တစ်ခါတုန်းက မုဆိုးမတစ်ဦးမှာ သားသမီး လေးယောက်ရှိပါတယ်။
အဲဒီသားသမီးလေးယောက်ကို ပြုစုစောင့်ရှောက် ကျွေးမွေးဖို့အတွက်
အဲဒီမုဆိုးမဟာ စက်ရုံတစ်ခုမှာ နေ့စဉ် နာရီပေါင်းများစွာ
ပင်ပင်ပန်းပန်း အလုပ် လုပ်ရပါတယ်။
အလုပ်ပြီးတဲ့အခါမှာလည်း မနားရသေးပါ။
အိမ်မှုအလုပ်တွေကို ဆက်လုပ်ရပါတယ်။
အဲဒါကြောင့် မုဆိုးမဟာ အလွန်ပင်ပန်းပြီး အာအင်ကုန်ခမ်းနေပါတယ်။
အဲဒီနောက်မှာတော့ မုဆိုးမဟာ နာမကျန်းဖြစ်ပြီး
အိပ်ရာထဲမှာဗုန်းဗုန်းလဲပါတော့တယ်။
သေလုနီးပါးဖြစ်နေတဲ့ မိခင်ရဲ့ ပတ်ပတ်လည်မှာ
သားသမီးလေးယောက် စလုံးရောက်နေကြပါတယ်။
အဲဒီအချိန်မှာ သူတို့ဟာ အရွယ်ရောက်နေကြပါပြီ။
အကြီးဆုံးသားက မျက်ရည်များ လည်ပြီး၊
“မေမေ-
မေမေဟာ သားတို့အပေါ် အမြဲ ကြင်ကြင်နာနာရှိခဲ့သလို
သားတို့အပေါ် အမြဲတမ်းကောင်းခဲ့ပါတယ်။
မေမေကြောင့် သားတို့ အမြဲ ဂုဏ်တက်ပါတယ် မေမေ။
ဒါကြောင့် မေမေ့ကို သားတို့ ကျေးဇူးတင်ပါတယ် ”
လို့ ပြောပါတယ်။
အဲဒီစကားကြောင့် မိခင်က မျက်လုံးဖွင့်ကြည့်ပြီး၊
“ အရင်က ဒီလိုစကားမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။
အဲဒီစကားကို ပြောဖို့အတွက်
ဘာကြောင့် ဒီလောက်ကြာအောင် စောင့်နေရတာလဲကွယ်…”
လို့ပြောပြီး မိခင်ရဲ့ဦးခေါင်းဟာချာကနဲလည်သွားပြီး
အသက်ထွက်သွားပါတော့တယ်။
မိခင်ရဲ့ မျက်နှာကတော့ ပြုံယောင်သမ်းနေပါလား…။
No comments:
Post a Comment