Thursday, December 24, 2009

“အ.ရန်ကော ”



တစ်ခါတုန်းကပေါ့ ဘကြီးအိုင်ဟာ ကလေးများကိုချစ်တတ်သူဖြစ်တယ်။

ကလေးများနဲ့အတူပျော်ရွှင်စွာဆော့ကစားရတာကိုလည်း နှစ်သက်တတ်တယ်။

ကလေးများကလည်း ဘကြီးအိုင် ကို ချစ်ကြတယ်။

သူဟာ ကလေးများကို ချစ်တတ်သလို တိရ စ္ဆာန်များကိုလည်းချစ်တတ်သူဖြစ်တယ်။


တစ်နေ့မှာတော့ ဘကြီးအိုင် ရဲ့အိမ်မှာရှိတဲ့ ကြောင်မကြီးက

ကြောင်ကလေး ငါးကောင်ပေါက်လာတယ်။

ကြောင်ကလေးတွေက အရောင်အသွေးမျိုးစုံနဲ့မို့ ချစ်စရာကောင်းလှပါတယ်။

ဘကြီးအိုင်က ဘာစိတ်ကူးပေါ်သလဲမသိပါ။

ကြောင်မကြီးနဲ့ ကြောင်ကလေးတွေအတွက် အိမ်တစ်လုံးဆောက်ပေးပါတယ်။

ဘကြီးအိုင်ရဲ့ ကြောင်အိမ်က အပေါက်နှစ်ပေါက်နဲ့အိမ်ဖြစ်နေပါတယ်။

တစ်ပေါက်ကအကြီး၊ နောက်တစ်ပေါက်ကအသေး။

အဲဒီကြောင်အိမ်ကိုတွေ့တော့ စပ်စုတတ်တဲ့ကလေးတစ်ယောက်က ဘကြီးအိုင်ကိုမေးပါတယ်။

“ဘကြီးအိုင်…ဒီအပေါက်ကြီးကဘာအတွက်လဲ?”

ဘကြီးအိုင်က “အဲဒီအပေါက်ကြီးက ကြောင်မကြီးအတွက်ဝင်ပေါက်လေ”လို့ဖြေပါတယ်။

“ဒီအပေါက်သေးသေးလေးကရော”လို့အပေါက်သေးသေးလေးကိုညွှန်းပြီးမေးပါတယ်။

ဘကြီးအိုင်က “အဲဒါကတော့ ကြောင်ကလေးတွေဝင်ဖို့အပေါက်ပါကွယ့်”လို့ဖြေပါတယ်။

ဒီတော့ ကလေးငယ်က

“ကြောင်ကလေးတွေက ဒီအပေါက်ကြီးကဝင်လို့မရဘူးလား?လို့ထပ်မေးပါတယ်။

ဒီတော့မှ ဘကြီးအိုင်က “အေး…ဟုတ်သားပဲ၊ အဲဒါကို မစဉ်းစားမိလို့

အပေါက်သေးသေးကိုဖေါက်မိတာကွယ့်”တဲ့။


ဒီဇာတ်လမ်းလေးကိုဖတ်မိတော့ လူကြီးမင်းက ဒီအဖိုးကြီးက

“အ.ရန်ကော ”လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။

ဒီအဖိုးကြီးဟာ အ.သူတော့မဟုတ်ပါ။

ဘာကြောင့်ဆိုတော့ ဒီအဖိုးကြီးဟာ ဒီ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံးသိပ္ပံပညာရှင်ကြီး

အယ်လ်ဘတ် အိုင်စတိုင် ဖြစ်လို့ပါပဲ။

အယ်လ်ဘတ် အိုင်စတိုင်ဟာဘွဲ့ထူးဂုဏ်ထူးများ၊ဆုတံဆိပ်များ၊

အဆောင်ယောက်များကို အလေးထားသူမဟုတ်။

ထင်ပေါ်ကျော်ကြားခြင်းကိုလည်းသာယာမိန်းမူးတတ်သူလည်းမဟုတ်။

သူဟာဘာကြီးဖြစ်လာအောင်ဆိုပြီးပင်ပန်းကြီးစွာကြိုးစားနေသူမဟုတ်။

စိတ်ဝင်စားတဲ့အရာကို စူးစူးစိုက်စိုက်လုပ်ကိုင်ကာ ဒီလိုလုပ်နေရတာကို

ကြည်နူးနှစ်သက်ခံစားတတ်သူမျိုးသာဖြစ်တယ်။

ဒီလိုအရည်အချင်းကောင်းရှိတဲ့အတွက် သူဟာပါရမီရှင်၊

ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် လေးစားခြင်းခံရသူဖြစ်တယ်။

တစ်ဖက်ကလည်းနှလုံးစိတ်ဝမ်း ငြိမ်းချမ်းသူ၊ စိတ်ကောင်းစေတနာကြီးမားသူတစ်ဦးအဖြစ်

မြတ်နိုးကြည်ညိုခြင်းပါခံခဲ့ရခြင်းဖြစ်တယ်။

သူရဲ့ဘဝကအလွန်ကြီးကျယ်အောင်မြင်ခဲ့တဲ့ ဘဝတစ်ခုဖြစ်ခဲ့ပါတယ်။

အယ်လ်ဘတ် အိုင်စတိုင်ဟာဂျူးလူမျိုးဖြစ်တာမို့ အစ္စရေးနိုင်ငံက သူ့ကို သမ္မတရာထူးထမ်းဆောင်ရန်

ပန်ကြားခြင်းကိုခံရသူဖြစ်တယ်။သူငြင်းပယ်ခဲ့တယ်။

သူနဲ့သမ္မတအလုပ် မသက်ဆိုင်ကြောင်းသူသိတယ်။

တကယ်လို့ သူသာ သမ္မတရာထူးကို လက်ခံခဲ့မယ်ဆိုရင်တော့

ဒီလောက်ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ထိုက်တန်သုဖြစ်အံ့မထင်ပါ။

အကြောင်းမှာ ကိုယ်နားမလည်တဲ့အလုပ်တဲ့ကို ဝင်လုပ်မိတဲ့အတွက်ဖြစ်တယ်။

ကိုယ်နားမလည်တဲ့အလုပ်မှာ ဂုဏ်သိက္ခာရှိအောင်လုပ်ဖို့မဖြစ်နိုင်ပါ။

ဂုဏ်သိက္ခာရှိအောင်ပြောဖို့မဖြစ်နိုင်ပါ။

ဂုဏ်သိက္ခာရှိအောင်နေထိုင်ကျင့်ကြံဖို့မဖြစ်နိုင်ကြောင်းကို အယ်လ်ဘတ် အိုင်စတိုင်ကသိတဲ့အတွက်

“အ.ရန်ကော”ဆိုတဲ့စကားစုဟာ အယ်လ်ဘတ် အိုင်စတိုင်နဲ့မဆိုင်ခဲ့ခြင်းဖြစ်တယ်။

Wednesday, December 23, 2009

နတ်သက်နဲ့ တွက်ကြည့်ရင် တကယ်နေ့ချင်းပြန်...



ဘုရားရှင်လက်ထက်က သက်တမ်းအလွန်ရှည်တဲ့ ဝရုဏ နဲ့ ဝါရဏ ဆိုတဲ့ နတ်ကြီးနှစ်ပါး ရှိသတဲ့။

ဂေါတမဘုရားအလောင်း ပဋိသန္ဓေနေတော့မယ်လို့ သတင်းကြားကတည်းက

ဗုဒ္ဓဂုဏ်ကို အာရုံပြုပူဇော်ဖို့ နတ်ပန်းကုံးကြီး လုပ်ကြသတဲ့။

ဘုရားပရိနိဗ္ဗာန် စံခါနီးလို့တောင် သူတို့ရဲ့ ပန်းကုံးကြီးကလုပ်လို့ မပြီးသေးဘူးဆိုပဲ။

ဘုရားပရိနိဗ္ဗာန် စံတော့မယ့်အကြောင်းကြားရတော့ နတ်နှစ်ပါး တအံ့တသြ ပြောကြသတဲ့။

“ဟယ်…ဘုရားကလည်း မြန်လိုက်တာ

ဒီနေ့ပဲ ပဋိသန္ဓေနေတယ်၊

ဒီနေ့ပဲ ဖွားမြင်တယ်၊

ဒီနေ့ပဲ တောထွက်တယ်၊

ဒီနေ့ပဲ ဘုရားဖြစ်တယ်၊

ဒီနေ့ပဲ တရားဦးဟောတယ်၊

ဒီနေ့ပဲ ရေမီးအစုံအစုံတန်းခိုးပြတယ်၊

ဒီနေ့ပဲ တာသတိံသာနတ်ပြည်ကို တက်တရားဟောပြီး

ဒီနေ့ပဲနတ်ပြည်ကပြန်ဆင်းတယ်၊

ဒီနေ့ပဲ အာယုသင်္ခါရ လွှတ်တယ်၊

ဒီနေ့ပဲ ပရိနိဗ္ဗာန်စံတော့မယ် ဆိုပဲ၊

မြန်လှချည်လား၊ ဘုရားကနေ့ချင်းပြန်ကြွလာတာပါလား၊

မနက်ဖြန် ယာဂုဆွမ်းဘုဉ်းပေးချိန်ထိတော့ နေဖို့ကောင်းသေးတယ်။” လို့ပြောကြသတဲ့။


ဟုတ်ပါတယ်။

တာဝတိံသာနတ်သက် (၁)ရက်တောင်မပြည့်တဲ့ဘုရားရှင်ရဲ့ သက်တော်(၈၀)၊

စတုမဟာရာဇ်နတ်သက်(၁)ရက်တောင်မပြည့်တဲ့ ဝါတော်(၄၅)ဝါ။

(ဘုရားသက်(၄၅)နှစ်)ဆိုတာ နတ်သက်နဲ့တွက်ကြည့်ရင် တကယ့်နေ့ချင်းပြန်ပါ။


(ယော)ဆရာတော် ............

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက

(၄၅-နှစ် တရားသက်...စာအုပ်မှ.......)

Tuesday, December 22, 2009

“ အများအကျိုး သယ်ပိုးရာတွင်...”




အများအကျိုး............ရွက်သည်ပိုးက

ခနိုးခနဲ့..............ဆိုကဲ့ရဲ့လည်း

မဖဲ့မစောင်း.................ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်....................ရှေးရှုနှင်လော့။


ရွှေဟသာင်္ဆရာတော်ဘုရားကြီး

Sunday, December 20, 2009

“ တွေ့ရင် ပြောပါ့မယ်...”



ဦးအေးရွှေဟာ အလွန်ရိုးသားသူဖြစ်တယ်။

တစ်နေ့မှာတော့ သူရဲ့ သူငယ်ချင်းဖြစ်သူ

ကိုသာအေးရဲ့သမီး မင်္ဂလာဆောင်ကို

ဖိတ်တဲ့အတွက်သွားရပါတယ်။

မင်္ဂဆောင်သွားရတာမို့ အကောင်းဆုံးအဝတ်အစားကို ရွေးဝတ်သွားပါတယ်။

သွားရတဲ့ရွာကလည်း (၉)မိုင်လောက်ဝေးတဲ့ရွာဖြစ်နေတယ်။

အဲဒီအချိန်တုန်းက ကားမရှိတော့ ကုန်းကြောင်းသွားရပါတယ်။

သူငယ်ချင်းဆိုတော့ မသွားလို့ကလည်းမဖြစ်။ အဖေါ်ကလည်းမပါတော့

လမ်းမှာဓါးမြတိုက်ခံရပါတော့တယ်။


ကိုအေးရွှေကို ဓါးမြ နှစ်ဦးက နှစ်ဖက်နှစ်ချက်က ချုပ်ကိုင်ပြီး

အနီးကမြစ်ဆိပ်ကို အတင်းဆွဲခေါ်လာပါတယ်။

ကိုအေးရွှေရဲ့ခေါင်းကို ရေထဲနှစ်လိုက်ပါတယ်။

ပြီးတော့ ခေါင်းကိုဖေါ်ကာမေးပါတယ်။

“ပိုက်ဆံရှိသလား?”

ကိုအေးရွှေက“မရှိဘူး”

ကိုအေးရွှေကို ရေထဲ ပြန်နှစ်လိုက်တယ်။


ဒီတစ်ခါတော့ ပထမအကြိမ်ကထက်ပိုကြာအောင်နှစ်ထားလိုက်တယ်။

ဒီနောက်မှာတော့ ခေါင်းကိုပြန်ဖေါ်ပြီး မေးပြန်တယ်။

“ရွှေကောရှိသလား?”

ကိုအေးရွှေ က“မရှိဘူး”

“ တော်တော်ခေါင်းမာတဲ့အကောင် ”လို့ပြောကာ

ဓါးမြများက ကိုအေးရွှေကို ရေထဲနှစ်လိုက်ပြန်တယ်။


ခဏကြာတဲ့အခါမှာတော့ ပြန်ဖေါ်ပြီးမေးပြန်ပါတယ်။

“ပိုက်ဆံမရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ရွှေလည်း မရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ အဲဒါဆို ဘာရှိလဲ ပြော”


ကိုအေးရွှေက


“ ရေကနောက်နေတော့ ဘာမှ မမြင်ရဘူး။


ကျနော်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊

တွေ့ရင်ပြောပါ့မယ်။

Saturday, December 19, 2009

“ ခွဲရတာများ အဆန်းလုပ်လို့...”




သေကွဲခွဲရတဲ့လမ်းခွဲခြင်းလောက်

ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်
တစ်ခုမှမရှိတော့ပါဘူး။
ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့တောင်
တစ်နေ့လမ်းခွဲကြရမှာပဲဥစ္စာ၊
ခေတ္တခဏလမ်းခွဲရတာလေးကို

ဝမ်းနည်းမနေပါနဲ့လားကွယ်။

အိုသွေးရှိသူတိုင်း အိုကြရသလို
ခွဲသွေးရှိသူတိုင်းခွဲကြရမှာပါ။


အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ).....
စိတ်အားဖြည့်ဓမ္မသံစဉ် စာအုပ်မှ........

Friday, December 18, 2009

“ တူညီသော တန်ပြန်သက်ရောက်မှု...”


တစ်ခါတုန်းက အစာရှာထွက်လာတဲ့ ပျားလေးတစ်ကောင်ဟာ မုန်တိုင်းမိပြီး
မြစ်ထဲကို ပြုတ်ကျသွားပါတယ်။
အဲဒီ ပျားလေးဟာ ရေစီးကြောင်းအတိုင်းမျောလာတဲ့အချိန်မှာ အော်ပြီးအကူအညီတောင်းတာပေါ့။
ပျားလေးရဲ့အော်သံကို သစ်ပင်ထပ်ဖျားမှာ နားနေတဲ့ ချိုးငှက်လေးကကြားသွားတဲ့အခါ
ပျားလေးရဲ့အနားကို သစ်ရွက်တစ်ရွက်ချပေးလိုက်တယ်။
ပျားလေးက သစ်ရွက်ပေါ်တက်လိုက်ပါတယ်။
မကြာခင်မှာပဲ မုန်တိုင်းနဲ့အတူ မိုးတွေလည်းစဲသွားပြီး နေရောင်ခြည်ထွက်လာတဲ့အခါ
ပျားလေးလည်း အတောင်ပံတွေ ခြောက်ပြီးလိုရာကို ပျံသန်းသွားပါတော့တယ်။
တစ်နေ့မှာတော့ အစာစားပြီးချိုးငှက်လေးဟာသစ်ပင်ပေါ်မှာ အိပ်ငိုက်နေတုန်း
မုဆိုးတစ်ယောက်ဟာ အဲဒီချိုးငှက်လေးကို သေနတ်နဲ့ချိန်ပြီးပစ်မလို့လုပ်နေတာကို
ပျားလေးကတွေ့သွားတာပေါ့။
ဒါနဲ့ပဲ ပျားလေးက မုဆိုးရဲ့နှာခေါင်းကို တုတ်ထည့်လိုက်ပါတယ်။
ပျားတုတ်တာခံလိုက်ရတော့ မုဆိုးဟာနာနာနဲ့အော်တာပေါ့။
မုဆိုးရဲ့ပစ်မှတ်ကလည်း လွဲသွားပါတယ်။
ချိုးငှက်လေးလည်း ထပျံသွားပါတော့တယ်။
ဒါနဲ့ပဲ ချိုးငှက်ရဲ့အသက်ကို ပျားလေးကကယ်လိုက်နိုင်ခဲ့ပါတယ်။

ဒီပုံပြင်လေးဟာမကြာခဏကြားဖူးနေရတဲ့အတွက် ရိုးအီနေလောက်ပါတယ်။
ဒါပေမယ့် ပုံပြင်ကပေးတဲ့ သင်ခန်းစာကတော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။
သူတစ်ပါးအပေါ် စေတနာကောင်းနဲ့ ကူညီမှုဟာ
ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူးဆိုတဲ့သင်ခန်းစာပါပဲ။
ပြန်လာတဲ့အခါ စေတနာကောင်းနဲ့တူညီတဲ့အကျိုးအဖြစ်ပြန်လာတတ်ပါတယ်။
တစ်ခုခုကိုမျှော်လင့်ပြီး ကူညီတာမျိုးမဟုတ်ပဲ စေတနာသန့်သန့်နဲ့ကူညီလိုက်ပါ။
သက်ရောက်မှုတိုင်းမှာ ယင်းနဲ့တူညီတဲ့ တန်ပြန်သက်ရောက်မှုဆိုတာ ရှိစမြဲပါ.......။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com