Thursday, March 15, 2012

" အမေ့ထံသို့ပေးစာများ-၃၄..."



သို့
ချစ်တဲ့အမေ
သားစာရေးလိုက်ပြန်ပါပြီ။
နယ်သစ်ကိုရောက်တော့ စိတ်သစ်ဖြစ်သွားရပါတယ်။
နယ်ဟောင်းက စိတ်ညစ်ခဲ့ရတဲ့အကြောင်းကို မေ့သွားတယ်လို့ပြောရမယ်ထင်ပါတယ်။
ရောက်ပြီးနောက်တစ်နေ့မှာပဲ အလုပ်ဆင်းရပါတယ်။
ဟုတ်ကဲ့….ကျနော်တို့လင်မယားနှစ်ယောက်စလုံး အလုပ်ဆင်းရတယ်။
ဒီမှာက လင်မယားနှစ်ယောက်စလုံးအလုပ်တစ်ခုထဲမှာ ရဖို့ဆိုတာ
မလွယ်လှပါဘူး။
ဘာကြောင့်မှန်းမသိပါဘူး။
လင်မယားနှစ်ယောက်စလုံးကို အလုပ်တစ်ခုထဲမှာ အလုပ်ခန့်လေ့မရှိကြပါဘူး။
သူငယ်ချင်းကတော့ပြောတယ်။
လင်မယားနှစ်ယောက်စလုံးအလုပ်တစ်ခုမှာ အလုပ်လုပ်ချင်ရင်တော့
ကိုယ်ပိုင်အလုပ်ကို လုပ်မှရမယ်လို့ပြောပါတယ်။
ကယ်လီဖိုးနီးယားမှာတော့ အလုပ်တစ်ခုစီမှာ လုပ်ခဲ့ရတာပါ။
ကျနော့်ရဲ့အမျိုးသမီးကတော့ ရောက်ကထဲက အလုပ်ရပါတယ်။
အကြောင်းကြောင်းကြောင့် ဒီနယ်ကိုပြောင်းလာတဲ့အထိ
အဲဒီအလုပ်တစ်ခုတည်းမှာပဲ လုပ်ဖြစ်ခဲ့ပါတယ်။
သူမက အလုပ်ကြိုးစားသူ၊ရိုးသားသူဖြစ်တော့
အလုပ်ရှင်က နှစ်သက်ခြင်းကိုခံရပါတယ်။
အဲဒီလို နှစ်သက်ခြင်းခံရလို့ နယ်ပြောင်းဖို့ဖြစ်လာတော့ မပြောင်းနိုင်အောင်
နည်းမျိုးစုံ တားဆီး၊ နှောက်ယှက်ခြင်းကို ခံရပါတယ်။
အဲဒီအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ရိုးသားသူဖြစ်တော့ အလုပ်ရှင်က ပေးသလောက်ကိုနည်းမှန်းသိခဲ့ပေမယ့်
ကျေကျေနပ်နပ်အလုပ်လုပ်ပေးနေလေတော့ အလုပ်ရှင်က ကြိုက်တာပေါ့လေ။
အလုပ်ရှင်အတွက် အကျိုးအမြတ်အများကြီးရှိနေတာကိုး။
နှစ်ဦးနှစ်ဖက်အကျိုးအမြတ် ရှိနေတယ်ဆိုရင်တော့ ဒါမှန်တာပေါ့။
ဒါပေမယ့် အလုပ်ရှင်သာ အကျိုးရှိပြီး
ကိုယ့်အတွက် အကျိုးမရှိတဲ့အလုပ်မျိုးကတော့ ရေရှည်လုပ်နိုင်ဖို့ ခက်လှပါတယ်။
ဒီအကြောင်းကို မိတ်ဆွေတွေကိုပြောပြတော့
"ဒီအလုပ်ရှင်ရဲ့စိတ်ဓာတ်က အလုပ်သမားကောင်းနဲ့မတန်ဘူး"လို့ပြောကြပါတယ်။
"တော်တော်စိတ်ဓာတ် ဆိုးတဲ့အလုပ်ရှင်"လို့လည်း ပြောကြသလို
"သူနဲ့တန်တာကို သူရမှာပဲလေ"လို့လည်း သြဘာပေးကြတယ်။
အလုပ်ရှင်က မြန်မာအမျိုးသမီးတစ်ယောက်ပါ။
ဒီရောက်နေတာတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။
အိမ်ဝယ်ထားတော့ သိပ်မကြာသေးဘူး။
ကျနော့်ရဲ့အမျိုးသမီးအလုပ်ရပြီးမှပါ။
အိမ်ဝယ်ထားတယ်ဆိုတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ်သုံးဆယ်ကျခံထားရသူလို့ပြောရမှာပဲ။
ထောင်ဒဏ်ဆိုလို့ ထောင်ထဲမှာနေရတာတော့ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံထဲမှာတော့ အကျယ်ချုပ်နေခွင့်တော့ ရနေတာပေါ့လေ။
ဒီအမေရိကန်မှာ အိမ်ဝယ်ကြသူတွေဟာ ဘဏ်ချေးငွေနဲ့ဝယ်သူတွေ ချည်းပါပဲ။
ဘဏ်ကလည်း နှစ်သုံးဆယ် ချေးငွေနဲ့ဘဏ်တိုးယူပြီးချေးတာပါ။
တကယ်လို့ ဘဏ်တိုးရင်းပေါင်းကို သုံးလေးလလောက်များမပေးနိုင်တော့ဘူးဆိုရင်
ဘဏ်ကဥပဒေအရ အိမ်ကိုပြန်သိမ်းနိုင်ပါတယ်။
ဒီလိုမျိုးအဖြစ်မခံနိုင်ဘူးဆိုရင်တော့ ရုန်းပေတော့။
ငွေကို ရတဲ့နည်းနဲ့ရှာပေတော့။
မရှာနိုင်လို့တော့ သေပြီသာမှတ်။
အဲဒီလိုမျိုးအလုပ်ရှင်ပါ။
သူတို့ဘဝက အားကျစရာတော့ သိပ်မရှိလှပါဘူး။
ကျနော်ကတော့ အလုပ်သုံးလေးမျိုးလောက်ကို ပြောင်းနေရသူပါ။
"မဟုတ်တာလည်း မလုပ်ဘူး။ မဟုတ်ရင်လည်း မခံဘူး"ဆိုတော့
ဘယ်သူနဲ့မှလည်း မတည့်ဘူး။
ပြောရရင်တော့ ခေါင်းမှာလည်း ဘုတွေတက်လို့။
တစ်ခါ တစ်ဘုတက်ရင်တောင် ဒူးရင်းသီးဖြစ်လောက်ပြီ။
မှန်ကန်တဲ့သဘောအတိုင်းပါပဲ။
မှန်တာပြောတော့၊လုပ်တော့ အကန်ခံရတာပေါ့။
အဲဒါက မြန်မာနိုင်ငံမှာသာ မှန်ကန်တာမဟုတ်ပါဘူး။
အမေရိကန်မှာလည်း မှန်ကန်နေပါတယ်။
ကျနော့်ရဲ့ဆရာကမေးဖူးတယ်။
“မောင်အေးက တစ်ရွာလုံးနဲ့မတည့်ဘူး။
အဲဒါ မောင်အေးက ဆိုးတာလား၊
တစ်ရွာလုံးက ဆိုးတာလား” တဲ့။
သူများတွေက အမျိုးမျိုးဖြေတာပေါ့လေ။
ကျနော်ကတော့
“မောင်အေးတစ်ယောက်ကို တစ်ရွာလုံးက တည့်အောင်မပေါင်းနိုင်ဘူးဆိုကတည်းက
တစ်ရွာလုံးက ဆိုးတာ” လို့ပြန်ဖြေခဲ့ဖူးတယ်။
အခုတော့ ကျနော်က မောင်အေးဖြစ်နေပြီအမေရေ့။
အမေရိကန်ရောက်စိတ်ဓာတ်ဆိုးတဲ့မြန်မာတွေအားလုံးနဲ့ကို
ရန်ဖြစ်နေတော့တာပဲ။
မြန်မာနိုင်ငံမှာ သည်းခံခဲ့ရပေါင်းများတော့ ဒီရောက်တော့ ဒီလိုမျိုးအဖြစ်မျိုးတွေ
မရှိတော့ဘူးလို့ထင်ခဲ့မိတယ်။
မြန်မာနိုင်ငံနဲ့စံနစ်မတူတော့တဲ့အမေရိကန်လိုမျိုးနိုင်ငံမှာတော့
တရားမမျှတမှုတွေ မရှိတန်ကောင်းဘူးလို့ထင်ထားခဲ့တယ်။
တက်တက်စင်အောင် လွဲသွားခဲ့တယ်။
စိတ်ဓာတ်ကို မပြင်ဘူးဆိုရင် ဘယ်နေရာရောက်ရောက်၊
ဘာတွေပဲလုပ်လုပ် လောဘသမားဟာ လောဘအခြေခံနဲ့အလုပ်လုပ်တာပါပဲ။
ဒီတော့ တူညီတဲ့အမှားမျိုးတွေ မှားမြဲမှားပြန်တာပဲ။
လူဟာ လူပဲ။ မြန်မာဟာ မြန်မာပဲ။
အမေရိကန်ရောက်လို့ မြန်မာဟာ အမေရိကန်ဖြစ်သွားတာမှ မဟုတ်တာ။
ဒေါင်းယောင်ဆောင်လိုက်တဲ့အတွက် ကျီးကန်းဟာ ဒေါင်းဖြစ်သွားတာမှ
မဟုတ်တာပဲလေ။
အင်ဒီယားနားရောက်တော့ ကယ်လီဖိုးနီးယားထက် အအေးပိုလာတယ်။
လေအေးတွေ တိုက်တာကြောင့် သိသိသာသာ ချမ်းအေးတယ်။
တစ်နေ့ အိမ်ပြင်ထွက်တော့ ဖြူဖွေးနေတဲ့ဆီးနှင်းခဲတွေ လမ်းမတွေမှာ ပြည့်လို့ပါလား။
သစ်ပင်တွေလည်း ဖြူဖွေးနေတယ်။
ကားတွေလည်း ဖြူဖွေးနေတယ်။
တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးတွေ့ကြုံရတဲ့အတွေ့အကြုံတစ်ခုမို့
ပျော်သလိုတောင်ဖြစ်လာတယ်။
ငယ်ငယ်တုန်းက စားခဲ့ရတဲ့ရေခဲခြစ်နဲ့တူတယ်။
လက်နဲ့ဆုပ်လိုက်တော့ စနှိုးဘောလုံး(Snowball) ဖြစ်သွားတယ်။
အမျိုးသမီးကို ပစ်ပေါက်ကြည့်လိုက်တယ်။
သူကလည်း ပြန်ပေါက်တယ်။
ပျော်စရာကောင်းတဲ့နံနက်ခင်းလေးဖြစ်သွားတယ်။
အမေရေ…ကျနော်တို့လင်မယားနှစ်ယောက်စလုံးအလုပ်ရတော့
ဒီမှာ ငွေတွေစုဆောင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။
အမေဆီကိုလည်း ငွေတွေပို့ပေးလိုက်ပါ့မယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနားပြည်နယ် (Indiana)
အမေရိကန်ပြည်ထောင်စု (USA)
၃-၁၅-၂၀၁၂

Wednesday, March 14, 2012

"စိတ်ကို ပစ္စုပ္ပန်မှာ အများဆုံးထားလိုက်ပါ...(၁၂)..."



ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၂)

စိတ်ချမ်းသာနေရင်…

Let your mood brighten,

and suddenly your relationships,

your self-image, and your hopes for the future all seem more promising.

စိတ်ချမ်းသာအောင် ရွှင်လန်းအောင် နေလိုက်ပါ။

အဲဒီလိုဆိုရင် ချက်ချင်းပဲ ကိုယ့်ရဲ့ဆက်ဆံရေးတွေ၊ ကိုယ့်ကိုယ်ကိုကိုယ်မြင်ပုံတွေ၊

ကိုယ့်အနာဂတ် မျှော်လင့်ချက်တွေ အားလုံးဟာ ပိုပြီး ကောင်းလာမယ်။

your relationships

စိတ်ချမ်းသာနေရင် ဆက်ဆံရေး ပိုကောင်းတယ်။

ဘာကြောင့်လဲ။

စိတ်ချမ်းသာနေရင် ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။

ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်တယ်။

သူများကိုလည်း အကောင်းမြင်တယ်။

စိတ်ရှည်တယ်။ ကူညီချင်တယ်။

အဲဒီတော့ ဆက်ဆံရေး ပိုကောင်းတာပေါ့။

self-image

စိတ်ချမ်းသာနေရင် ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်တယ်။

ကိုယ့်ကိုယ်ကို ကိုယ် တန်ဖိုးထားတယ်။

ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်တယ်။ ကိုယ့်အားကိုယ်ကိုးတယ်။

ဘာဘဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေပြီးကောင်းတာကို လုပ်ရင်တော့

ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်ဖို့သေချာတယ်။

ကောင်းတာကိုလုပ်ရင် ကိုယ့်ကိုယ်ကို ကိုယ် အကောင်းမြင်မယ်။

မကောင်းတာကို လုပ်ရင် ကိုယ့်ကိုယ်ကို ကိုယ်အကောင်းမြင်ဖို့မဖြစ်နိုင်ပါဘူး။

စိတ်ချမ်းသာအောင် နေပြီး ကောင်းတာကို လုပ်ပါ။

hopes for the future

စိတ်ချမ်းသာနေရင် အနာဂတ် မျှော်လင့်ချက်တွေ ပိုကောင်းလာတယ်။

ကိုယ့်အနာဂတ်ဟာ ပိုကောင်းမယ်လို့ ယုံကြည်တယ်။

ကိုယ်လုပ်ချင်တာကို ဖြစ်မယ်လို့ ယုံကြည်တယ်။

ဒါကြောင့် အားတက်တယ်။ အားတက်လို့ စိတ်အားထက်ထက်သန်သန်နဲ့ လုပ်တယ်။

စိတ်ချမ်းသာနေရင် စိတ်ရှည်တယ်။ ဇွဲကောင်းတယ်။ လက်မလျှော့ဘူး။

စိတ်ဓာတ်မကျဘူး။ အဲဒီတော့ လုပ်ရင် ဖြစ်တာ များတယ်။

တစ်ခု မဖြစ်ရင် နောက်တစ်ခု လုပ်တယ်။ ဘယ်တော့မှ လက်မလျှော့ဘူး။

ပစ္စုပ္ပန်မှာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်နေရင်

အနာဂတ်အတွက် မျော်လင့်ချက် ပိုကောင်းတယ်။

ဒါကြောင့် သေချာတာကို လုပ်ကြစို့။

စိတ်ချမ်းသာအောင်လည်း နေမယ်။ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။

အဲဒီတော့ အနာဂတ်မှာ မျှော်လင့်ချက်ကောင်းမယ်။ ဒါကြောင့် စိတ်ချမ်းသာမယ်။

+++++++++++++++++++++++++++++++++++



[ စိတ်ချမ်းသာအောင် အကောင်းဆုံးလုပ်နည်းက စိတ်ကို ပစ္စုပ္ပန်မှာ အများဆုံးထားတာပဲ။

သတိနဲ့နေတာပဲ ]

ဒီနည်းက ငွေမကုန်ဘူး။ အချိန်မကုန်ဘူး။ အလုပ်မပျက်ဘူး။ ပြင်ပ အခြေအနေပေါ်မှာ မမှီဘူး။

တခြားနည်းတွေက ငွေကုန်တယ်။ အချိန်ကုန်တယ်။ အလုပ်ပျက်တယ်။

ပြင်ပ အခြေအနေပေါ်မှာ မှီနေရတယ်။ ဒါကြောင့် မလွတ်လပ်ဘူး။

ပြင်ပအခြေအနေပေါ်မှာ မှီနေတဲ့ စိတ်ချမ်းသာမှုဟာ အချိန်မရွေး လုပ်လို့မရဘူး။

အခြေအနေကို စောင့်ရတယ်။ အဲဒီတော့ စိတ်ချမ်းသာလို့

အဆင်ပြေတာလို့ ပြောလို့မရတော့ဘူး။

စိတ်ချမ်းသာလို့ အဆင်ပြေတာလို့ ပြောချင်ရင် ပြင်ပအခြေအနေပေါ်မှာ

မမှီတဲ့ စိတ်ချမ်းသာမှုကို ရမှဖြစ်မယ်။

အဲဒါ တရားအားထုတ်ရင် ရတယ်။

+++++++++++++++++++++++++++++++++++


Moreover- and this is one of psychology’s most consistent findings-

when we feel happy we are more willing to help others.

စိတ်ပညာဆိုင်ရာ သုတေသီတွေရဲ့သုတေသနအရ

တစ်ညီတစ်ညွတ်ထဲ တွေ့ရတဲ့အချက်ကတော့…

"ကိုယ်က စိတ်ချမ်းသာနေတဲ့အခါ သူများကို

(ငွေကြေး အကူအညီဖြစ်စေ၊ လုပ်အားအကူအညီဖြစ်စေ)

အကူအညီပိုပေးချင်တယ်" ဆိုတဲ့အချက်ပါပဲ။

ကဲ…အကူအညီတောင်းချင်ရင် ဘယ်သူ့ဆီက တောင်းမလဲ။

စိတ်ချမ်းသာနေတဲ့သူ၊ ပျော်နေတဲ့သူဆီက တောင်းမလား။

ဒါမှမဟုတ် စိတ်ဆင်းရဲနေတဲ့သူဆီက တောင်းမလား။

အဲဒါကို feel-good, do-good phenomenon လို့ခေါ်တယ်။

feel-good စိတ်ချမ်းသာနေရင် do-good ကောင်းတာလုပ်တယ်။

+++++++++++++++++++++++++++++++++++


စိတ်ချမ်းသာနေတဲ့အချိန်မှာ ကောင်းတာကို ပိုလုပ်တယ်။

ဒါကြောင့် ကိုယ်လည်း အကျိုးရှိအောင် အများလည်း အကျိုးရှိအောင် နေချင်တယ်ဆိုရင်

စိတ်ချမ်းသာအောင် နေပါ။

မိဘတွေ၊ ဆရာ ဆရာမတွေ၊ အုပ်ချုပ်ရေးပိုင်းက လူတွေ စဉ်းစားပါ။

စိတ်ချမ်းသာအောင် လုပ်ပေးတာက တွက်ခြေအကိုက်ဆုံးပဲ။

ကိုယ့်အတွက် အကျိုးရှိမှာ လုပ်ချင်တယ်ဆိုရင် စိတ်ချမ်းသာအောင်နေတာဟာ

ကိုယ့်အတွက် အကျိုးအရှိဆုံးပဲ။

သူများကို စိတ်ချမ်းသာအောင် လုပ်ပေးတာလည်း ကိုယ့်အတွက် အကျိုးအရှိဆုံးပဲ။

+++++++++++++++++++++++++++++++++++


လူတစ်ဦးချင်း ပိုကောင်းလာဖို့အရေးမှာ စိတ်ချမ်းသာမှုဟာ အရေးပါတယ်။

လူ့အသိုင်းအဝိုင်းတစ်ခုလုံး ပိုကောင်းလာဖို့အရေးမှာလည်း စိတ်ချမ်းသာမှုဟာ အရေးပါတယ်။

စိတ်ချမ်းသာတဲ့သူ များလာလေလေ လူ့အသိုင်းအဝိုင်း တိုးတက်လေလေပဲ။

လူတွေကို အဆင်မပြေအောင်၊ စိတ်ဆင်းရဲအောင် လုပ်ပြီးမှ လူ့အသိုင်းအဝိုင်း

တိုးတက်အောင် လုပ်လို့မရနိုင်ဘူး။

+++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ(ဆရာတော်ဦးဇောတိက)စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။




Tuesday, March 13, 2012

" ကျနော်ကြိုက်တဲ့ကဗျာများ-၁၃..."




“သားဆိုးတွေရဲ့ဖခင်များသို့…”



ဒီနေ့လိုအဖြစ်မျိုး
ဘယ်တိုးချင်ပါ့မလဲ
ဘ၀ရဲ့ဝဋ်ကြွေး
အပြစ်ပေးသလို
ဟစ်ကြွေးလို့ငိုလိုက်ချင်တယ်သား။


ဒါပေမဲ့သားရေ
ဖအေရဲ့စကား
ဓါးသွားလိုထက်
နာခံခက်ပေမဲ့
ပျားရည်စက်တွေပါနေတယ်သား။


ဖအေနဲ့သား
အမှားနဲ့အမှန်
ရှိနေပြန်က
နားလည်မှုလွဲ
ရန်ပွဲလည်းဖြစ်နိုင်တာပေါ့သား။


အထိုးအသတ်တွေနဲ့
ပုဆိုးမကပ်တဲ့မင်းကို
အမျိုးမမြတ်ဘူးလို့
အများကမြင်တော့
အဖေရင်ထဲကခံစားချက်
ဓါးထက်ထက်နဲ့မွှန်းသလိုပဲသား။


သိက္ခာနဲ့ရိက္ခာ
အတိတ်မှာကျန်ခဲ့
ပစ္စုပ္ပန်ရန်ပွဲကြောင့်
အနာဂတ်အတွက်
အိုးစားကွဲသွားနိုင်တယ်သား

သားရေ .. မင်း
ဝစီကံနောက်
ကာယကံမြောက်လို့
ပဉ္စနန္ဒိယကံထိုက်ပြီး
အဇာတသတ် လက်သစ်ဖြစ်မှာစိုးတယ်သား။

မျှော်လင့်စောင့်စား
သားဟာအားပေါ့
အားမဖြစ်ပဲ
ကျားဖြစ်သွားလည်း
အဖေကတော့ လိမ္မာလာမယ့်နေ့ကို
မျှော်လင့်နေတုန်းပါ သား ..။ ။

စိမ်းထိုက်လူ (မော်ကျွန်း)



+++++++++++++++++++++++++++++++++++


သို့

သူငယ်ချင်း အောင်ဝင်းဟိန်း

အခုလည်း ငါကဗျာတစ်ပုဒ်ကို ပို့လိုက်ပါတယ်။

ရွာက ပဲ့ထောင်မော်တော်ဆွဲတဲ့ သားအဖဖြစ်ရပ်ကို အခြေခံပြီးရေးလိုက်တာပါ။

ငါ့မှာသားမရှိပေမဲ့ ငါ့ဘက်ကသားလိုသဘောထားတဲ့ တူတစ်ယောက်ရှိတယ်။

အဲဒီတူကလည်း အတော်ဆိုးတယ်။

ဒါကြောင့်ဒီကဗျာဖြစ်လာတာပါ။

မင်းကိုသတိရနေတဲ့

မင်းရဲ့သူငယ်ချင်း

တင်ဝင်း

[စိမ်းထိုက်လူ (မော်ကျွန်း)]

ခေတ္တရန်ကုန်




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com