က“မရှိဘူး”

“ တော်တော်ခေါင်းမာတဲ့အကောင် ”လို့ပြောကာ

ဓါးမြများက ကိုအေးရွှေကို ရေထဲနှစ်လိုက်ပြန်တယ်။


ခဏကြာတဲ့အခါမှာတော့ ပြန်ဖေါ်ပြီးမေးပြန်ပါတယ်။

“ပိုက်ဆံမရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ရွှေလည်း မရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ အဲဒါဆို ဘာရှိလဲ ပြော”


ကိုအေးရွှေက


“ ရေကနောက်နေတော့ ဘာမှ မမြင်ရဘူး။


ကျနော်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊

တွေ့ရင်ပြောပါ့မယ်။

Saturday, December 19, 2009

“ ခွဲရတာများ အဆန်းလုပ်လို့...”




သေကွဲခွဲရတဲ့လမ်းခွဲခြင်းလောက်

ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်
တစ်ခုမှမရှိတော့ပါဘူး။
ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့တောင်
တစ်နေ့လမ်းခွဲကြရမှာပဲဥစ္စာ၊
ခေတ္တခဏလမ်းခွဲရတာလေးကို

ဝမ်းနည်းမနေပါနဲ့လားကွယ်။

အိုသွေးရှိသူတိုင်း အိုကြရသလို
ခွဲသွေးရှိသူတိုင်းခွဲကြရမှာပါ။


အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ).....
စိတ်အားဖြည့်ဓမ္မသံစဉ် စာအုပ်မှ........

Friday, December 18, 2009

“ တူညီသော တန်ပြန်သက်ရောက်မှု...”


တစ်ခါတုန်းက အစာရှာထွက်လာတဲ့ ပျားလေးတစ်ကောင်ဟာ မုန်တိုင်းမိပြီး
မြစ်ထဲကို ပြုတ်ကျသွားပါတယ်။
အဲဒီ ပျားလေးဟာ ရေစီးကြောင်းအတိုင်းမျောလာတဲ့အချိန်မှာ အော်ပြီးအကူအညီတောင်းတာပေါ့။
ပျားလေးရဲ့အော်သံကို သစ်ပင်ထပ်ဖျားမှာ နားနေတဲ့ ချိုးငှက်လေးကကြားသွားတဲ့အခါ
ပျားလေးရဲ့အနားကို သစ်ရွက်တစ်ရွက်ချပေးလိုက်တယ်။
ပျားလေးက သစ်ရွက်ပေါ်တက်လိုက်ပါတယ်။
မကြာခင်မှာပဲ မုန်တိုင်းနဲ့အတူ မိုးတွေလည်းစဲသွားပြီး နေရောင်ခြည်ထွက်လာတဲ့အခါ
ပျားလေးလည်း အတောင်ပံတွေ ခြောက်ပြီးလိုရာကို ပျံသန်းသွားပါတော့တယ်။
တစ်နေ့မှာတော့ အစာစားပြီးချိုးငှက်လေးဟာသစ်ပင်ပေါ်မှာ အိပ်ငိုက်နေတုန်း
မုဆိုးတစ်ယောက်ဟာ အဲဒီချိုးငှက်လေးကို သေနတ်နဲ့ချိန်ပြီးပစ်မလို့လုပ်နေတာကို
ပျားလေးကတွေ့သွားတာပေါ့။
ဒါနဲ့ပဲ ပျားလေးက မုဆိုးရဲ့နှာခေါင်းကို တုတ်ထည့်လိုက်ပါတယ်။
ပျားတုတ်တာခံလိုက်ရတော့ မုဆိုးဟာနာနာနဲ့အော်တာပေါ့။
မုဆိုးရဲ့ပစ်မှတ်ကလည်း လွဲသွားပါတယ်။
ချိုးငှက်လေးလည်း ထပျံသွားပါတော့တယ်။
ဒါနဲ့ပဲ ချိုးငှက်ရဲ့အသက်ကို ပျားလေးကကယ်လိုက်နိုင်ခဲ့ပါတယ်။

ဒီပုံပြင်လေးဟာမကြာခဏကြားဖူးနေရတဲ့အတွက် ရိုးအီနေလောက်ပါတယ်။
ဒါပေမယ့် ပုံပြင်ကပေးတဲ့ သင်ခန်းစာကတော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။
သူတစ်ပါးအပေါ် စေတနာကောင်းနဲ့ ကူညီမှုဟာ
ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူးဆိုတဲ့သင်ခန်းစာပါပဲ။
ပြန်လာတဲ့အခါ စေတနာကောင်းနဲ့တူညီတဲ့အကျိုးအဖြစ်ပြန်လာတတ်ပါတယ်။
တစ်ခုခုကိုမျှော်လင့်ပြီး ကူညီတာမျိုးမဟုတ်ပဲ စေတနာသန့်သန့်နဲ့ကူညီလိုက်ပါ။
သက်ရောက်မှုတိုင်းမှာ ယင်းနဲ့တူညီတဲ့ တန်ပြန်သက်ရောက်မှုဆိုတာ ရှိစမြဲပါ.......။

Wednesday, December 16, 2009

“ ကျန်းမာ၊ သက်ရှည်တဲ့ဘဝ...”



ကမ္ဘာပေါ်တွင် ထူးထူးခြားခြား အသက်ရှည်သူတွေများလှတဲ့နေရာ

သုံးခုရှိပါတယ်။


ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေများလှတဲ့နေရာသုံးခုမှာ

အီကွေဒေါနိုင်ငံရှိ ဗီလ်ဘမ်ဘာဒေသ၊

ရုရှားပြည် ကော့ကေးဆပ်ဒေသ နှင့်

ပါကစ္စတန်ပြည် ဟန်ဇားဒေသ

တို့ဖြစ်ပါတယ်။


အဲဒီဒေသသုံးခုလုံးပင် တောင်ပေါ်ဒေသများဖြစ်ကြတယ်။

စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့်ရပ်တည်နေကြတယ်။

ဒေသခံလူများဟာ

နေ့စဉ်ခရီးဝေးလမ်းလျှောက်ရတဲ့အလုပ်၊

တောင်တက် တောင်ဆင်းအလုပ်များကို

အမြဲလုပ်ကိုင်ကြရတယ်။


သူတို့စားတဲ့အစားအစာများကလည်း

အဆီနည်းတယ်။

အသားဟင်း နည်းတယ်။


ဒီ့ပြင် ဟင်းလျာချက်ပြုတ်စားသောက်တဲ့အခါမှာလည်း

ဟင်းခတ်အမွှေးအကြိုင် စတဲ့

အပိုပစ္စည်းများထည့်လေ့မရှိကြပါ။

အစားအသောက်များ တာရှည်ခံအောင်

ဓာတုဗေဒဆေးများနဲ့ ပြုပြင်သိုမှီးတဲ့အလေ့အထလည်း မရှိပါ။

ဒါကြောင့် အစားအစာများမှာ အဆိပ်အတောက်ကင်းစင်တယ်။


ဒါ့ပြင် သူတို့မှာ

ကလေးဘဝကစပြီး သက်ကြီးရွယ်အိုဘဝအထိ

အအားနေရတယ်မရှိပါ။

ခွန်းအားရှိသရွေ့လုပ်ကိုင်ရတယ်။


ဒါပေမယ့် သူတို့မှာ စက်ရုံအလုပ်ရုံ များ၊ ရုံးများမှာ လုပ်ကိုင်နေသူများလိုတော့

တာဝန်၊ဝတ္တရားနဲ့အလုပ်ချိန်သတ်မှတ်ချက်များရဲ့ဖိစီးမှုမျိုးတော့မရှိပါ။

သူတို့မှာ အားလပ်ရက်ဆိုလို့သီးသန့်မရှိသလို

ပင်စင်မယူချင်ဘဲယူလိုက်ရတာမျိုးလည်းမရှိပါ။


မြို့ပြမှာပင်စင်စားများမှာ အရာမဝင်တော့တဲ့အတွက်သိမ်ငယ်စိတ်ဝင်ပြီး

ကျန်းမာရေးထိခိုက်ကျဆင်းတတ်သော်လည်း

ထိုဒေသတောင်ပေါ်သားများကတော့  အသက်ကြီးတာနဲ့အမျှ

ရပ်ရွာရဲ့လေးစားရိုသေမှုကို ပိုပြီးရရှိလာတဲ့အတွက်

အားတက်ရွှင်လန်းကျန်းမာနိုင်ကြပါတယ်။


ဒီ့ပြင် တောင်ပေါ်ကျေးလက်ဘဝမှာ

စိတ်လှုပ်ရှားမှုနည်းပါးလှတဲ့ဘဝမျိုးဖြစ်တဲ့အတွက်

နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့

အန္တရာယ်ပေးတဲ့ရောဂါဆိုးကြီးများကို

တားဆီးကာကွယ်ပေးထားသလို ဖြစ်နေပါတော့တယ်။


အားလုံးကို ခြုံပြောရရင်တော့

လူဟာ ပစ္စုပ္ပန်ကာလ အရှိပကတိဘဝမှာနေတတ်တာရယ်။

ကျေနပ်တင်းတိမ်စိတ်ရှိတာရယ်ကြောင့်

ကျန်းမာကာနုပျိုလန်းဆန်းနေတာလို့ပြောနိုင်မယ်ထင်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com