Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, January 10, 2012

"ဆရာ-ဒကာ ဆက်ဆံရေး…"



ဆရာဆိုတာ ဘုရားသားတော်တွေဖြစ်တဲသံဃာကိုပြောတာပါ။

ဒကာဆိုတာက လူပုဂ္ဂိုလ်တွေကိုဆိုလိုပါတယ်။

ဆရာက တရားရှာသူတွေဖြစ်တယ်။

တရားရှာရမှာလည်း အစားမစားပဲရှာလို့မရပါ။

ဒါကြောင့်အစားဟာလိုအပ်ပါတယ်။

ဒကာက အစားရှာသူတွေဖြစ်တယ်။

အစားရှာရမှာလည်း တရားနဲ့ကင်းလို့မရပါ။

ဒါကြောင့်တရားဟာလိုအပ်ပါတယ်။

အစားနဲ့တရားဟာ မျှတဖို့လိုအပ်ပါတယ်။

ဘာကိုဘဲရှာရှာ နိဗ္ဗာန်ရရာ ရကြောင်းအတွက် အထောက်အပံ့ ဖြစ်ဖို့လိုအပ်ပါတယ်။

ဒကာအနေနဲ့က ဒီဘုန်းကြီးဟာ တရားဟောကောင်းလို့၊

နာမည်ကြီးလို့၊ဘွဲ့တော်တွေအများကြီးရလို့

မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။

ဒီလိုပဲ

ဆရာအနေနဲ့လည်း ဒီတကာက လှူနိုင်တမ်းနိုင်လို့၊

ချမ်းသာလွန်းလို့၊ အာဏာရှိလို့၊

မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။

ဒကာက အစားပေး၊ တရားယူ။

ဆရာက တရားပေး၊အစားယူ။

တစ်ဖက်ဖက်ကပေးနေရမယ်။

မပေးဘဲယူရင် အလကားယူတာပဲ။

အလကားယူရင် အလကားလူပဲ။

ဆရာဆိုရင်လည်း အလကားသံဃာပဲ။

သုံးစွဲတဲ့ပစ္စည်းတိုင်းမှာ တန်ဖိုးတစ်ခုရှိပြီးသားဖြစ်တယ်။

တန်ဖိုးပေးပြီးသုံးစွဲမှ တန်ဖိုးရှိတဲ့လူဖြစ်မယ်။

ဘာတန်ဖိုးလဲ။

ဒကာက အစားလှူပြီး တရားယူရမယ်။

ဆရာက အစားယူပြီး တရားလှူရမယ်။

ဒါမှ နှစ်ဦးနှစ်ဖက် တန်ဖိုးရှိသူဖြစ်ကြမယ်။

ဒါဟာတွန်းအားဖြစ်တယ်လို့ ဘုရားဟောခဲ့ပါတယ်။


(ဓမ္မဘေရီ အရှင်ဝီရိယ-တောင်စွန်း)



++++++++++++++++++


Friday, April 8, 2011

" မြတ်ဗုဒ္ဓ၏ ဆွမ်းအလှူ-အကျိုး…..."


ဆွမ်းအလှူသည် အသက်ကို လှူသည်မည်၏။

ဆွမ်းအလှူသည် ရုပ်အဆင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ကိုယ်၊စိတ်ချမ်းသာခြင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ခွန်အားကို လှူသည်မည်၏။

ဆွမ်းအလှူသည် ဥာဏ်ပညာကိုလှူသည်မည်၏။

Saturday, March 26, 2011

" အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ..."


တရားအားထုတ်စဉ်
အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ...။

စိုက်မရူနဲ့၊
ထိန်းမရူနဲ့၊
လုပ်မရူနဲ့၊
ချုပ်မရူနဲ့။


ဖြစ်အောင်လည်း မလုပ်နဲ့၊
ပျက်အောင်လည်း မလုပ်နဲ့။
ဖြစ်တိုင်းပျက်တိုင်းလည်း မမေ့နဲ့၊
သိနေရမယ်။


ဖြစ်အောင်လုပ်ရင် လောဘ၊
ပျက်အောင်လုပ်ရင် ဒေါသ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။


ရှုမှတ်စိတ်မှာ
လောဘ၊ ဒေါသ ၊ သောကမပါမှ
ရှုမှတ်စိတ်ဖြစ်မယ်။


ဘယ်လို သဘောထားနဲ့
အားထုတ်နေလည်းလို့
မပြတ်စစ်ဆေးကြည့်ရမယ်။


ကောင်းတာလည်း ရှုရမှာပဲ။
ဆိုးတာလည်း ရှုရမှာပဲ။


ကောင်းတာမှ လိုချင်တယ်။
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင်
တရားပါ့မလား...?


မျှော်လင့်ချက်မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်
တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး။


ကျနော်ဟာ
တရားစခမ်းအတော်များများကိုဝင်ခဲ့ဘူးပါတယ်။

အတွေ့အကြုံလည်း များစွာရခဲ့ပါတယ်။
သဘောထားမှန်ရင် နည်းလမ်းမှန်လာပါတယ်။
နည်းလမ်းမှန်တော့ အလုပ်မှန်လာပါတယ်။
အလုပ်မှန်လာတော့ စိတ်ထားမှန်လာပါတယ်။
စိတ်ထားမှန်တော့ သတိ၊ဥာဏ်တွေတိုးတက်လာပါတယ်။
အရာရာဟာ ကျေနပ်စရာကောင်းလှပါတယ်။

Friday, March 4, 2011

" ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေ... ”


စွန်းလွန်းဆရာတော်ဘုရားကြီးဟာ

ပတ်ဝန်ကျင်မှာ မြင်မြင်သမျှ၊

ကြားကြားသမျှ ကို တရားဟုသဘောထားသောကြောင့်

တရားရခဲ့ပါတယ်။


ဆရာတော်ဘုရားကြီးဟောတဲ့တရားကား

ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင်

စားသောက်ခဲ့တာ ဖြစ်တော့

နွားကျောင်းရတာပေါ့။

နွားတွေဟာသူ့နွား၊ကိုယ့်နွားများစွာ စုရုံးမိတော့၊

အဲဒီအထဲမှာ နွားသိုးတွေလည်း ပါလာတာပေါ့၊

နွားသိုးတွေက တစ်ကောင်နဲ့တစ်ကောင်၊

တွန်းကြ၊ စောင်ကြ၊ နဲ့ တော်တော်ကြာကျတော့

ဝှေ့ကြတော့တာပေါ့။

ဝှေ့ကြလို့တော်တော်ကြာတော့ အားသာတဲ့နွားက

နိုင်ပြီးအားနည်းတဲ့ နွားဟာ ပြေးလေရော၊

အဲဒီတော့ နွားနှစ်ကောင်ဟာ ဂျိုရင်းမှာ

သွေးစက်လက်နဲ့ခေါင်းကလေးတစ်ခါခါနဲ့နေကြတယ်။

ဒီတော့မှ အင်းသူတို့နှစ်ကောင်ဟာ

ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေပဲ

ဒေါသဆိုတဲ့ တရားဟာ အခိုက်အတန့်ကာလ

ခဏကလေးသာ ဖြစ်တဲ့အာဂန္တုကဓာတ်ပဲ။

အစွမ်းကောင်းတဲ့ဝရမ်းပြေးနဲ့တူတယ်။

ဘယ်လိုပဲ ဝှေ့ကြပေမယ့်

ဒေါသကို ဘယ်သောအခါမှ မထိဘူး။

ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံတဲ့ခန္ဓာအိမ်ကသာ

ခေါင်းကလေးတစ်ခါခါနဲ့ကျန်ရစ်ခဲ့ပါကလား လို့

စဉ်းစားဆင်ခြင်ပြီး၊

နင် ဟိုအကောင်တွေလို ဒေါသတည်းဆိုတဲ့

ဝရမ်းပြေးကို လက်မခံပါနဲ့။

လက်ခံခဲ့ပါရင် ဟိုအကောင်တွေလို ဆင်းရဲဒုက္ခရောက်ရမယ်

အမှန်လို့ ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ပါလေ

တပည့်ယောဂီတို့….”

ဆိုပြီးဆိုဆုံးမလေ့ရှိပါတယ်။


ဒေါသမှာ ဘာကောင်းတာရှိလဲ။
အချို့လူတွေက ဒေါသကိုဘဲ အကောင်းလုပ်ပြီး အားအားရှိ ဒေါသတွေ ထွက်ပြနေတတ်တယ်။
ဒေါသထွက်ရင်ကိုဘဲ အာဏာကြီးသယောင်ယောင်၊
သြဇာရှိသယောင်ယောင်၊
ယောင်နေတာပဲ ရှိပါတယ်။
တကယ်မဟုတ်ပါဘူး။
ဒေါသဟာ ကိလေသာတစ်မျိုးဖြစ်တယ်။
ကိလေသာကြီးသူဟာ ဥာဏ်နည်းသူဖြစ်တယ်လို့ ဆရာတော်တစ်ပါးကဟောတာကြားဖူးတယ်။
ဒါကြောင့် ဒေါသကြီးသူတိုင်းဟာ ဥာဏ်နည်းသူတွေလို့ပြောလိုက်ချင်ပါရဲ့။
ဒေါသထွက်လေတိုင်း သတိလေးကပ်ပြီး သိနေမယ်ဆိုရင်
ဥာဏ်နည်းသူမှ ဥာဏ်ကြီးသူ ဖြစ်အောင်လေ့ကျင့်ရာရောက်ပါတယ်။
ကဲ...လူကြီးမင်းကို ဥာဏ်ကောင်းသူဖြစ်တဲ့နည်းလမ်းတစ်ခု
လက်ဆောင်ပေးလိုက်ပါတယ်။
အခုပဲ လေ့ကျင့်လိုက်ရအောင်...။
လူကြီးမင်းကို စိတ်ချမ်းသာစေချင်လို့ပါနော်...။

Monday, February 28, 2011

“ မရက မထတော့ပြီ…”




ချစ်သားရဟန်းတို့

သင်တို့ထင်တိုင်းလဲ ကောင်းလှပေ၏။

ငါ ဘုရား၏ အလိုကား

အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ

တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေနေပြီးနောက်


ငါသည် တရားကို အားထုတ်အံ့၊

အာသဝေါ မကုန်လျှင် ဤနေရာမှ မထပြီ


ဟူ၍ ဝိပဿနာ ဘာဝနာကို အားထုတ်ကာ

နေကြခြင်းသည် ဤပင်လုံးကျွတ်ပွင့်လျက်ရှိသော

အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ်မွေ့လျော်ဖွယ်

ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေမည်

ဟူ၍ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။



Friday, February 18, 2011

“ ဆုတောင်း…”



“ ဘယ်လို အာရုံမျိုးနဲ့တွေ့တွေ့

ကုသိုလ်ဖြစ်အောင်

နှလုံးသွင်းတတ်တဲ့ပုဂ္ဂိုလ်

ဖြစ်ရပါလို၏ အရှင်ဘုရား...”


( ညောင်တုန်းမြို့၊

ရွှေဟင်္သာတောရပထမစံကျောင်း၊

ဆရာတော်ဘုရားကြီး၊ )

Friday, January 7, 2011

“ဘာဘဲလုပ်လုပ်…”




“ ဘာဘဲလုပ်လုပ် ပြုလုပ်ခိုက်မှာ

မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ ဘာဘဲပြောပြော ပြောဆိုခိုက်မှာ
မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ ဘာဘဲကြံကြံ ကြံစည်ခိုက်မှာ
မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
မတွေမဝေ သိမြင်ခြင်းသည်
ဆင်းရဲချုပ်ငြိမ်းရာ
နိဗ္ဗာန်သို့
မျက်မှောက်ပြုခြင်းပင်တည်း ”


ဘဒ္ဒ န္တဝိရောစန၊
မဟာဂန္တဝါစက ပဏ္ဏိတ၊ ကမ္မဋ္ဌာနာစရိယ

ငွေတောင်ဦးမ္မဋ္ဌာန်းကျောင်းတိုက်
ပုန်းထွန်ရပ်၊တာချီလိတ်မြို့။
မဟာ သတိပဋ္ဌာန်ရှုနည်း အလုပ်ပေးတရား(ပဌမတွဲ)စာအုပ်မှ...


Wednesday, January 5, 2011

“ သတိပဋ္ဌာန် ပွားများရတဲ့အကျိုး…”


ချစ်သားရဟန်းတို့၊

ဤခရီးလမ်းသည် သတ္တဝါတို့၏

စိတ်စင်ကြယ်ရန်၊

စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန်၊

ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း တို့ ချုပ်ငြိမ်းရန်၊

အရိယာမဂ်ကိုရရန်၊

နိဗ္ဗာန်ကို မျက်မှောက်ပြုရန်၊

တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်၏။

ယင်းခရီးလမ်းကား

ဤသတိပဋ္ဌာန် လေးပါးတို့တည်း။


ယင်းတို့မှာ……

၁။ ။ကာယာနုပဿနာ သတိပဋ္ဌာန်၊

၂။ ။ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊

၃။ ။စိတ္တာနုပဿနာ သတိပဋ္ဌာန်၊

၎။ ။ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊


( မြတ်စွာဘုရား )

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com