Wednesday, October 5, 2011

“ ငွေနဲ့စိတ်ချမ်းသာမှုကိုဝယ်နိုင်လား…”










တစ်ခါတုန်းက
အမြဲစိတ်ကောင်းရှိတဲ့ ဖိနပ်ချုပ်သမားတစ်ဦးရှိပါတယ်။
သူဟာ အလွန်ပျော်ရွှင်တဲ့အတွက် မနက်မိုးလင်းတဲ့အချိန်ကနေ
ညဥ့်နက်တဲ့အထိ သီချင်းတအေးအေးနဲ့ နေတတ်ပါတယ်။
သူ့ရဲ့အိမ်ပြူတင်ပေါက်အဝမှာ ကလေးတွေ အမြဲရပ်နေပြီး သူ့သီချင်းသံကို
နားထောင်နေတတ်ကြပါတယ်။
သူ့အိမ်နဲ့ ကပ်နေတဲ့အိမ်မှာတော့ လူချမ်းသာတစ်ဦးနေပါတယ်။
သူဟာ သူ့ရဲ့ငွေတွေကို တစ်ညလုံးရေတွက်ပြီး
နံနက်မိုးလင်းမှ အိပ်ရာဝင်လေ့ရှိပါတယ်။
သူဟာ ငွေချမ်းသာပေမယ့်လည်း စိတ်မချမ်းသာပါ။
ဖိနပ်ချုပ်သမားရဲ့
သီချင်းသံကြောင့် သူမအိပ်နိုင်ပါ။
တစ်နေ့မှာတော့ ဖိနပ်ချုပ်သမား သီချင်းမဆိုနိုင်အောင်
ဘယ်လိုလုပ်ရမလဲလို့ အကြံထုတ်ပါတယ်။
စိတ်ချမ်းသာနေတဲ့ဖိနပ်ချုပ်သမားကိုလည်း မနာလိုမရှုစိမ့်နိုင်ပါ။
တစ်နေ့တော့
ဖိနပ်ချုပ်သမားကို သူက လာလည်ဖို့ဖိတ်လိုက်ပါတယ်။
ဖိနပ်ချုပ်သမားက လာလည်ပါတယ်။
လူချမ်းသာကရွှေပြားတွေ အပြည့်ထည့်ထားတဲ့ အိတ်ငယ်တစ်လုံးကို
ပေးတဲ့အတွက် သူ အလွန်အံ့သြသွားပါတယ်။
အိမ်ပြန်ရောက်တဲ့အခါမှာတော့ ဖိနပ်ချုပ်သမားဟာ အိတ်ကို ဖွင့်ကြည့်ပါတယ်။
အဲဒီလောက်များပြားတဲ့ ငွေတွေကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဘူးပါ။
သူဟာ အားလုံးကို ရေတွက်ကြည့်ပါတယ်။
ကလေးများက ဝိုင်းကြည့်နေကြပါတယ်။
များလွန်းတဲ့အတွက် အဲဒီငွေတွေကို မျက်စိအောက်က အပျောက်မခံရဲပါ။
အဲဒါကြောင့် အိပ်တဲ့အခါ သူနဲ့အတူ ငွေအိတ်ကို ယူထားပါတယ်။
အဲဒီလို ယူထားတာတောင်မှ အဲဒီငွေအကြောင်း စဉ်းစားပြီး အိပ်မပျော်နိုင်တော့ပါ။
အဲဒါကြောင့် အိပ်ရာမှထပြီး ငွေအိတ်ကိုယူကာ ဘုရားစင်တွင် တင်ထားပါတယ်။
အဲဒီနောက် အဲဒီနေရာလည်း မလုံခြုံဘူးလို့ အတွေး ဝင်လာပြန်ပါတယ်။
အဲဒါကြောင့် နောက်တစ်နေ့နံနက်မှာ ငွေထုပ်ကို အောက်ထပ်ကို ယူလာပြန်ပါတယ်။
အဲဒီနောက် မီးလှုံတဲ့နေရာတွင် ဝှက်ထားဖို စဉ်းစားပါတယ်။
ဒါပေမယ့် ငါ့ငွေထုပ်ကို ကြက်ခြံမှာ ထည့်ထားမယ်၊
ဘယ်သူမှ အဲဒီမှာ ရှာမှာမဟုတ်ဘူး
လို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် ငွေအတွက် စိတ်ပူပန်နေပါတယ်။
အဲဒါကြောင့် ဥယျာဉ်ထဲမှာ တွင်းနက်နက် တစ်ခုတူးပြီး အဲဒီတွင်းထဲမှာ
ငွေထုပ်ကို ဝှက်ထားပါတယ်။
အဲဒီငွေထုပ်ဖြင့် အလုပ်ရှုပ်နေတဲ့အတွက် ဖိနပ်မချုပ်နိုင်ပါ။
သီချင်းလည်း မဆိုနိုင်ပါ။
သူဟာ စိတ်သောက ရောက်လွန်းသဖြင့် ဘာမှ မလုပ်နိုင်ပါ။
အဆိုးဆုံးမှာ ကလေးတွေက သူဆီလာမလည်တော့ခြင်းဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဖိနပ်ချုပ်သမားဟာ စိတ် မပျော်လွန်းတဲ့အတွက် ငွေကို တူးပြီး
ငွေထုပ်နဲ့အတူ အိမ်နီးချင်းဆီ အပြေးသွားပါတယ်။
ဒီငွေထုပ်ကို ပြန်ယူပါခင်ဗျာ၊
ငွေအတွက် ပူပန်ရလွန်းလို့ ကျနော်နေမကောင်းဖြစ်ရပါတယ်။
မိတ်ဆွေတွေကတောင် လာမလည်ကြတော့ပါဘူး၊
ကျနော် အရင်ကအတိုင်း ဖိနပ်ချုပ်သမားပဲ ဖြစ်ချင်ပါတယ်
လို့ ပြောလိုက်ပါတယ်။
မကြာခင်မှာပင်
ဖိနပ်ချုပ်သမားဟာ အရင်ကအတိုင်း ပျော်ရွှင်ပြီး သီချင်းတအေးအေးနဲ့
တစ်နေ့လုံး အလုပ်တွေကို လုပ်နေပါတော့တယ်။
ဒီတော့မှ နကိုအတိုင်းစိတ်ချမ်းသာစွာနေထိုင်သွားပါသတဲ့။

Tuesday, October 4, 2011

" သစ္စာဆိုတဲ့သဘော..."


တစ်ခါတုန်းက ရသေ့ရဲ့ကျောင်းသင်္ခမ်းကို သူကြွယ်လင်မယားနဲ့သားလေးတို့ဟာ

ဆွမ်းလာကပ်လှူကြတယ်။

အဲဒီကျောင်းမှာ မိဘများကဆွမ်းကိစ္စဆောင်ရွက်နေတုန်း

သားငယ်က ကစားရင်း မြွေကိုက်ခံရတဲ့အတွက် မြွေဆိပ်တက်ပြီး

အဲဒီနေရာမှာပင် လဲကျပြီးသတိမေ့သွားပါတယ်။

မိဘများကသိပြီး သားကိုပွေ့ချီကာ ရသေ့ဆီကို ဆေးကုဖို့တောင်းပန်ကြတယ်။

ရသေ့က “ ငါက ဆေးဝါးလည်းမသိ၊ မန္တန်လည်းမတတ်ပါ”လို့ဆိုတော့

မိဘများက “အရှင်ဘုရား၊ သားလေးအပေါ် မေတ္တာထားပြီးသစ္စာဆိုပေးပါ”

လို့တောင်းပန်ပါတယ်။

ဒီတော့ ရသေ့က သစ္စာဆိုပါတယ်။

“ငါဟာ ရသေ့ရဟန်းဖြစ်တဲ့နေ့က ခုနှစ်ရက်သာပျော်မွေ့ခဲ့ပါတယ်။

နှစ်ပေါင်းငါးဆယ်လုံးလုံး ရသေ့ရဟန်းဘဝတွင် မပျော်မွေ့ဘဲနေခဲ့ရတယ်။

ဤမှန်သောသစ္စာစကားကြောင့် ဒီသူငယ်ရဲ့မြွေဆိပ်တို့ ကျဆင်းပြီး

အသက်ချမ်းသာပါစေသတည်း”

လို့သစ္စာဆိုတာနဲ့မြွေဆိပ်ဟာ ခေါင်းပိုင်းက ရင်ခေါင်းအထိကျသွားတယ်။

သူငယ်လေးဟာ သတိရလာတယ်။ မျက်တောင်ခတ်လာတယ်။

လုံးဝတော့ကောင်းမလာသေးပါ။

ဒီတော့

ရသေ့က “ငါ့အစွမ်းကဒီလောက်ပဲရှိတယ်။ အဖေလည်း သစ္စာဆိုပါဦး”

လို့တိုက်တွန်းတယ်။

ဖခင်ဖြစ်သူက…

“ ငါရဲ့အိမ်မှာ အလှူမဏ္ဍပ်ကြီးနဲ့နေ့တိုင်း လှူဒါန်းနေပါတယ်။

ငါဟာ အလှူခံများကို သဒ္ဓါတရားမရှိဘဲ

မလှူချင်ဘဲလှူနေရပါတယ်။

ဤမှန်သောသစ္စာစကားကြောင့် သားဖြစ်သူ

မြွေဆိပ်ကပျက်ပြယ်ပါစေသတည်း”

လို့ဆိုတယ်။ မြွေဆိပ်ဟာ ကျသွားတယ်။

ကလေးဟာ ခါးအထိလှုပ်ရှားနိုင်လာတယ်။

ဒါပေမယ့် လုံးဝတော့ကောင်းမလာသေးပါ။

သူကြွယ်က ဇနီးဖြစ်သူကို

သစ္စာဆိုပါဦးလို့တိုက်တွန်းတယ်။

မိခင်က

“ ငါဟာ ငါရဲ့လင်သားအပေါ်မှာ သားကိုကိုက်တဲ့မြွေဟောက်နဲ့အတူ မချစ်၊မနှစ်သက်ပါ။

ဤမှန်သောသစ္စာစကားကြောင့် ငါရဲ့သားမှ မြွေဆိပ်တို့ပျောက်ကွယ်ပါစေသတည်း”

လို့သစ္စာဆိုပါတယ်။

မြွေဆိပ်အားလုံးကျပြီး သားငယ်ဟာ ပကတိကောင်းသွားပါတယ်။

+++++++++++++++++++++++++++++++++

ကျနော်ဟာ သစ္စာကိုယုံကြည်သူဖြစ်တယ်။

အခက်အခဲဖြစ်တိုင်း သစ္စာဆိုလေ့ရှိတယ်။

အခက်အခဲတွေလည်း ပြေလည်သွားတတ်စမြဲဖြစ်တယ်။

သစ္စာဆိုတဲ့အခါမှာတော့ မှန်သောစကား၊ကောင်းသောစကားသာ

သစ္စာတည်တယ်လို့မှတ်ယူထားမိပါတယ်။

ဒါကြောင့်ကောင်းတဲ့စကား၊ မှန်တဲ့စကားကိုသာ သစ္စာပြုမိလေ့ရှိပါတယ်။

ဤပုံပြင်ကို ဖတ်မိလိုက်တော့မှ သစ္စာဆိုတာ

အဓိက အင်္ဂါရပ်က မှန်တဲ့စကားဖြစ်ဖို့သာလိုကြောင်းကို

သိခဲ့ရပါတယ်။

ကောင်းတဲ့စကားဖြစ်ဖို့မလိုကြောင်းလည်းနားလည်လာပါတယ်။

အားတက်သွားမိပါတယ်။

အကြောင်းကား...

မကောင်းတာတွေ အများအပြားလုပ်ထားမိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပြီးတော့

ဝမ်းသာသွားမိပါတယ်။

အကြောင်းကား....

မကောင်းတာတွေကိုပါ သစ္စာဆိုလို့ရရင် ဆိုစရာသစ္စာက

များစွာရှိလာနိုင်သောကြောင့်ဖြစ်ပါတယ်။

+++++++++++++++++++++++++++++

ဒီပုံပြင်ထဲမှာပါတဲ့ ရသေ့ရယ်၊

အဖေဖြစ်တဲ့သူကြွယ်ရယ်၊

အမေရယ်ဟာ

ဘာကြောင့်များ မကောင်းတဲ့အမှုကို နှစ်ပေါင်းများစွာဟန်ဆောင်ပြီးလုပ်ခဲ့ကြသလဲ။

အဓိက အကြောင်းရင်းက လူအများကဲ့ရဲ့မှာ ရှက်လို့၊ကြောက်လို့ဆိုတာကိုပါသိလိုက်ရပါတယ်။

ဒီတော့ ကဲ့ရဲ့မှာကိုရှက်တဲ့စိတ်၊ကြောက်တဲ့စိတ်ဟာ

ကိုယ်ရဲ့ဘဝတစ်ခုလုံးအတွက် လွတ်လပ်တဲ့စိတ်ဆုံးရှုံးသွားစေခဲ့သလို

စိတ်ချမ်းသာတဲ့စိတ်ကိုလည်းပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။

တန်သလားဆိုတာကို စဉ်းစားကြည့်တော့ မတန်ပါ။

အမှားကင်းတဲ့လူဆိုတာ မရှိပါ။

ဒီတော့ အမှားကိုအမှားမှန်းသိပြီးပြင်ဖို့သာလိုပါတယ်။

ဖုံးကွယ်ဖို့မလိုပါ။

ဟန်ဆောင်ရတဲ့အလုပ်ဟာ

အလွန်စိတ်အင်အားကုန်စေတဲ့အလုပ်ဖြစ်ပါတယ်။

အကုသိုလ်လည်းဖြစ်စေတယ်။

စိတ်ချမ်းသာမှုကို ဘာနဲ့မှမလဲသင့်ပါ။

မတန်ပါဘူး။

လွတ်လပ်တဲ့စိတ်ကို ဘာအတွက်နဲ့မှ မဆုံးရှုံးစေသင့်ပါ။

မတန်ပါဘူး။

++++++++++++++++++




Monday, October 3, 2011

" ဘယ်သူ ပိုပြီးစိတ်ချမ်းသာမလဲ…"


တစ်ခါတုန်းက

အဆောက်အဦးတစ်ခုကို ဆောက်လုပ်နေတာကို ငေးကြည့်ဖူးပါတယ်။

အလုပ်သမားတွေကအများကြီး။

အချို့က အုတ်သယ်နေကြတယ်။

အချို့ကအုတ်စီနေကြတယ်။

အချို့က ပန်းရံလုပ်နေကြတယ်။

အချို့က လက်သမားလုပ်နေကြတယ်။

အချို့က ဘိလပ်မြေဖျော်စပ်နေကြတယ်။

သူ့အလုပ်နဲ့သူရှုတ်နေကြတယ်။

အဲဒီအချိန်မှာပဲ စပ်စုချင်စိတ်ဖြစ်လာတယ်။

အုတ်စီနေတဲ့အလုပ်သမားတစ်ယောက်ဆီကိုသွားပြီး မေးဖြစ်တယ်။

“ ဘာလုပ်နေတာလဲ”

အလုပ်သမားက မကျေမနပ်ပြန်ကြည့်တယ်။

“အုတ်စီနေတာကို မတွေ့ဖူးလား၊”တဲ့။

ဘုတောတောလိုက်တာကို ခံလိုက်ရတယ်။

ဘာမှဆက်မပြောတော့ပါ။ ဆက်လျှောက်သွားတယ်။

အခြားအုတ်စီနေတဲ့အလုပ်သမားတစ်ယောက်ဆီကိုသွားတယ်။

“ ဘာလုပ်နေတာလဲ”လို့

တူညီတဲ့မေးခွန်းကိုပဲ ထပ်မေးကြည့်လိုက်တယ်။

သူ့နဖူးကချွေးကိုသုတ်လိုက်တယ်။

ပြီးတော့ အသက်ကိုပြင်းပြင်းရှုလိုက်တယ်။

“ စားဝတ်နေရေးအတွက် အလုပ်လုပ်နေတယ်”တဲ့။

အလုပ်ရဲ့ပင်ပန်းမှုဒဏ်ကိုရော၊ စိတ်ရဲ့ပင်ပန်းမှုဒဏ်ကိုပါ

နှစ်ခုစလုံးခံစားနေရတဲ့ပုံသဏ္ဍန်က ပေါ်လွင်နေတယ်။

ဆက်လျှောက်သွားပြန်တယ်။

နောက်တစ်ယောက်ကို ဒီမေးခွန်းကိုပဲထပ်မေးလိုက်ပါတယ်။

“ ဘာလုပ်နေတာလဲ”

အဲဒီလူက မော့ကြည့်တယ်။

နဖူးကချွေးကိုသုတ်လိုက်တယ်။

ပြီးတော့ ပြုံးလိုက်ပါတယ်။

သူ့အပြုံးဟာ နှစ်လိုဖွယ်ကောင်းလှပါတယ်။

“ တရားရိပ်သာတစ်ခုကိုဆောက်နေတာပါ”တဲ့။

+++++++++++++++++++++++++

တူညီတဲ့မေးခွန်းတစ်ခုကို မေးကြည့်လိုက်တဲ့အခါ

အဖြေသုံးမျိုးထွက်လာပါတယ်။

သဘောထားသုံးမျိုးကိုတွေ့လိုက်ရတယ်။

ပထမတစ်မျိုးက

လက်ရှိအလုပ်ကို မကျေနပ်ဘူး။

ရုန်းလည်းမထွက်နိုင်ဘူး။

ကြိတ်မှိတ်လုပ်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်။

ဘာကိုလည်းမကျေနပ်ဘူး။

အလိုလိုနေရင်းကို စိတ်တိုနေတယ်။

ဘယ်သူ့ကိုဖြစ်ဖြစ် ဘုတောမယ်။

ရန်ဖြစ်ရမှာကိုလည်း ဝန်မလေးတဲ့ပုံစံ။

ဒုတိယတစ်မျိုးက

စား၊ဝတ်၊နေရေးအတွက် မလွှဲမရှောင်သာ

အလုပ်လုပ်နေရတယ်။ကျေနပ်တာလည်းမဟုတ်ဘူး။

မကျေနပ်တာလည်းမဟုတ်ဘူး။

သူ့အလုပ်သူလုပ်မယ်။

အချိန်တန်လခထုတ်မယ်။

မိသားစုရဲ့စား၊ဝတ်နေရေးပြဿနာကိုဖြေရှင်းမယ်။

ဒါပဲသိတယ်။ ဒါပဲလုပ်တယ်ဆိုတဲ့ပုံစံ။

တတိယတစ်မျိုးက

အလုပ်ကိုနှစ်သက်တယ်။

အလုပ်လုပ်ရတာကိုပျော်တယ်။

ပြီးတော့ အလုပ်ရဲ့နောက်ဆက်တွဲ အကျိုးကိုပါလိုလားတယ်။

ဒါလုပ်ရင် ငါဟာ ငွေကြေးရတဲ့အပြင် ကုသိုလ်ပါရနေပါလားဆိုတဲ့အတွေးနဲ့

လုပ်နေတဲ့ပုံစံ။

+++++++++++++++++++++++++

အလုပ်လုပ်နေချိန်မှာ

ဘယ်သူက ပိုပြီးစိတ်ချမ်းသာမလဲ…

+++++++++++++++++++++++++

ဘဝရဲ့အချိန်တော်တော်များများဟာ အလုပ်လုပ်ရင်း

ကုန်နေကြတယ်။

အလုပ်မှာမပျော်ရင်….

အကောင်းမြင်စိတ်မရှိရင်…

ဘဝဟာ ရှုံးပြီးရင်းရှုံးနေတော့မယ်။

အမြတ်မရတဲ့အပြင် အရင်းရှုံးတဲ့အလုပ်ကို လုပ်နေသင့်ပါသလား။


အလုပ်မှာပျော်ရွှင်ရင်….

အကောင်းမြင်စိတ်ရှိရင်…

ဘာအလုပ်ပဲလုပ်လုပ် အမြတ်ထွက်ပါတယ်။

ကုသိုလ်ဆိုတဲ့အမြတ်၊

ပညာဆိုတဲ့အမြတ်၊

ငွေကြေးဆိုတဲ့အမြတ်တွေထွက်လာနိုင်ပါတယ်။

အကောင်းမြင်စိတ်ရှိရင်လည်း အလုပ်မှာပျော်ရွှင်လာနိုင်ပါတယ်။

အကောင်းမြင်စိတ်ဆိုတာ မေတ္တာစိတ်ကိုပြောတာပါ။

++++++++++++++++++++

မှတ်ချက်။ ။မော်လမြိုင်နဲ့ မုဒုံကြားက ဖားအောက်တောရတရားစခမ်းက

အတွေ့အကြုံကို အခြေခံပြီး ခံစားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

++++++++++++++++++++


Sunday, October 2, 2011

"ရေကိုချွေတာသုံးစွဲပါ..."



ရေကိုမချွေတာခြင်းဟာ ငွေကိုမချွေတာရာရောက်ပါတယ်။
အမေရိကန်တွင် အလကားရတဲ့အရာ ဘာမှမရှိပါ။
မြန်မာနိုင်ငံတွင်လည်း ယခုရေကို အလကားရနိုင်သေးတယ်ဆိုရင်လည်း
နောက်နှစ်မကြာခင်မှာ ရှားပါးပစ္စည်းဖြစ်လာဖို့အလားအလာဖြစ်ရှိနေပါတယ်။

ကျနော်တို့သောက်နေရတဲ့ရေတွေဟာ ကျနော်တို့အဖေ၊ကျနော်တို့အဖိုးက
အပင်ပန်းခံပြီးတူးခဲ့တဲ့အတွက် သောက်သုံးနေရတာဖြစ်ပါတယ်။
ကျနော်တို့က ဆက်ပြီးရေတွင်း၊ရေကန်ကို ဆက်မတူးခဲ့ရင်...
ကျနော်တို့က မချွေတာခဲ့ရင်....
နောက်မျိုးဆက်တွေဖြစ်တဲ့ကျနော်တို့သားသမီးတွေ၊မြေးမြစ်တွေ ငတ်ဖို့သာရှိပါတယ်။

ရေနည်းနည်းကို ဖြုန်းတီးခြင်းဟာ ငွေနည်းနည်းကို ဖြုန်းတီးရာရောက်ပါတယ်။
ရေများများကိုဖြုန်းတီးခြင်းဟာလည်း ငွေများများကိုဖြုန်းတီးရာရောက်စေပါတယ်။
ချွေတာတဲ့နည်းလမ်းကိုမသိတဲ့အတွက် ချွေတာရကောင်းမှန်းမသိခဲ့ရင်တောင်
ချွေတာတဲ့နည်းလမ်းကို သိပါက
သိတဲ့အချိန်ကစပြီး ချွေတာသင့်ပါတယ်။
ဒါကြောင့် စေတနာကောင်း နဲ့ တင်ပြလိုက်ပါကြောင်း။

++++++++++++++++++++++++++++

၁။ လုံလောက်ရုံသာ ရေချိုးပါ။
မလိုအပ်ပဲ ဖြုန်းတီးတာမျိုး မဖြစ်ပါစေနှင့်။

၂။ ဆပ်ပြာတိုက်နေစဉ် ရေပိတ်ထားပါ။

၃။ သွားတိုက်လျှင် ရေပိုက်ခေါင်းကိုဖွင့်သုံးမည့်အစား ရေခွက်ဖြင့်ခံသုံးပါ။

၎။ အိမ်သာရေဆွဲလျှင် အပေါ့သွားသောအခါ ဆွဲခြင်းနှင့်
အလေးသွားသောအခါ ဆွဲခြင်းကို ခွဲခြားသိပါစေ။
(အပေါ့သွားပြီး နှိပ်လျှင် တစ်ချက်နှိပ်ရုံမျှနှင့် လုံလောက်သည်။
အလေးသွားပြီး နှိပ်လျှင် ခပ်ကြာကြာနှိပ်ထားရမည်။)

၅။ အအေးခန်းထဲမှ ထုတ်လာသော အသားငါးများကို
ရေခေါင်းဖွင့်ပြီးပျော့သွားအောင် မလုပ်ပါနှင့်။
မနက်ဖြန်ချက်မည့် အသားငါးများကို
ယနေ့ညကတည်းက အပေါ်ရေခဲခန်းမှ အောက်ဖက် အသီးအရွက်ခန်းသို့
ပြောင်းထည့်ထားခြင်းဖြင့် ရေခဲများ အရည်ပျော်သွားပေမည်။

၆။ အသီးအရွက်များကို ရေဆေးခြင်း၊
ပန်းကန်ခွက်ယောက်များကို ဆေးခြင်းအား ဇလုံဖြင့်သုံးပါ။
ရေပိုက်ခေါင်းဖွင့် သုံးခြင်းသည် မလိုအပ်ပဲ ရေကို ပိုကုန်စေသည်။

၇။ အ၀တ်တစ်ထည်၊ နှစ်ထည်ထဲဖြင့် အ၀တ်လျှော်စက်သုံးကာ လျှော်ခြင်းသည်
မီးကိုရော ရေကိုပါ မလိုအပ်ပဲ ဖြုန်းတီးခြင်း ဖြစ်သည်။
အ၀တ်လျှော်စက် တစ်လုံးစာပြည့်မှ လျှော်ပါ။
လူတစ်ဦးအတွက် တစ်ပတ်တစ်ကြိမ် (သို့မဟုတ်)
နှစ်ကြိမ်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်ပါသည်။

၈။ အ၀တ်လျှော်စက်မှ ထုတ်လိုက်သောရေကို လွှင့်မပစ်ပါနှင့်။
အိမ်သာလောင်းရန် သို့မဟုတ် ကြမ်းတိုက်ရန် ပြန်သုံးပါ။

၉။ ရေအသုံးကို PUB မှပို့လာသော ငွေတောင်းခံလွှာ ဘီလ်တွင် အမြဲစစ်ပါ။
မသင်္ကာစရာ ပိုများလာပြီဆိုလျှင် ရေယိုနေပြီလား စစ်ဆေးပါ။

၁၀။ ရေခေါင်းကို ပိတ်ပြီဆိုလျှင် သေချာစွာပိတ်ပါ။
ရေများ တစ်စက်စက်ကျမနေပါစေနှင့်။

၁၁။ Water Efficient ဟု ရေးထားသော ရေခေါင်းများသုံးပါ။

၁၂။ မသုံးသောအခါများတွင် (ခေတ္တပင်ဖြစ်စေ) ရေခေါင်းကို ပိတ်ထားပါ။

၁၃။ ရေယိုနေပြီ ဆိုပါစို့။
ချက်ခြင်းပြင်ပါ။

၁၄။ ရေယိုခြင်းကို စစ်နိုင်သည့်တစ်နည်းမှာ
အိမ်ရှိရေခေါင်းများအားလုံးကို သေချာကျနစွာ ပိတ်ပါ။
ထို့နောက် ရေမီတာကို စစ်ကြည့်ပါ။
ရေလုံးဝမသုံးသည့်တိုင် ရေမီတာ တက်နေသေးသည်ဆိုလျှင်
ရေယိုတာ သေချာပါသည်။
ရေပိုက်ပြင်သူ (Plumber )ကို အမြန်ဆုံးခေါ်ပါ။


၁၅။ ကားဆေးရာတွင် ရေပိုက်အစား ရေပုံးကို သုံးပါ။


၁၆။ သစ်ပင်ပန်းမန်များကို ရေလောင်းရာတွင်
နံနက် ၄ နာရီမှ ၇ နာရီအတွင်း၊
ညနေ ၆ နာရီမှ ၉ နာရီအတွင်း ရေပုံးကို သုံး၍လောင်းပါ။
(ထိုအချိန်များသည် ရေငွေ့ပျံအနည်းဆုံးဖြစ်သည်။)

++++++++++++++++++++++++++++++++++

(ဤဆောင်းပါးတွင်ပါသမျှ အချက်အလက်အားလုံးမှာ
PUB, NEA နှင့် Wikipedia Website များမှ ဖြစ်ပါသည်။)

++++++++++++++++++++++++++++++++++






Saturday, October 1, 2011

" အီလုံတက္ကသိုလ်..."





အီလုံတက္ကသိုလ်ဟာ အေးချမ်းသာယာတဲ့ နေရာတစ်ခုဖြစ်သလို
ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။



အီလုံတက္ကသိုလ်ဟာ
အမေရိကန်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလကျောင်းပါ။
ကျောင်းသားကျောင်းသူတွေကတော့ အနယ်အရပ်ရပ်ကလာတက်ကြတယ်။ အလွန်လှပတဲ့ပတ်ဝန်ကျင်တစ်ခုဖြစ်တယ်။
ပန်းဥယျာဉ်တစ်ခုထဲဝင်လည်နေရသလိုခံစားရတယ်။





တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတိုင်းဟာ ကိုယ်ပိုင်ကားကိုယ်စီနဲ့မို့
ကျောင်းတက်ချိန်ဆိုရင် ကားပါ့ကင်မှာ ကားတွေနဲ့ပြည့်ကြတ်နေလေ့ရှိတယ်။




အီလုံတက္ကသိုလ်ဟာ
ကာရိုးလိုင်းနား(မြောက်)မှာရှိနေတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်။
ကျောင်းဝန်းဟာ အလွန်ကျယ်တယ်။
အဆောက်အဦးတွေဟာ များပြားလှတယ်။




ိအချို့ကျောင်းသားတွေဟာ ကားပါ့ကင်အခက်အခဲကြောင့်
အချို့ကျောင်းသားတွေကတော့ ကျောင်းဝင်းထဲမှာအဆောင်ငှားနေတာကြောင့်၊
စက်ဘီးတွေနဲ့ကျောင်းတက်သူအချို့လည်းရှိနေပါတယ်။


အီလုံတက္ကသိုလ်ကျောင်းကို လာရောက်လေ့လာသူတွေဟာ
နေ့စဉ်နဲ့အမျှရှိနေကြပါတယ်။
သားသမီးတွေကျောင်းမတက်မီ မိဘများက
ကျောင်းရဲ့အခြေအနေကို အသေးစိတ်သိရလေအောင်
သားသမီးများနဲ့လာရောက်လေ့လာတာကိုတွေ့ရပါတယ်။
နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများက
လိုက်လံရှင်းလင်းပြပါတယ်။


စာသင်ဆောင်တွေဖြစ်ပါတယ်။


အီလုံတက္ကသိုလ်ဝင်းအတွင်းက ဘုရားကျောင်းတစ်ခုပါ။
တနင်္ဂနွေနေ့နံနက်ပိုင်းဆိုရင် ကားတွေနဲ့ပြည့်နေတတ်ပါတယ်။

စာသင်ဆောင်တွေဟာ အမြောက်အများရှိနေတယ်။
ကျောင်းဆောင်သစ်တွေဟာ အမြဲတမ်းတိုးချဲ့နေတယ်။
သူတို့ကျောင်းကိုရောက်တဲ့ခဏမှာပဲ
ပျော်ပျော်စရာကောင်းလိုက်တာ၊
ဝမ်းသာစရာကောင်းလိုက်တာ၊
အားကျစရာကောင်းလိုက်တာ၊

+++++++++++++++++++++++++++++++++++++++

အီလုံတက္ကသိုလ်ကို ရောက်တော့
ကျနော်တို့ရဲ့အမိမြန်မာနိုင်ငံက
တက္ကသိုလ်ကျောင်းသားဘဝကို ပြန်သတိမိပါတယ်။
ကျနော်တို့တက္ကသိုလ်ကျောင်းတက်စအချိန်
ဟာ ပျော်စရာအကောင်းဆုံးအချိန်လို့ပြောလို့ရတယ်။
နောက်ပိုင်းရောက်လာတော့ ခဏခဏကျောင်းပိတ်လာတယ်။
ကျောင်းတက်ချိန်ဟာ နည်းနည်းလာတယ်။
ကျောင်းတွေဟာ မြို့နဲ့ဝေးဝေးလာတယ်။
ပညာရေးဟာ အဆင့်နိမ့်နိမ့်လာတယ်။
ကန့်သတ်ချက်တွေက များများလာတယ်။
စာမေးပွဲတွေဟာ လွယ်လွယ်လာတယ်။
ဘွဲ့ရသူတွေဟာ တန်းဖိုးနည်းနည်းလာတယ်။
နောက်ဆုံးကျတော့
ဝမ်းနည်းစရာကောင်းကောင်းလာတယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com