Tuesday, October 11, 2011

" အမေ့ထံသို့ပေးစာများ-၁၆..."



သို့
ချစ်တဲ့အမေ
သားသတိတရစာရေးလိုက်ပါတယ်။
အမေနေကောင်းလား၊
အမေနေကောင်းပါစေလို့ကျနော်အမြဲတမ်းဆုတောင်းနေပါတယ်။
"အရာရာဟာကောင်းဖို့ဖြစ်လာတာပါ"
လို့အမေခဏခဏပြောဖူးတဲ့စကားကို
ကျနော်မမေ့ပါဘူး။
အဲဒီစကားဟာ ကျနော့်အတွက် အမြဲတမ်းခွန်အားဖြစ်စေခဲ့ပါတယ်။
“အကောင်းလည်းမမြဲဘူး။
အဲ…အဆိုးလည်းမမြဲပါဘူး။
အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတယ်။
အဆိုးကြောင့်လည်း အကောင်းတွေဟာ ပိုလှပနေတာပါ” တဲ့။
ဒါကြောင့်အဆိုးကို သတ္တိရှိရှိ ရင်ဆိုင်လိုက်စမ်းပါ" တဲ့။
ကျနော်ဟာ အမေ့သားပါ။
သတ္တိရှိတဲ့အမေရဲ့သားဖြစ်တဲ့အတွက်
သားအမြဲတမ်းဂုဏ်ယူမိပါတယ်။
ကျနော်ငယ်ငယ်က
ဒီသင်ခန်းစာကို ကောင်းကောင်းမကျေညက်ခဲ့တဲ့အတွက်
ဒီမှာ ကျနော်အလူးအလဲခံစားရတာကိုတော့ ဝန်ခံပါတယ်။
ဒီရောက်တော့ ကျနော်ကားတွေကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်နေပြီအမေ။
အမေရိကန်ရဲ့ ကားလမ်းအမျိုးမျိုးအပေါ်မှာ ကားအမျိုးမျိုးကိုမောင်းတတ်တာကိုပြောတာပါ။
ဒါဟာ ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ။
ဖြစ်ပုံကဒီလိုပါ။
အိမ်မှာနေရတာ နားညီးလွန်းတာနဲ့ရရာအလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တယ်။
အမေရိကန်မှာနေရတာ အလုပ်ရှိရင်လည်း ဒုက္ခ၊
အလုပ်မရှိရင်လည်း ဒုက္ခပါပဲ။
အလုပ်ရှိသူတွေရဲ့ဒုက္ခက အလုပ်ရှင်တွေရဲ့အတ္တကြောင့်ဖြစ်လာတဲ့ဒုက္ခပေါ့။
ဒီကအလုပ်ရှင်တွေက အလုပ်သမားတွေကိုလခပေးပြီးဆိုတာနဲ့
အဲဒီအလုပ်သမားဆီက လုပ်အားကို ကြံကြိတ်စက်က ကြံချောင်းရဲ့အရည်ကို
ညှစ်ယူသလိုမျိုးညှစ်ယူတာဆိုတော့ ဘယ်မှာ သက်သာမလဲ။
နှေးလိုက်တာဆိုပြီးအတင်းမောင်းတော့တာပဲ။
မကျွမ်းကျင်ရင် နှေးမှာပဲ။ ဒါကိုလက်မခံဘူး။
မြန်မြန်လုပ်။
မြန်မြန်လုပ်တော့ မသေသပ်တော့ဘူး။
မလိုချင်ဘူး။
မြန်မြန်နဲ့သပ်သပ်ရပ်ရပ်ပြီးရမယ်တဲ့။
သူတို့ပြောသလိုပြီးအောင်လုပ်နိုင်လာတော့
တန်ဖိုးပေးထားတဲ့အလုပ်ချိန်အတွင်းမှာ အအားမနေရဘူးတဲ့။
အလုပ်ပါးရင် ကျန်တဲ့အလုပ်တွေကို ရှာကြံလုပ်ရမယ် တဲ့။
ရှာကြံခိုင်းတယ်။
ပြေးနေတဲ့မြင်းတစ်ကောင်ကို အားမရလို့ကြာပွတ်နဲ့တစ်ချိန်လုံးရိုက်နေသလိုမျိုးဆိုတော့
အိမ်ပြန်လာရင် ခြေကုန်လက်ပန်းကျပြီ။
ဘာအားမှ မကျန်တော့သလိုခံစားရတယ်။
ခြေကုန်လက်ပန်းကျတယ်ဆိုတာဒါမျိုးလို့အခုမှပဲ သေသေချာချာ သိတော့တယ်။
အလုပ်မရှိသူရဲ့ဒုက္ခက စိတ်ပင်ပန်းရတာပါပဲ။
လူကတော့ မပင်ပန်းပါဘူး။
စိတ် ပင်ပန်းတာက ပိုဆိုးပါတယ်။
အလုပ်မရှိသူဟာ ငွေရေးကြေးရေးကိစ္စကိုပူပန်ရတယ်။
ငွေက တန်ခိုးကြီးတယ်။
ငွေမရှိရင် ရေရှည်ရပ်တည်နိုင်ဖို့ခက်ခဲမှန်းသိလို့စိတ်ပင်ပန်းရတာကတစ်မျိုး။
ငွေကိုတန်ဖိုးထားလွန်းတဲ့မိသားစုထဲနေမိတာကြောင့်
တစ်ချိန်လုံးအလုပ်ရှာဖို့ချည်းပြောနေတော့တာပဲ။
အင်တာနက်ထဲအလုပ်လျှောက်ရတာလည်းအမော။
အလုပ်လိုက်ရှာရတာလည်းအမော။
အလုပ်ရှားပါးတဲ့ခေတ်ရောက်မှ
ဒီကိုလာမိတဲ့အတွက် အလုပ်ကလည်းရှားလိုက်တာမပြောပါနဲ့တော့။
မိန်းမက ကျနော့်အပေါ်နားလည်မှုရှိပါတယ်။
သူတစ်ယောက် လုပ်တာက စား၊ဝတ်၊နေရေးအစဉ်ပြေပါတယ်တဲ့။
မိဘများကို လှူချင်ရင်တော့ အလုပ်ရှိရမယ်တဲ့။
ကိုယ်နဲ့သင့်တော်တဲ့အလုပ်ရမှ လုပ်ပါတဲ့။
ဒီမှာက အိုးကမပူ၊စလောင်းကပူဆိုသလိုဖြစ်နေတယ်။
ကျနော်အလုပ်မရှိတာကိုပဲ ကျနော့်မိန်းမကလွဲပြီးအားလုံးကဝိုင်းပူနေတယ်။
သူတို့ရဲ့အပူက ကူးတယ်လေ။
နားညီးလို့စာကြည့်တိုက်သွားပြီးစာဖတ်ချိန်မှာတော့ နားအေးနေပေမယ့်
အိမ်ပြန်ရောက်တာနဲ့ အို…တစ်အိမ်သားလုံး ဝိုင်းပြီးပူညံပူညံလုပ်တော့တာပဲ။
တစ်ခါမှမတွေ့ဖူးဖူး။
တစ်ပတ်၊တစ်လအလုပ်မရှိတာပဲ၊
တစ်သက်လုံးအလုပ်မရှိသလိုမျိုးပြောနေတာကိုက အံသြမိတယ်။
ကျနော့်ကို လက်ကြောမတင်းတဲ့ငပျင်းလို့ထင်နေပုံရတယ်။
သူတို့ဆိုရင် အသက်ခုနှစ်ကျော်တဲ့အထိ အချိန်ပိုင်း အလုပ်လုပ်တုန်းဆိုတာကတစ်မျိုး၊
ဆရာဝန်ဘဝကိုမေ့ပစ်လိုက်တော့ဆိုတာကတစ်မျိုး၊
အလုပ်ရှိမှ ငွေရှိမှာဆိုတာကတစ်မျိုး၊
ငွေမရှိရင် မကျန်းမာတဲ့အခါ ဆေးကုဖို့ခက်ခဲမယ်ဆိုတာကတစ်မျိုး၊
အလုပ်ဆိုရင် ဘာအလုပ် လုပ်လုပ်ဂုဏ်ရှိတယ်ဆိုတာကတစ်မျိုး၊
အို…စုံနေတာပါပဲအမေရာ။
နေ့စဉ်ကြားနေရတော့ နားညီးလာတယ်။
ဘာအလုပ်ဖြစ်ဖြစ်လုပ်မယ်လို့ ပြောလိုက်တယ်။
သူတို့ကရှာပေးရှာပါတယ်။
ကားသန့်ရှင်းရေးအလုပ်၊
ကားရေဆေးတဲ့အလုပ်ဆိုတော့ ပင်ပန်းတာပေါ့။
ပင်ပန်းတယ်လို့မညီးတော့ပါဘူး။
ဘာကြောင့်ဆိုတော့ အမေကိုလုပ်ကျွေးနေတာပဲဆိုတဲ့စိတ်နဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။
အမေ့ကြောင့်ဆိုတဲ့စိတ်ကြောင့်ကျနော်လုပ်နိုင်ခဲ့ပါတယ်။
နေပူထဲမှာလုပ်ရတော့ နဖူးကချွေး၊ခြေမပေါ်ကျတယ်ဆိုတာကို
အခုတော့ လက်တွေ့ကြုံရပြီလေ။
တစ်ခါတစ်လေအလုပ်များလာရင် ထွက်လာတဲ့ချွေးဟာ
မျက်လုံးထဲဝင်တာတောင်သုတ်ချိန်မရပါဘူး။
မျက်လုံးစပ်လိုက်တာ၊
နေပူလိုက်တာလည်းမပြောပါနဲ့တော့။
မျက်နှာနဲ့ နေထိတဲ့အပိုင်းတွေ မဲလာတယ်။
အင်္ကျီ ဝတ်ထားတဲ့အသားကဖြူနေတယ်။
အခုမှ အမဲနဲ့အဖြူ(Black&white)ဖြစ်နေတယ်။
လက်ဆစ်တွေဟာ အလုပ်လုပ်ရလွန်းလို့ ယောင်နေတယ်။
ကိုက်နေတယ်။ အမြဲတမ်းအကိုက်အခဲပျောက်ဆေးကိုသောက်မှ သက်သာတယ်။
အကိုက်အခဲပျောက်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထည့်မတွက်နိုင်တော့ဘူး။
ဖြစ်ချင်ရာ ဖြစ်စေတော့။
အလုပ်များတဲ့အချိန်မှာ ရေငတ်လွန်းလို့ နူတ်ခမ်းတွေခြောက်လာတယ်။
ဒါပေမယ့် ရေသောက်ချိန်မရတာမျိုးလည်းကြုံရတယ်။
ကျနော့်ဘဝမှာ အပင်ပန်းဆုံးအချိန်ပါပဲ။
အဲဒီကရလာတဲ့ငွေတွေကို မသုံးရက်ဘူး။
ဘာသုံးသုံးမတန်ဘူးအမေ၊
အဲဒါကြောင့် အမေ့ဆီကို ကျနော်ပို့ပေးလိုက်ပါတယ်။
အမေလှူချင်ရာ လှူဖို့၊
အမေစားချင်ရာ စားဖို့၊
အမေသုံးချင်ရာသုံးဖို့အတွက်ပါ။
အဲဒီတုန်းကတော့ အဖြစ်မှန်ကို ကျနော်မပြောခဲ့ဘူး။
အမေမျိုမကျမှာစိုးလို့ပါ။
အမေမသုံးရက်၊မလှူရက် မှာစိုးလို့ပါ။
အခုတော့ ကျနော်မလိမ်ချင်ဘူးအမေ။
အမေပြောခဲ့ဖူးတယ်လေ။
“လိမ်ရလောက်အောင် ထိုက်တန်တဲ့လူဆိုတာမရှိပါဘူး။
ဘုရားကိုချစ်ရင် ဘုရားစကားကိုနားထောင်ပါ။
ဘုရားကြိုက်အောင်နေဖို့ကအရေးအကြီးဆုံးပဲဆိုတာလေ”
အဲဒီကာလတုန်းက နောက်ကြောင်းပြန်လှည့်ပြေးချင်စိတ်အကြိမ်ကြိမ်ဖြစ်ပေါ်လာခဲ့တယ်။
ဒါကို ကျနော်ဝန်ခံပါတယ်။
ဒါပေမယ့် အမေ့စကားကြောင့် နောက်ကြောင်းပြန်မပြေးဖြစ်ခဲ့ပါဘူး။
တစ်ခါတုန်းက ကျနော့်ဘဝနဲ့ပတ်သက်ပြီး ရှေ့တိုးရမလား၊နောက်ဆုတ်ရမလားဆိုတာ
မသဲကွဲတော့ အမေ့ကိုမေးဖူးခဲ့တယ်လေ။
အမေက
“ ဘဝမှာ ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလားဆိုတာ မသဲကွဲတဲ့အခါတိုင်း
သားမှတ်ထား၊
အမြဲတမ်းရှေ့ကိုတိုး၊
ရှေ့ကိုတိုးတဲ့အခါ နှစ်ခုတွေ့နိုင်တယ်။
တစ်ခုက အောင်မြင်မှု၊
အောင်မြင်တဲ့ဘဝကို ရနိုင်တယ်ဆိုတာ ရှေ့တိုးတဲ့သူတွေပဲ ရနိုင်တဲ့ရလာဒ်ပဲသား၊
နောက်တစ်ခုက သင်ခန်းစာ၊
ဆုံးရှုံးမှုတွေ့ရတဲ့တိုင်အောင် အရှုံးကနေ သင်ခန်းစာတွေအများကြီးရနိုင်တယ်
အဲ နောက်ကိုဆုတ်လာတဲ့အခါမှာတော့
ကိုယ့်ဘဝကို ကိုယ်မကျေနပ်တဲ့စိတ်ဓာတ်ဆုံးရှုံးမှုကပိုကြောက်စရာကောင်းတယ်။
နောက်ပြီးနောက်ဆုတ်တာဟာ အကျင့်ပါတတ်တယ်။
အဲဒီအကျင့်က အကျင့်ဆိုးဖြစ်တယ်။

နောက်တစ်ခုက
ဘယ်ဘက်လမ်းကိုသွားရမလား၊
ညာဘက်လမ်းကိုသွားရမလားဆိုတာ ဝေခွဲမရတိုင်း
ခက်ခဲတဲ့လမ်းကိုရွေးချယ်ပါသား၊
ခက်ခဲတဲ့လမ်းမှာ အခွင့်အလမ်းတွေအများကြီးရှိနိုင်တယ်။
ဘာကြောင့်ဆိုတော့ လူတကာ မသွားတဲ့အတွက်ကြောင့်ဖြစ်တယ်။
လွယ်တဲ့လမ်းက လူတကာလျှောက်နေကျလမ်းလေ ”
အမေ့စကားကြောင့် သားနောက်မဆုတ်ပါဘူးအမေ။
စိတ်ချပါ။
သားရွေးချယ်တဲ့လမ်းဟာ ခက်တဲ့လမ်းဖြစ်ကောင်းဖြစ်နိုင်တယ်။
အခက်အခဲတွေအများကြီးတွေ့နေရလို့လေ။
သားရှေ့ကိုတစ်လှမ်းချင်းတိုးသွားမယ်။
နှေးကောင်းနှေးနေရင်တောင်မှ သားရပ်မနေပါဘူး။
တစ်လှမ်းချင်းတစ်လှမ်းချင်း ရှေ့ကိုတိုးသွားနေမယ်လို့
အမေ့ကို ထပ်ပြီးကတိပေးပါတယ်။
အဆိုးတွေကြားကကောင်းတာတွေကတော့ အများကြီးပါအမေ။
တစ်ခုက ကားမောင်းကျွမ်းကျင်လာတယ်။
ကားအမျိုးမျိုးကိုမောင်းခွင့်ရလာတယ်။
ဘာသာစကားကျွမ်းကျင်လာတယ်။
လူအများနဲ့ဆက်ဆံခွင့်ရလာလို့လေ။
နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးလာတယ်။
နောက်တစ်ခုက ချွေးနဲ့သွေးနဲ့အမေ့ကိုလုပ်ကျွေးခွင့်ရလာပါပဲ။
သွေးဆိုတာက…
အမေရေ..လုပ်ငန်းကမကျွမ်းကျင်တော့
ခဏခဏထိခိုက် ဒဏ်ရာတွေရလို့လေ။
ကျနော့်လက်မှာ အမြဲတမ်း ဒဏ်ရာတွေနဲ့။
အမေကျန်းမာရေးကိုဂရုစိုက်နော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၀-၁၁-၂၀၁၁

Monday, October 10, 2011

" စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ..."





“ ကျွန်ုပ်သည် မိမိအမျက်ကို အပြင်မထွက်အောင် သိုမှီထားရန်အတွက်
ခါးသီးသော အတွေ့အကြုံဖြင့် သင်ခန်းစာရခဲ့သည်။
ထိုသင်ခန်းစာကား ထိပ်တန်းထားထိုက်သော သင်ခန်းစာတစ်ရပ်ဖြစ်ပါ၏။

အပူရှိန်ကို သိုလှောင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သလို
ကျွန်ုပ်တို့၏ အမျက်ဒေါသသည်လည်း ထိန်းချုပ်မျိုသိပ်ထားခြင်းဖြင့်
ကမ္ဘာကို တုန်လှုပ်အောင်ပင် ထက်မြက်သော တန်ခိုးအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။

( မဟတ္တမဂန္ဒီ )

++++++++++++++++++

ကုသိုလ်ဆိုတာ အဆင့်အတန်းမြင့်တဲ့စိတ်ဖြစ်တယ်။

v စိတ်ရဲ့အရည်အသွေးကို မြှင့်ပေးလိုက်တာ-ကုသိုလ်။
v စိတ်ရဲ့စွမ်းရည်သတ္တိတွေကို ပိုပြီး ကြီးမားစေတာ-ကုသိုလ်။
v ကောင်းတစိတ်ဓါတ်ဖြစ်ပေါ်လာဖို့ လုပ်လိုက်ရတာ-ကုသိုလ်။

++++++++++++++++++


ကုသိုလ်မှန်းသိပြီးတော့ အဲဒီကုသိုလ်ကို လုပ်ရင်းနဲ့
စိတ်ဓာတ်အင်အားကို ကြီးသည်ထက် ကြီးလာအောင်
မြင့်သည်ထက် မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ
ပညာတတ်ပဲ။

++++++++++++++++++

ဖြစ်ဖို့မသေချာတဲ့ကိစ္စ
ဒါပေမယ့်…
ဖြစ်နိုင်တဲ့အလားအလာတော့ နည်းနည်းရှိတယ်။
အစွမ်းကုန် ကြိုးစားပြီး လုပ်နေတဲ့သူဟာ
စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ။

ဖြစ်မှာသေချာတာကိုမှ လုပ်ချင်တဲ့သူဟာ
စိတ်ဓာတ်အင်အား နည်းတဲ့သူ။

++++++++++++++++++

နေ့တစ်နေ့ကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေနိုင်ခဲ့ရင်
စိတ်ချမ်းသာလက်ချမ်းသာ အိပ်ပျော်တဲ့ညတစ်ညဖြစ်ပေါ်စေတယ်။
အဲဒီလိုပဲ ဘဝတစ်ခုကိုလည်း အနှစ်သာရရှိရှိ နေထိုင်နိုင်ခဲ့ရင် ငြိမ်းချမ်းသာယာတဲ့ သေဆုံးခြင်းကို ဖြစ်ပေါ်စေတယ်။

(လီယိုနာဒို ဒါဗင်ချီ)
{ Leonardo da Vinci }

++++++++++++++++++

သတ္တိသည် အောင်မြင်မှုပုံစံတစ်မျိုးဖြစ်နိုင်၏။
ထိုသို့သတ္တိမွေးနိုင်သူတွေထဲမှာ အထင်ရှားဆုံးကတော့…
ဟယ်လင်ကဲလား ( Helen Keller )ဖြစ်၏။

သူမရဲ့စကားလက်ဆောင်တစ်ခုကတော့…
“ ဘဝဆိုတာ ရဲရဲဝံဝံ သတ္တိရှိရှိ လုပ်ဆောင်ရတဲ့ စွန့်စားခန်းတစ်ခုပါပဲ။
အဲဒီလိုမှ မဟုတ်ရင် ဘဝဆိုတာ ဘာမှ အဓိပ္ပါယ်မရှိဘူး "

++++++++++++++++++

ဤလောကတွင်
လိုချင်တပ်မက်မှုရှိသော နှလုံးသားတစ်ခုအတွက်
မဖြစ်နိုင်ဘူးဆိုတာ ဘာမျှမရှိ။

( အေဘရာဟင် လင်ကွန်း )

++++++++++++++++++

ကျွန်ုပ်က ကမ္ဘာမြေပေါ်တွင် အလျဉ်းမရှိခဲ့သည့် အရာဝတ္ထုများကို
စိတ်ကူးယဉ်အိပ်မက်မက်ပြီး
ဘာကြောင့် မဖြစ်ရမှာလဲ လို့ ကြုံးဝါးခဲ့တယ်။

( ဂျော့ဘားနတ်ရှော )

++++++++++++++++++

လောကတွင် ကျွန်ုပ်တို့အလေးအမြတ်ထားစရာဆိုလို့
ကျွန်ုပ်တို့ရဲ့ ခိုင်မြဲတည်ကြည်တဲ့စိတ်
ကလွဲပြီး တခြားဘာဆိုဘာမျှမရှိပါ။

( ရာ့ဖ်ဝေါ်လ်ဒိုအင်မာဆင် )

++++++++++++++++++

အားကြိုးမာန်တက် အလုပ်လုပ်တဲ့အတွက်
၁။ ကိုယ့်အကြောင်းကို ကိုယ်ပိုသိလာလိမ့်မယ်။
၂။ အသိပညာတွေ ကြွယ်ဝလာပြီး ဉာဏ်အလင်းပွင့်လာလိမ့်မယ်။
၃။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား၊လေးစားစိတ်တွေ ပြည့်ဝလာလိမ့်မယ်။

++++++++++++++++++


Sunday, October 9, 2011

" မဖြစ်နိုင်ဘူး..."


တစ်ခါတုန်းက တာချီလိတ်မြို့က

ကျနော့်ဆေးခန်းကို ကိုစိုင်းရောက်လာပါတယ်။

သူဟာ အလွန်ရိုးသားသူဖြစ်တယ်။

ရီစရာပြောရင်လည်း ရီရကောင်းမှန်းမသိပါ။

သူကို ရီစရာပြောရင် တစ်ခုခုပြန်ပြောတဲ့အတွက်ကြောင့် ရီရပါတယ်။

သူ့အလှည့်ရောက်တော့ ငြိုးငယ်တဲ့မျက်နှာနဲ့ဝင်လာပါတယ်။

ကိုစိုင်းက

"ဒေါက်တာ ကျနော် အမြဲတန်း စိတ်အားငယ်သလိုဖြစ်နေတယ်။

ဘာလုပ်ရမလဲဆိုတာ အကြံပေးပါအုန်း"


“ ဒါက လွယ်လွယ်လေးပါ၊

အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့”

ကိုစိုင်းရဲ့တုန့်ပြန်ချက်က...

“ ဟာ ဒါတော့ မဖြစ်နိုင်ဘူး၊

ကျနော်က ဘိလပ်မြေ ဖျော်တဲ့လူ…”

Saturday, October 8, 2011

" ဘယ်တော့မှ အားမလျှော့လေနဲ့..."


ဘယ်တော့မှ၊
ဘယ်တော့မှ၊
ဘယ်တော့ဆို ဘယ်တော့မှ၊
အားမလျှော့လေနဲ့။

( ဆာ ဝင်စတန် ချာချီ )

++++++++++++++++++

ဘာဘဲဖြစ်ဖြစ် ကျွန်ုပ် စိတ်မပျက်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့
စွန့်ပယ်လိုက်တဲ့ မှားယွင်းအားထုတ်မှုတစ်ခုတိုင်းဟာ
ရှေ့တစ်လှမ်းတိုးတဲ့ခြေလှမ်းဖြစ်နေလို့ပဲ။

( သောမတ်အက်ဒီဆင် )

++++++++++++++++++

မိုးကောင်ကင်ဆီမှ…
မြေကြီးထဲမှ…
စက္ကူစုတ်တစ်ရွက်မှ…
ဖြတ်သွားသော ပုံသဏ္ဍန်တစ်ခုမှ…
ပင့်ကူအိမ်တစ်အိမ်မှ…
ထိုအရာကို တွေ့နိုင်မည့်နေရာမှ…
ကျွန်ုပ်တို့အတွက် သင့်မြတ်သောအရာကို ရွေးထုတ်ကြရမည်။

( ပက်ဘလို ပီကာဆို )

++++++++++++++++++

ပြင်းပြသောဆန္ဒရှိခဲ့လျှင်
နေ့စဉ်တာဝန် ဝတ္တရားများကြားထဲမှ အခွင့်အလမ်းကို
တွေ့မြင်နိုင်ပါသည်။

++++++++++++++++++

ခက်တာက
သင် နည်းနည်းကလေးမျှ မစွန့်စားလျှင်
သည့်ထက်ပိုပြီး စွန့်စားရကိန်းကြုံခြင်းပင်။

( အယ်ရစ်ကာ ယွန်း )

++++++++++++++++++

အရဲကိုးစွန့်စားခြင်းသည်
သင်၏သက်သောင့်သက်သာနယ်မြေထဲမှ ခြေဆန့်ထွက်ခြင်းပင်ဖြစ်၏။
ပြီးတော့ အာမခံချက်တစ်စုံတစ်ရာမရှိသော အလုပ်တစ်ခုခုကို ပြုလုပ်ခြင်းဖြစ်၏။
ပြီးတော့ ထုံးတမ်းစဉ်လာအတွေးအခေါ်ကို ဆန့်ကျင်ပြီး၊
သင့်နှလုံးသား၏ တေးသံကို အလေးထားနားထောင်ခြင်းဖြစ်၏။

++++++++++++++++++

အရဲကိုးစွန့်စားတော့မည်ဆိုလျှင်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထားဖို့ နှင့်
အမှားတစ်ခု ပြုလုပ်ရဲဖို့ လိုအပ်၏။

++++++++++++++++++

သင်ကြုံရမည့် ရလာဒ်သည်
ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ
လိုလိုလားလား ရင်ဆိုင်ဖို့သင်ဘက်က
အသင့်ဖြစ်နေချိန်တွင် အရဲကိုးစွန့်စားပါ။
ဒီအချိန်ကား ချောက်ကမ်းပါးကြီးကို ခုန်လွှားကျော်ဖြတ်ရမည့်အချိန်ဖြစ်သည်။

++++++++++++++++++

နောက်ဆုံးတစ်လက်မ (သို့မဟုတ် )
နောက်ဆုံးတစ်မိုင်သည် မသိမမြင်နိုင်သော ဇုံဖြစ်၏။
သိသောကမ္ဘာမှ မသိသောကမ္ဘာထဲသို့ တိုးဝင်သောအခါ
လဟာပြင်ထဲသို့ ခုန်ချလိုက်သလို ခံစားရလေသည်။

သင်ခုန်လိုက်တဲ့အခါ ပထမခြေ တစ်ဖက်ကို မြှောက်လိုက်၏။
နောက်ခြေတစ်ဖက်ပါ မြောက်တက်လာဖို့ နင်းထားသည့်မြေကြီးကို စွန့်ခွာလိုက်၏။
ရှေ့ခြေထောက်က အမာခံတစ်ခုခုကို မနင်းမိသေးခင်အတွင်း
မြေကြီးနှင့်ကင်းကွာသည့်ခံစားချက် ကိုခံစားရ၏။
ခြေထောက်နှစ်ဖက်စလုံးအောက်တွင် ဘာမျှမရှိ။
သင့်မှာကိုင်တွယ်အားပြုစရာလည်း ဘာမျှမရှိ။
ထိုအချိန်တွင် သင့်ကိုယ်သင် ယုံကြည်အားထားမှုအပြည့်ရှိရပါမည်။

ဒါပေမယ့်
လုပ်သာလုပ်ပါလို့တိုက်တွန်းလိုက်ချင်ပါတယ်။
ပြောရလွယ်သလောက် အလုပ်ရခက်တဲ့ကိစ္စဖြစ်ပါတယ်။

++++++++++++++++++


ငှက်သည် မပျံနိုင်မီ ဥခွံကို ဦးစွာ ခွဲရဦးမည် ဖြစ်၏

( အဲလ်ဖရက်လော့ဒ် တင်နီဆင် )

Friday, October 7, 2011

“ အဆိုးမြင်သမား-ဆန့်ကျင်ဘက်စကား…”



တစ်ခါတုန်းက

လူတစ်ဦးဟာ သူ့ဆန္ဒနဲ့ဆန်ကျင်ပြီး အမြဲပြောလေ့ရှိတဲ့အတွက်

သူ့ကိုဦးဟင့်အင်းလို့ အမည်တွင်ပါတယ်။

သူဟာ ပေါင်မုန့်တစ်လုံးဝယ်ရန်ပေါင်မုန့်ဆိုင် ကိုသွားပါတယ်။

ဆိုင်ရှင်ကပေါင်မုန့်လိုချင်ပါသလားခင်ဗျာလို့ မေးရာ၊

သူကဟင့်အင်းလို့ပြန်ဖြေလိုက်ပါတယ်။

သူဟာ ထောပတ်လည်း ဝယ်ချင်ပါတယ်။

ဆိုင်ရှင်က ထောပတ်လိုချင်ပါသလားလို့ မေးပြန်ပါတယ်။

အဲဒီလူက ဆန့်ကျင်ပြောနေကျအတိုင်းဟင့်အင်း

လို့သာ ပြန်ဖြေခဲ့ပါတယ်။

ဟာ ဒီလိုဆိုရင် ကျနော်ခင်ဗျားအတွက် ရောင်းပေးနိုင်တာ ဘာမှ မရှိတော့ပါဘူး

လို့ဆိုင်ရှင်ကပြောပါတယ်။

အဲဒါကြောင့်ဦးဟင့်အင်း

ဟာလက်ထဲမှာ ဘာမှမဝယ်ဘဲ ပြန်ခဲ့ပါတယ်။

သူလိုချင်တဲ့အရာ ဘာမှ မရခဲ့ပါ။

ဘာကြောင့်ဆိုတော့ သူဟာသူလုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်လေ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သူဆာလောင်တဲ့အခါ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

ရေဆာတဲ့အခါ ရေခွက်ကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

အိပ်ချင်တဲ့အခါ အိပ်ရာပေါ်ကို ရေတွေ လောင်းချတတ်ပါတယ်။

တစ်နေ့မှာဦးဟင့်အင်းရဲ့အိမ်တံခါးကို တစ်ယောက်ယောက် လာခေါက်ပါတယ်။

ဦးဟင့်အင်း ရှိပါသလား

လို့ အသံထွက်လာပါတယ်။

ဦးဟင့်အင်းက

" မရှိဘူး "လို့ ပြန်ဖြေပါတယ်။

တံခါးခေါက်တဲ့အမျိုးသမီးက အထဲမှာလူရှိမှန်းသိလို့ တံခါးဖွင့်ပြီး ဝင်လာပါတယ်။

အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ

စားစရာခြင်းတောင်းဆွဲပြီး ဝင်လာခြင်းဖြစ်ပါတယ်။

သူမဟာ ဘာမှ မေးမနေတော့ပါ။

ပါလာတဲ့ ပေါင်မုန့်၊ထောပတ်၊ ဝက်အူချောင်းတွေကို ထုတ်ပြီး စားဖို့ပြင်ပါတယ်။

အဲဒီအခါဦးဟင့်အင်းဟာ အမျိုးသမီးလေးဘေးတွင် ဝင်ထိုင်ပြီး စားပါတယ်။

သူတို့နှစ်ဦးဟာ အတူတူ နေ့လည်စာ အဝစားကြပါတယ်။

အားလုံးစားပြီးတဲ့အခါ အမျိုးသမီးက

နောက်တစ်ကြိမ် ကျမ လာရဦးမလား

လို့မေးပါတယ်။

ဒီတစ်ခါတော့ "ဦးဟင့်အင်း" က

အေး

လို့ပြန်ဖြေလိုက်ပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com