“In the long run men hit only what they aim at.”
(Henry David )
ရေရှည်မှာ ကိုယ် မှန်းပြီး ပစ်လိုက်တဲ့ ပစ်မှတ်ကိုပဲ ထိတာများပါတယ်။
ကိုယ်က ဘယ်ပစ်မှတ်ကို
မှန်းသလဲဆိုတာ အရေးကြီးတယ်။
ပစ်မှတ်ကို
သေသေချာချာ ရွေးပါ။
ပစ်မှတ်မရှိပဲ
ပစ်နေတာ အဓိပ္ပာယ်မရှိဘူး။
သူများရွေးပေးတဲ့ပစ်မှတ်ကို
ပစ်မလား။
ကိုယ်ကြိုက်တဲ့ပစ်မှတ်ကို
ကိုယ်ရွေးမလား။
ကိုယ် ဘယ်လမ်းကို
လျှောက်မယ်ဆိုတာ သေသေချာချာ ရွေးပါ။
သူများနောက်ကိုလိုက်ပြီး
သူများခိုင်းတာကိုလုပ်ရင်း နှစ်တွေကြာ၊ အသက်တွေကြီးမှ
ငါ ဘယ်လိုလူ
ဖြစ်လာမလဲ။
ငါ ဖြစ်ချင်တာ
ဒီလိုလူ မဟုတ်ပါဘူး လို့သိရရင် အသိနောက်ကျနေမယ်။
လူတော်တော်များများဟာ
ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ ဆိုတာ သတိမထားမိကြဘူး။
+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာနေရင်
လုပ်စရာတွေကို ပိုပြီးမြင်တယ်။
ချမ်းသာတဲ့စိတ်ဟာ
အားရှိတယ်။ သတ္တိရှိတယ်။ ရင်ဆိုင်ရဲတယ်။
အမြင်ရှင်းတယ်။
အဲဒါကြောင့် ပြဿနာတွေ အခက်အခဲတွေကို ကိုယ်တွယ်နိုင်တယ်။
+++++++++++++++++++++++++++++++++++++
ဘာလုပ်ရမယ်ဆိုတာ
ဆုံးဖြတ်ပြီးရင် သတ္တိရှိရှိ ပြတ်ပြတ်သားသား လုပ်ပါ။
ဆုံးဖြတ်ချက်မှန်ရင်
ကိုယ်လုပ်တာ အောင်မြင်မယ်။
အခြေအနေတိုင်းမှာ
အမျှတဆုံး ဖြစ်ဖို့ ဆုံးဖြတ်နိုင်ရင် အဆင်ပြေတဲ့ဘဝကို ရမယ်။
တစ်ကိုယ်ကောင်းဆန်ရင်
ခဏပဲ အဆင်ပြေမယ်။
+++++++++++++++++++++++++++++++++++++
ကိုယ့်ဘဝကိုကိုယ်
စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
အကောင်းဆုံး
သဘောထားနဲ့ အမျှတဆုံးကို ရွေးပါ။
အဆိုးနဲ့ကြုံရရင်
အကောင်းကို ဆက်လုပ်ပါ။
အကြောင်းကောင်းရင်
အကျိုးကောင်းမယ်။
အဲဒီအကြောင်းတွေထဲမှာ
ကိုယ်က အရေးအကြီးဆုံးအကြောင်းဆိုတာကို မမေ့ပါနဲ့။
+++++++++++++++++++++++++++++++++++++
ကိုယ့်ကို
သူက စိတ်ချမ်းသာအောင် လုပ်ပေးမယ်လို့ မျှော်လင့်တာဟာ
ကိုယ့်စိတ်ချမ်းသာမှုကို
သူ့လက်ထဲမှာ အပ်ထားလိုက်တာ။
အဲဒီတော့
မကြာခဏ ငါ့ကို စိတ်ချမ်းသာအောင် လုပ်မပေးဘူး။
စိတ်ဆင်းရဲအောင်
လုပ်တယ်လို့ တွေးပြီး ဒေါသ ဖြစ်ရတယ်။
စိတ်ဆိုးရတယ်။
ကိုယ့်ကို
စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူဟာ ကိုယ့်ဘဝကို
လွှမ်းမိုးနိုင်တဲ့သူ
ဖြစ်နေပြီ။
+++++++++++++++++++++++++++++++++++++
ချစ်တာကောင်းပါတယ်။
ကိုယ့်စိတ်ချမ်းသာမှုကို
သူ့လက်ထဲမှာ အပ်ထားတာ မကောင်းပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို
ကိုယ့်လက်ထဲမှာပဲ ထားပါ။
အဲဒါမှ ကိုယ့်မှာ
ပါဝါ (power) ရှိမယ်။
ကိုယ့်စိတ်ချမ်းသာမှုဟာ
ပြင်ပမှာ ရောက်နေရင် powerless ဖြစ်မယ်။
အားငယ်မယ်။
ကိုယ့်ဟာကိုယ်
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ power ရှိတယ်။
အဲဒီ power
ကို ရအောင် ယူထားပါ။
အဲဒီပါဝါကို
ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။
ဘယ်သူမှ ငါ့ကို
စိတ်ချမ်းသာအောင် လုပ်ပေးနေဖို့ မလိုဘူး။
မမျှော်လင့်ဘူး
ဆိုမှ လူအများနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်။
+++++++++++++++++++++++++++++++++++++
Happy is power.
စိတ်ချမ်းသာမှုဟာ ပါဝါ။
အဲဒါကို နားလည်ပါ။
လူတွေနဲ့ ဆက်ဆံတဲ့အခါ အဲဒီစိတ်ချမ်းသာမှု ပါဝါနဲ့ဆက်ဆံ
ပါ။ အဲဒါမှ ဘဝမှာ အောင်မြင်တဲ့သူ ဖြစ်မယ်။
+++++++++++++++++++++++++++++++++++++
ကိုယ့် စိတ်ချမ်းသာမှုကို
ကိုယ်တာဝန်ယူ။
သူ့စိတ်ချမ်းသာမှုကို
သူတာဝန်ယူတဲ့သူတွေ များတဲ့အသိုင်းအဝိုင်းဟာ
အင်အားကြီးတဲ့
အသိုင်းအဝိုင်း ဖြစ်တယ်။
+++++++++++++++++++++++++++++++++++++
ဒီခေတ်မှာ
အတွေးအခေါ်တွေကို မြှင့်ဖို့လိုပါတယ်။
အားငယ်တတ်တဲ့သူတွေ
များပြီး ကိုယ့်ကို ဘယ်သူကများ စိတ်ချမ်းသာအောင်
လုပ်ပေးမလဲ
ဆိုတာကို မျှော်နေတဲ့သူ များရင် အားလုံးမှာ ဝန်ထုတ်ဝန်ပိုး ကြီးလာမယ်။
+++++++++++++++++++++++++++++++++++++
ကိုယ့်တာဝန်ကို
ကိုယ်ယူရင် ချစ်ခင်မှု နည်းမသွားဘူးလား။
မေးစရာပဲ။
ကိုယ့်အပေါ်မှာ
မှီခိုပြီး အားငယ်နေတတ်တဲ့သူကိုမှ ချစ်တယ်ဆိုရင်
အဲဒီလူရဲ့အချစ်ဟာ
ဘယ်လိုအချစ်လဲ။
အဲဒီလူဟာ
ဘယ်လိုလူလဲ။
သူကိုယ်တိုင်က
အားငယ်တတ်လို့သူထက် အားငယ်တဲ့သူက
သူ့ကို အားကိုးမှ
အားရှိတဲ့သူပဲ ဖြစ်မယ်။
အားငယ်တဲ့
သူကိုမှ ချစ်တာ တကယ်စစ်မှန်တဲ့ အချစ်မဟုတ်ဘူး။
အားကိုးရလို့
ချစ်တာဟာလည်း တကယ် ချစ်တာ မဟုတ်ဘူး။
+++++++++++++++++++++++++++++++++++++
ကိုယ် စိတ်မချမ်းသာရခြင်းရဲ့
အကြောင်းဟာ တခြားလူတစ်ယောက်
ဖြစ်နေရင်
သူ့ကို ကိုယ်က လွှမ်းမိုးထားနိုင်မှ ကိုယ် စိတ်ချမ်းသာတော့မယ်။
အဲဒါ မသေချာတဲ့
နည်းပဲ။
တကယ်လို့
အဲဒီတခြားလူဟာ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့သူ
ဖြစ်နေရင်
ကိုယ်က (Powerless) ဖြစ်သွားပြီး။
+++++++++++++++++++++++++++++++++++++
အဲဒီတော့
အရေးကြီးတာက Powerless မဖြစ်ဖို့။
Powerless
မဖြစ်ချင်ရင် ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ ရှိရမယ်။
“ငါ စိတ်ချမ်းသာဖို့
ဘယ်သူမှ ပြောင်းလဲစရာ မလိုဘူး။
ငါ့စိတ်ကိုငါ ထားတတ်ရင် စိတ်ချမ်းသာမယ်” လို့ နားလည်ပါ။
ဒါဟာ စိတ်ချမ်းသာဖို့ သေချာတဲ့နည်းပဲ။
+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၂…