Sunday, March 18, 2012

"သတိကို အိမ်လုပ်ပြီးတော့ နေပါ..."


၁။

I have no parents.

I make the heavens and earth my parents.

ငါ့မှာ မိဘ မရှိပါဘူး။

ငါဟာ ကောင်ကင်နဲ့ မြေကြီးကို

မိဘသဖွယ် လုပ်ထားပါတယ်။

+++++++++++++++++++++++++++


၂။

I have no home.

I make awareness my home.

ငါ့မှာ အိမ်မရှိပါဘူး။

ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။

+++++++++++++++++++++++++++


၃။

I have no life or death.

I make the tide of breathing my life and death.

ငါ့မှာ မွေးဖွားခြင်း၊သေဆုံးခြင်းဆိုတာ

မရှိပါဘူး။

ထွက်လေ၊ဝင်လေကိုပဲ မွေးဖွားခြင်း၊သေဆုံးခြင်းလို

သဘောထားပါတယ်။

+++++++++++++++++++++++++++


၎။

I have no divine power.

I make honesty my divine power.

ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။

ငါဟာရိုးသားမှုကို ငါ့ရဲ့တန်ခိုးဣဒ္ဓိပါဒ် အဖြစ်

လုပ်ထားပါတယ်။

+++++++++++++++++++++++++++


၅။

I have no friend.

I make my mind my friend.

ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။

ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ်လုပ်ထားပါတယ်။

+++++++++++++++++++++++++++


၆။

I have no enemy.

I make carelessness my enemy.

ငါ့မှာ ရန်သူမရှိပါဘူး။

ငါဟာ သတိမပါ၊

ဉာဏ်မပါ၊ ပေါ့ပေါ့တန်တန်ဖြစ်သလို

နေတတ်၊လုပ်တတ် တာကိုပဲ

ငါ့ရန်သူလို့ သဘောထားပါတယ်။

+++++++++++++++++++++++++++


၇။

I have no armour.

I make benevolence my armour.

ငါ့မှာ သံချပ်ကာ အင်္ကျီမရှိပါဘူး။

ငါဟာ သူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့စိတ်

ကိုပဲ သံချပ်ကာ အင်္ကျီသဖွယ်လုပ်ထားပါတယ်။

+++++++++++++++++++++++++++


၈။

I have no castle.

I make immovable mind my castle.

ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး။

ငါဟာမလှုပ်ရှား၊ မယိမ်းယိုင်တဲ့ စိတ်ကိုပဲ

ရဲတိုက်အဖြစ် လုပ်ထားပါတယ်။

+++++++++++++++++++++++++++


၉။

I have no sword.

I make absence of self my sword.

ငါ့မှာဓားရှည် မရှိပါဘူး။

ငါဟာ အတ္တမရှိခြင်းကိုပဲ

လက်နက်ဖြစ်တဲ့ဓားရှည်ကြီးအဖြစ်

လုပ်ထားပါတယ်။

+++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

Saturday, March 17, 2012

"ချင်း တကယ် စားသွားပြီ…"



တစ်ခါတုန်းက ကျနော်ဟာ ဖါးကန့်နယ်မှာ ဆေးခန်းဖွင့်ဖြစ်ခဲ့ပါတယ်။

ဖါးကန့်နဲ့ခြောက်မိုင်လောက်ဝေးတဲ့ ဆိုင်းတောင်မှာ ဆေးခန်းကိုရွေးချယ်ပါတယ်။

အကြောင်းကတော့ ဆိုင်းတောင်က မှော်တွေနဲ့နီးတဲ့အတွက် ဖြစ်ပါတယ်။

လောပန်းဖြစ်တဲ့ကိုသန်းထွန်းဟာ ဝဝ၊ အသားကမည်းမည်း၊

လောပန်းဆိုတာ ကျင်းပိုင်ရှင်ကို ခေါ်ပါတယ်။ အချို့ကတော့ တော်တော် ချမ်းသာပါတယ်။

အချို့ကတော့ သူလို ကိုယ်လို ပါပဲ။ မြတ်မလားဆိုပြီး ကျင်းထောင်ကြပါတယ်။

ကျင်းထောင်လို့ သူဋ္ဌေးဖြစ်သွားသူတွေ ရှိသလို

အရှုံးပေါ်ပြီး ကျင်းသားပြန်ဖြစ်သွားသူလည်း ရှိပါတယ်။

ကျင်းသားဆိုတာက လောပန်းဆီမှာ အလုပ်လုပ်သူတွေ ကိုခေါ်ပါတယ်။

လောပန်းတစ်ယောက်ဆီမှာ ကျင်းသား ခုဂဏန်းကနေ ထောင်ဂဏန်းအထိရှိတတ်ပါတယ်။

လောပန်းရဲ့ချမ်းသာမှုနဲ့ ကျင်းထောင်နိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။

လောပန်းကိုသန်းထွန်းဆီမှာ ကျင်းသား အယောက်နှစ်ဆယ်ကျော်ရှိပါတယ်။

အဲဒီကျင်းသားတွေထဲမှာ ချင်းတစ်ယောက်လည်း ရှိနေပါတယ်။

တစ်ယောက်ထဲရှိတဲ့ချင်းရဲ့နာမည်ကိုလည်း "ကိုချင်း" လို့ခေါ်ပါတယ်။

ကိုချင်းတို့ရဲ့အုပ်စုက ကျောက်စိမ်းတော်တော်ထွက်ပါတယ်။

ဝေစုခွဲဝေပုံစံနစ်ကတော့ ထွက်လာတဲ့ကျောက်စိမ်းကို တန်ဖိုးဖြတ်ပြီး

အဲဒီတန်ဖိုးရဲ့ ၅၀%ကို လောပန်းက ရယူပြီး ကျန် ၅၀%ကိုတော့ ကျင်းသားအုပ်စုတွေ

ခွဲဝေယူရပါတယ်။ ကျင်းသားတွေကတော့ ဘာငွေကြေး အရင်းအနှီးမှ မစိုက်ထုတ်ရပဲ

လုပ်အားကိုသာ စိုက်ထုတ်ပြီး ကျောက်တူးရပါတယ်။

လောပန်းကတော့ အဓိကငွေကြေးစိုက်ထုတ်သူဖြစ်တယ်။

ကျင်းသားတွေရဲ့စားရေး၊နေရေးနဲ့ကျန်းမာရေးကိုလည်း တာဝန်ယူရပါတယ်။

လောပန်းက ရိုးသားရင်တော့ ကျင်းသားတွေက ကျောက်စိမ်းထွက်တဲ့အခါ

ထိုက်ထိုက်တန်တန် ရတတ်ပါတယ်။

မရိုးသားရင်တော့ အကြောင်းအမျိုးမျိုးပြပြီး ကျောက်စိမ်းကို မတရားတန်းဖိုးဖြတ်တတ်ပါတယ်။

အဲဒီလိုဆိုရင်တော့ ကျင်းသားတွေ ခံပေတော့။

ကိုချင်းပါတဲ့အုပ်စုမှာ ကျောက်စိမ်းထွက်လေတိုင်း

လောပန်းကိုသန်းထွန်းက “ချင်းစားသွားပြီ”လို့ပြောတတ်ပါတယ်။

သဘောကတော့ ကျောက်စိမ်းရဲ့ကောင်းမွန်တဲ့ အရည်ထဲကို

ရှင်း(ချင်း)စားသွားတဲ့အတွက် အရည်ပျက်သွားပြီး

တန်ဖိုးဟာ အောက်ကိုထိုးကျသွားတယ်လို့ ဆိုလိုပါတယ်။

ဥပမာအားဖြင့် ...ကျောက်စိမ်းကို အမြင်အတိုင်း သိန်းတစ်ရာ တန်ဖိုးဖြတ်ပေမယ့်

ကျောက်စိမ်းကို ကျောက်ဖြတ်စက်နဲ့ ဖြတ်လိုက်လို့ ရှင်း(ချင်း)စားသွားရင်

သိန်းမပြောနဲ့ထောင်ဂဏန်းနဲ့ပင် ဝယ်သူမရှိတော့ပါ။

ကိုချင်းကတော့ ဒါတွေကို နားမလည်ပါ။

ချင်းပြည်နယ်က ချမ်းသာချင်လို့ တစ်ယောက်ထည်း ထွက်လာပြီး

မှော်ထဲအလုပ်လာလုပ်သူဖြစ်တယ်။

“ချင်းစားသွားပြီ”လို့သာ ပြောတယ်။ သူလည်းတစ်ခါမှ မစားလိုက်ရပါ။

အဲဒီလိုပြောတိုင်း ကိုချင်းက စိတ်တိုနေပါတယ်။

တစ်နေ့မှာတော့ ကျောက်စိမ်းတစ်လုံးထွက်ပါတယ်။

ကျောက်စိမ်းကလည်း အရည်တော်တော် ကောင်းနေပါတယ်။ တန်ဖိုးတော်တော် ရှိမယ့်ပုံပါပဲ။

နောက်တစ်နေ့မှာတော့ ကိုချင်းမရှိတော့ပါ။ ကျောက်စိမ်းတုံးကို ခိုးပြီးထွက်ပြေးသွားပါတယ်။

ကိုချင်းရဲ့အိပ်ယာမှာ စာတစ်စောင်ရေးထားပါတယ်။

“ ဒီတစ်ခါတော့ ချင်းတကယ် စားသွားပြီ”တဲ့။



Friday, March 16, 2012

"တန်ဖိုးရှိတဲ့နေ့တစ်နေ့…"



တစ်ခါတုန်းကပေါ့။

ကျနော်က ဖါးကန့်မှာ တာဝန်ထမ်းဆောင်တုန်းက

တာဝန်တစ်ခုနဲ့ရန်ကုန် ကိုဆင်းလာခဲ့တယ်။

ရန်ကုန်ကိုရောက်တော့ လုပ်စရာရှိတာကိုလုပ်ပြီး အချိန်ပိုနေတာနဲ့

သင်တန်းတစ်ခုကို သွားရောက်တက်ဖြစ်ခဲ့ပါတယ်။

သင်တန်းဆိုတာထက် ဝပ်ရှော့ (Workshop) တစ်ခုလို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

သင်တန်းခန်းထဲရောက်တော့ စားပွဲပေါ်မှာ

ကျောက်ခဲတွေ၊ကျောက်စရစ်ခဲတွေ၊ သဲတွေကို

ပုံးတွေနဲ့ထည့်ထားတာကို တွေ့ရတယ်။

ဆရာဦးဝင်းသိန်းက သင်တန်းကိုလာကြတဲ့လူတွေကို

လေးလေးစားစားဖိတ်ခေါ်ပါတယ်။

ပုံးတစ်ခုထဲကို ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ၊ သဲတွေကို

ဆန့်အောင်ထည့်ပေးဖို့ပြောပါတယ်။

သင်တန်းလာရောက်တက်သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက်

သွားပြီးထည့်ကြပါတယ်။

ပုံးနဲ့မဆန့်ပါဘူး။

ကျနော်လည်း သွားရောက်ထည့်ကြည့်ပါတယ်။

အရင်ဆုံး ပုံးထဲကို သဲတွေ လောင်းထည့်လိုက်ပါတယ်။

ပြီးတော့ ကျောက်စရစ်ခဲတွေထည့်လိုက်ပါတယ်။

နောက်ဆုံးမှ ကျောက်ခဲအကြီးတွေကိုထည့်တော့

ကျောက်ခဲအကြီးတွေအများကြီး စားပွဲပေါ်မှာ ကျန်နေခဲ့ပါတယ်။

ဆရာပြောတာက အဲဒီပုံးထဲကို အားလုံးဝင်ဆန့်အောင် ထည့်ကြည့်ဖို့ပြောထားတော့

ကျနော်ရဲ့လုပ်ရပ်ကလည်း မမှန်သေးတဲ့သဘော ဖြစ်နေပါတယ်။

သင်တန်းတက်ရောက်လာသူတွေ အားလုံးနီးပါး လုပ်ကြည့်ပြီးတော့မှ

ဆရာဦးဝင်းသိန်းက

“စံနစ်တကျ ထည့်ရင်ဝင်ပါတယ်” လို့ပြောပြီး ပုံးထဲကို ထည့်ပြပါတယ်။

ဆရာက အရင်ဆုံး ကျောက်ခဲအကြီးတွေကို ပုံးထဲကို စံနစ်တကျထည့်လိုက်ပါတယ်။

နောက်တော့ ကျောက်စရစ်ခဲတွေကို ကျောက်ခဲအကြီးတွေ ကြားထဲကို ထည့်လိုက်ပါတယ်။

ကျောက်စရစ်ခဲတွေ အားလုံးဝင်သွားတော့မှ

သဲတွေကို တဖြည်းဖြည်းချင်းလောင်းထည့်ပါတယ်။

သဲတွေကို လောင်းထည့်လိုက်၊ ပုံးကိုလှုပ်ခါလိုက်နဲ့လုပ်ရင်းနဲ့ပင်

နောက်ဆုံးမှာ ဝင်မဆန့်ဘူးလို့ထင်တဲ့ ကျောက်ခဲကြီးတွေ၊ ကျောက်စရစ်ခဲတွေ၊

သဲတွေဟာ အဲဒီပုံးသေးသေးထဲကို အားလုံးဝင်သွားပါတယ်။

ဒီတော့မှ ဆရာကပြောပါတယ်။

“ကျနော်ပြောချင်တာက

ဒီပုံးလေးဟာ ကျနော်တို့လူတိုင်းပိုင်ဆိုင်တဲ့ တစ်နေ့တာ ၂၄-နာရီနဲ့တူပါတယ်။

ကျောက်ခဲအကြီးတွေက ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့ အလုပ်တွေနဲ့တူပါတယ်။

ကျောက်စရစ်ခဲလေးတွေက ကျနော်တို့အတွက်

အသင့်တင့်အရေးကြီးတဲ့ အလုပ်တွေနဲ့တူပါတယ်။

သဲတွေကတော့ အရေးမကြီးတဲ့အလုပ်တွေနဲ့တူပါတယ်။

မရေးမကြီးပေမယ့် မလုပ်မဖြစ်လုပ်နေရတဲ့အလုပ်တွေနဲ့တူပါတယ်။

အဲဒီအလုပ်တွေကတော့ ကျနော်တို့ စိတ်အလိုလိုက်ပြီး လုပ်ချင်တဲ့အလုပ်တွေပါပဲ။

တစ်နေ့တာအတွက် အလုပ်ပြီးမြောက်ချင်တယ်ဆိုရင် ကျနော်တို့ဟာ

အရေးအကြီးဆုံးအလုပ်ကိုအရင်ဆုံးလုပ်ဖို့လိုအပ်ပါတယ်။

ပြီးမှ အသင့်အတင့်အရေးကြီးတဲ့အလုပ်ကို လုပ်ရပါမယ်။

နောက်ဆုံးမှ ကျနော်တို့ လုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရင်

တစ်နေ့တာဟာ တန်ဖိုးရှိရှိ ပြီးဆုံးသွားနိုင်ပါတယ်။

ဒါကြောင့်

“အရေးကြီးတဲ့အလုပ်ကို အရင်လုပ်ပါ”

လို့ပြောချင်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com