Friday, October 21, 2011

" ကျနော်ကြိုက်တဲ့ကဗျာများ-၁..."


" သင်သေသွားသော်…"

ဪ...လူ့ပြည်လောက၊

လူ့ဘဝကား၊

အိုရ နာရ သေရဦးမည်၊

မှန်ပေသည်တည်း။

သို့တပြီးကား၊

သင်သေသွားသော်၊

သင်ဖွားသောမြေ၊

သင်တို့မြေသည်

အခြေတိုးမြှင့်၊

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊

စာစကားလည်း၊

ကြီးပွားတက်မြင့်၊

ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊

အမျှဝေရာ၊

စေတီသာနှင့်၊

သစ္စာအရောင်၊

ဥာဏ်တန်ဆောင်လည်း၊

ပြောင်လျက် ဝင်းလျက်

ကျန်စေသတည်း။


( ဇော်ဂျီ )



Thursday, October 20, 2011

“ ဘုရားသခင် အားလုံးမြင်တယ်...”


ဘာသာရေး တရားဟော ဆရာတစ်ဦးဟာ

မိမိခြံထဲမှ သီးနှံများကို သူခိုးရန်က ကာကွယ်ဖို့အတွက်

တိုင်အမြင့်ပေါ်တွင်

“ဘုရားသခင် အားလုံးမြင်တယ်”

ဆိုပြီး စာတမ်းကို ချိတ်ဆွဲထားတယ်။

နောက်တစ်နေ့မှာတော့

စာတမ်းရဲ့အောက်တွင် တစ်ယောက်ယောက်က

ထည့်ဖြည့်သွားတဲ့စာကတော့…

“ဒါပေမယ့် လက်ထောက် မချတတ်ပါ”

တဲ့။



" ငြိမ်းချမ်းခြင်းဆိုတာ..."


The secret of happiness is to admire without desiring.

( FH.Bradly )

စိတ်ချမ်းသာမှု ရဲ့လျှို့ဝှက်ချက်ဟာ လိုချင်စိတ်မရှိပဲ

တအံ့တသြ၊

မြတ်မြတ်နိုးနိုးတန်ဖိုးထားတာ၊

ချစ်တတ်တာပဲ ဖြစ်တယ်။

+++++++++++++++++++++++++++

ဒီလို သူငယ်ချင်းမျိုး

တစ်ယောက်ကို ကျနော်သေသွားလို့သာ

ဆုံးရှုံးချင် ဆုံးရှုံးရပါစေ။

သူ ကွယ်လွန်လို့ ဆုံးရှုံးရတာမျိုးတော့

အဖြစ်မခံနိုင်ပါ။

( စာရေးဆရာကြီး ဘားနဒ်ရှော )

+++++++++++++++++++++++++++

ဆရာသမားဆိုတာကတော့ ဘဲဥတွေကိုသားပေါက်အောင်

ရင်ငွေ့နဲ့ဝပ်ပေးရတဲ့ ကြက်မိခင်ကြီး လိုပါပဲလေ။

အတောင်အလက်ပေါက်လာတဲ့ အထိတော့ ကိုယ်က ကိုယ့်ရင်သွေးလို

သဘောထားပြီး ဝပ်ပေးတာပေါ့။

အတောင်အလက်စုံလာတဲ့ အခါမှာတော့

သူတို့က သူတို့ဗီဇဓာတ်ခံအတိုင်း ရေးထဲကူးနေကြတာကိုပဲ

ကုန်းပေါ်က မိခင်ကြီး ကတော့ ရင်တမမနဲ့

ရေထဲမှာ နစ်မွန်းများသွားမလားဟဲ့

ဆိုတဲ့ ပူပန်စိတ်ကတော့ ရှိနေတာပဲကွယ့်

ရင်သွေးပင် မဟုတ်သော်ငြား

ကိုယ်ဝပ်ပေးထားရတယ်ဆိုတဲ့ ရင်နှစ်မေတ္တာတရားက

ကြီးမားသကိုးကွယ့်

( ပခုက္ကူနိကာယ၊

မဟာရတ္တညူမဟာထေရ ဆရာတော်

ဘဒ္ဒန္တဇောတိက )

+++++++++++++++++++++++++++

ကိုယ့်အခွင့်ကိုသိ၊

နောက်လူကိုလဲ ကြည့်

ဆွမ်းဝိုင်းမှာ ရေးထားသော စာတမ်း။

+++++++++++++++++++++++++++

မြတ်စွာဘုရားရှင်က

သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင်

ကြိုးစား အားထုတ်ရမယ်။

မြတ်စွာဘုရားဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်မျှသာ

ဖြစ်တယ်။

လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်

လို့ဟောကြားပါတယ်။

+++++++++++++++++++++++++++

လူမှာ အကောင်းဆုံးအရည်အချင်းဟာ

တရားကို သိနိုင်တဲ့

အသိဉာဏ်ပဲ။

+++++++++++++++++++++++++++

ငြိမ်းချမ်းခြင်းဆိုတာ ကို ကြားရုံမျှနဲ့ စိတ်က

ကြည်လင်ပါတယ်။

( မြတ်စွာဘုရား )

+++++++++++++++++++++++++++

လုပ်တတ်ရင် အချိန်တိုင်းဟာ

တရားအားထုတ်တဲ့အချိန်ပါ။

နေတတ်ရင် နေရာတိုင်းဟာ

တရားအားထုတ်တဲ့ နေရာပါ။

+++++++++++++++++++++++++++

စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့

စိတ်ရဲ့အစွမ်းသတ္တိဟာ

အတူတူပါပဲ။

+++++++++++++++++++++++++++

လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊

တကယ် အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့

ခေါ်လောက်တဲ့ ပုဂ္ဂိုလ်တွေဟာ သူများဘယ်လိုနေနေ၊

သူတို့ရဲ့လေးနက်တဲ့၊

မြင့်မြတ်တဲ့ ခံယူချက်ဟာ

ဘယ်တော့မှ မပြောင်းဘူး။

+++++++++++++++++++++++++++

လူမျိုး မခွဲခြားဘူး၊

ဘာသာမခွဲခြားဘူး၊

တိုင်းပြည်လည်း မခွဲခြားဘူး၊

လူသားမှန်သမျှကို ငါ့အမျိုးတွေလို့

သဘောထားမယ်ဆိုရင်လည်း

ဒါ structure တစ်ခုပဲ။

+++++++++++++++++++++++++++

ကိုယ်မသိတဲ့သူကိုတောင်မှ

ကိုယ်တတ်နိုင်သလောက် အကျိုးပြုရမယ်။

ဒီလိုသဘောထားတွေဟာ structure ပဲ။

+++++++++++++++++++++++++++

ငါနဲ့မသိတဲ့သူတွေ၊

ငါ့လူမျိုး၊

ငါ့နိုင်ငံသားမဟုတ်တဲ့လူတွေလည်း ပဲ

သူတို့လုပ်ခဲ့တဲ့ကိစ္စတွေဟာ ငါ့အတွက်

အများကြီး အကျိုးရှိခဲ့တယ်။

ဒါကြောင့်ငါနဲ့မသိတဲ့သူတွေ၊

ငါ့လူမျိုး၊ ငါ့နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း

ပဲ ငါတတ်နိုင်တဲ့နည်းနဲ့ အကျိုးပြုမယ်။

+++++++++++++++++++++++++++

ကိုယ့်ဘဝ ဘယ်လောက်အောင်မြင်တယ်ဆိုတာကို

ကိုယ်ဘယ်လောက်များများရတယ်

ဆိုတာနဲ့ မတိုင်းတာပဲ

ကိုယ်ဘယ်လောက်များများ ပြန်ပေးသလဲ

ဆိုတာနဲ့တိုင်းတာရင် ပိုကောင်းတယ်။

+++++++++++++++++++++++++++

နေ့တိုင်းပဲ ကိုယ့်ကိုယ်ကို သတိပေးသင့်တယ်။

ဒီနေ့ တတ်နိုင်သလောက် လွတ်လပ်တဲ့စိတ်နဲ့နေမယ်။

လွတ်လပ်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။

+++++++++++++++++++++++++++

ကိုယ်မိတ်ဆွေ၊အပေါင်းအသင်းတွေ၊

ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။

ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။

သတိပဋ္ဌာန်တရားကို ကျင့်သုံးနိုင်မှ

ငြိမ်းချမ်းမှုအစစ်အမှန်ကို

ရနိုင်ပါတယ်။

(ဆရာတော် ဦးဇောတိက)

+++++++++++++++++++++++++++

Wednesday, October 19, 2011

" ကလေးစာကြည့်တိုက်..."



အမေရိကန်နိုင်ငံတွင် ပြည်နယ်ပေါင်း ငါးဆယ်ကျော်ရှိပါတယ်။
အဲဒီပြည်နယ်တွေထဲတွင် ကျနော်ရောက်နေတဲ့ပြည်နယ်က
ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်ပါတယ်။
ဆန်ဟိုဈေးဟာ အဲဒီပြည်နယ်ထဲက မြို့နယ်တစ်ခုဖြစ်ပါတယ်။
မြင်သာအောင် မြို့နယ်လို့ပြောလိုက်ရပေမယ့်
ဒီမှာက ကောင်တီလို့ခေါ်ပါတယ်။
ကျနော်ကရောက်ခါစမို့ သူတို့ရဲ့ဖွဲ့စည်းပုံအသေးစိတ်ကို
သိပ်နားမလည်သေးပါ။
ဆန်ဟိုဈေးမြို့နယ်လေးတစ်ခုထဲမှာပဲ
ကျနော်လေ့လာမိသလောက်
စာကြည့်တိုက်ပေါင်း (၁၉)ခုရှိနေတာကို
သတိပြုမိပါတယ်။
အကြီးမားဆုံးစာကြည့်တိုက်ကတော့
ဒေါက်တာ မာတင်လူသာကင်း(ဂျူနီယာ)စာကြည့်တိုက်ဖြစ်ပါတယ်။
ရှစ်ထပ်တိုက်အဆောက်အဦးဖြစ်ပါတယ်။
အထပ်တိုင်းမှာ စာအုပ်အမြောက်အများရှိနေပါတယ်။
စာဖတ်သူအမြောက်အများရှိနေပါတယ်။
စာပေလေ့လာသူအတွက်
စာဖတ်ဖို့နေရာလည်းအမြောက်အများကို
စီစဉ်ပေးထားပါတယ်။
အဲဒီစာကြည့်တိုက်ကတော့ ပိတ်ရက်မရှိပါ။
တစ်ပတ်ခုနစ်ရက်ဖွင့်ပေးထားပါတယ်။
ကျန်စာကြည့်တိုက်တွေကတော့ တစ်ပတ်လေးရက်ဖွင့်ပေးပါတယ်။
စာကြည့်တိုက် (၉)ခု တနလာင်္နေ့မှ ကြာသပတေးနေ့အထိဖွင့်ပေးထားပြီး
ကျန်စာကြည့်တိုက် (၉)ခုကတော့ ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိဖွင့်ပေးထားပါတယ်။
ဒါကြောင့် စာကြည့်တိုက်မှာလေ့လာချင်ရင်
တနလာင်္နေ့မှ စနေနေ့အထိလေ့လာနိုင်တဲ့သဘောဖြစ်နေပါတယ်။
ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ရှိတဲ့သဘောလည်းဖြစ်နေပါတယ်။
ဘယ်သူမဆို အခမဲ့ စာကြည့်တိုက်ကဒ်ပြားကိုလုပ်နိုင်ပါတယ်။
စာကြည့်တိုက်ကဒ်ပြားရှိရင် စာအုပ်နဲ့ဗီဒီယိုခွေများကို
အရည်အတွက် (၁၀၀)အထိ အခမဲ့ငှားရမ်းနိုင်ပါတယ်။
စာကြည့်တိုက်တိုင်းမှာ ကလေးစာကြည့်တိုက်ဆိုပြီးသီးသန့်ဖွင့်လှစ်ပေးထားပါတယ်။
အဲဒီကလေးများစာကြည့်တိုက်ကလည်း
စာကြည့်တိုက်တစ်ခုလုံးရဲ့နေရာအတော်များများကိုစီစဉ်ပေးထားပါတယ်။
နေ့တိုင်းကလေးများနဲ့စည်ကားနေပါတယ်။
ကလေးများအတွက်လည်း နေ့တိုင်းလိုလို
အထူးအစီအစဉ်များဆောင်ရွက်ပေးတာကိုတွေ့ရပါတယ်။
ကလေးများကလည်း လူကြီးများကို အနှောက်အယှက်မပေးသလို
လူကြီးများကလည်းကလေးကို ဟန့်တားပိတ်ပင်မှုမလုပ်ကြပါ။
အလွန်ဟာမိုနီဖြစ်လှပါတယ်။
ကျနော်အမေရိကန်ရောက်တော့ အမေရိကန်ဟာ စီးပွားရေးကျဆင်းနေပါတယ်။
အလုပ်လက်မဲ့တွေ အမြင့်ဆုံးအထိရောက်နေပါတယ်။
ဒီတော့အဆိုးမြင်တတ်သူတွေက အမေရိကန်နိုင်ငံနဲ့ပတ်သက်ပြီး
အောက်ကိုထိုးကျနေတဲ့အမေရိကန်နိုင်ငံလို့
စိတ်ပျက်စရာစကားအတော်များများကိုကြားရပါတယ်။
စာကြည့်တိုက်မှာ ကလေးတွေက
စည်းကမ်းရှိစွာနဲ့စာပေလေ့လာနေတာကိုတွေ့တော့
အမေရိကန်ဟာ အောက်ကိုကျဆင်းတာမှန်ရင်တောင်မှ
အဲဒါဟာ ယာယီဘဲဖြစ်ပါလိမ့်မယ်။
ဘာကြောင့်ဆိုတော့ အမေရိကန်ရဲ့အနာဂတ်ကို စိုးမိုးမယ့်
ဒီနေ့ကလေးတွေရဲ့ခြေလှမ်းတွေက ရှေ့ကိုမှန်မှန်ကန်ကန်
လျှောက်လှမ်းနေတာကိုတွေ့ရလို့ပါပဲ။
ဒီလိုကလေးတွေရဲ့လက်ထဲကို နိုင်ငံကို
ပုံအပ်ရမှာ ဘာစိုးရိမ်စရာမှ မရှိလှပါ။
ကျေနပ်စရာကောင်းလှပါတယ်။
အောက်ပါဓာတ်ပုံတွေကတော့
ကလေးစာကြည့်တိုက်မှာရိုက်ထားတဲ့ဓာတ်ပုံများထဲက
တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
























ကျနော်တို့ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်း၊လှိုင်မြို့နယ်တွင်
ကြီးပြင်းလာသူဖြစ်ပါတယ်။
ကျနော်တို့ငယ်စဉ်က ရပ်ကွက်မှာ စာကြည့်တိုက်မရှိပါ။
မြို့နယ်မှာလည်း စာကြည့်တိုက်ရှိတယ်လို့မကြားမိပါ။
တက္ကသိုလ်ရောက်တော့ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ရဲ့စာကြည့်တိုက်ကြီးကိုသာ
အားကိုးအားထားပြုရပါတယ်။
အဓိက ကျနော်တို့ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်ကျင်ကတော့
လက်ဖက်ရည်ဆိုင်တွေနဲ့အရက်ဆိုင်တွေသာဖြစ်တယ်။
အဓိက ကျနော်တို့အားကိုးအားထားပြုရတာက
လမ်းဘေးမှာချရောင်းတဲ့ဖျာပုံစာအုပ်ဆိုင်သာဖြစ်ပါတယ်။
အနေအထားတွေအရမ်းကွာပါတယ်။
နှစ်တွေကြာလာတော့ဘာတွေဖြစ်လာသလဲ။
တီထွင်မှုအများစုဟာ အမေရိကန်ကစတာများပါတယ်။
ကား၊တယ်လီဖုံး၊ကွန်ပျူတာစတဲ့စဦးတီထွင်သူတွေဟာ
အများစုဟာ အမေရိကန်နိုင်ငံသားတွေသာဖြစ်ပါတယ်။
သန်းပေါင်းမြောက်များစွာချမ်းသာတဲ့
ဘီလီယံနာအများစုဟာလည်း
အမေရိကန်နိုင်ငံသားတွေသာဖြစ်ပါတယ်။
အမေရိကန်ကိုအမွန်းတင်နေတာ မဟုတ်ပါ။
နှစ်ပေါင်းငါးဆယ်မှာကွာခြားသွားတာကိုပြောချင်တာပါ။
အခုချိန်အထိ မှားမှန်းလည်း မသိသေးဘူးဆိုရင်တော့...
သိပေမယ့်လည်း ပြင်ရကောင်းမှန်းမသိသေးရင်တော့...
ရွှေပြည်တော်မျှော်တိုင်းဝေး.....ဝေး......ဝေး................။

“ လွတ်လပ်တဲ့ဖန်တီးမှု…”


တစ်ခါတုန်းက
အမျိုးသမီးတစ်ဦးက
စာရေးဆရာကြီး ဘားနတ်ရှောကို မေးတယ်။
“ဘုရားသခင်က
ယောကျာ်းကို အရင်ဖန်ဆင်းတယ်။
ပြီးတော့မှ မိန်းမကို ဖန်ဆင်းတယ်။
ဘာဖြစ်လို့လဲ”

စာရေးဆရာကြီး ဘားနတ်ရှောပြန်ဖြေလိုက်တာက
“ယောကျာ်းကို သူဖန်ဆင်းနေတဲ့အချိန်မှာ
မိန်းမက အကြံဥာဏ်အမျိုးမျိုးပေးပြီး
သူ့ကို နှောက်ယှက်မှာ စိုးလို့”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com