အိပ်ရာဝင်
နောက်ကျမှုက များများ
စာဖတ်မှုက
ပါးပါး
တီဗီကြည့်ချိန်က
များများ
ဘာသာရေးအတွက်
အချိန်ပေးမှုက ရှားရှား
ပိုင်ဆိုင်မှုဓနအင်အားတွေကိုတော့
ဆပွားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့်
တို့တွေရဲ့ တန်ဖိုးကတော့ ထိုးကျဆင်းခဲ့ပါတယ်။
++++++++++++++++++++++++++++
စကားတွေ ပိုများလာသလောက်
မေတ္တာတရားတွေက
ပိုရှားရှားလာတယ်။
++++++++++++++++++++++++++++
ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့
လေ့လာကြပါရဲ့
လက်တွေ့ကျကျတော့
နေမကြည့်တတ်ကြဘူး။
++++++++++++++++++++++++++++
သက်တမ်းရှည်အောင်
ကြိုးစားကြတယ်။
ဒါပေမယ့်
ရှည်တဲ့အခိုက် တန်ဖိုးရှိရှိတော့ မနေတတ်ကြပါဘူး။
++++++++++++++++++++++++++++
ပိုမိုရှည်လျားမြင့်မားတဲ့
အဆောက်အဦးကြီးတွေကို
ပိုမိုတည်ဆောက်လာ
နိုင်သလောက်
စိတ်တွေကတော့
ပိုမိုနိမ့်ကျလာတယ်။
အဝေးပြေးလမ်းမကြီးတွေ
ပိုပိုကျယ်ပြန့်လာသလောက်
အတွေးအမြင်တွေကလည်း
ပိုပိုကျဉ်းမြောင်းလာတယ်။
++++++++++++++++++++++++++++
သုံးစွဲတာတွေ
များပေမယ့်
ရလာတာတွေက
နည်းနည်းလာတယ်။
ဝယ်နိုင်အား
ပိုပိုများလာပေမယ့်လည်း
နှစ်သက်အလိုကျမှုကတော့
နည်းနည်းလာတယ်။
လကမ္ဘာကို
ခေါက်တုန့်ခေါက်ပြန်သွားလာနိုင်ပေမယ့်
လမ်းတစ်ဖက်က
အိမ်နီးချင်းဆီ အလည်အပတ်တစ်ခေါက်သွားဖို့ကျတော့
ပြဿနာတစ်ခုလို
ဖြစ်နေပြန်တယ်။
++++++++++++++++++++++++++++
တို့တွေက
ပြင်ပကမ္ဘာလောကကြီးကိုတော့ အောင်နိုင်ပါရဲ့
ကိုယ့်ရင်တွင်းလကမ္ဘာငယ်လေးကိုတော့
မအောင်နိုင်ကြပါဘူး။
++++++++++++++++++++++++++++
အနုမြူမှုန်ကို
ခွဲခြားစိတ်ဖြာနိုင်ပေမယ့်
ကြောင်းကျိုးမဲ့
ထင်မြင်ယူဆတတ်တဲ့ အစွဲမှားကိုတော့
မခွဲခြား
မစိတ်ဖြာတတ်သေးဘူး။
++++++++++++++++++++++++++++
သိမ်းလိုတာတွေ
သိမ်းထားနိုင်ပေမယ့်
ကူးချင်တာတွေ
ကူးယူနိုင်ဖို့
မြန်မြန်နဲ့များများ
ကွန်ပျူတာတွေကို ပိုမိုထုတ်လုပ်လာနိုင်တယ်။
တစ်ဖက်မှာတော့
အချင်းချင်းတွေကြား
နွေးထွေးစွာ
ဆွေးနွေးပြောဆိုမှုက ရှားရှားလာတယ်။
အရည်အတွက်တွေ
တိုးတိုးလာသလောက်
အရည်အချင်းဖက်က
ဆိုးဆိုးလာတယ်။
++++++++++++++++++++++++++++
လွယ်ကူမြန်ဆန်ပေမယ့်
ကြေညက်အားနှေး
အစားတွေပေါများတဲ့ခေတ်၊
အရပ်တွေပိုမြင့်လာတဲ့
လူသားတွေနဲ့
ကိုယ်ကျင့်တရားတွေ
ပိုမိုနိမ့်လာတဲ့ခေတ်၊
ဖျော်ဖြေမှုတွေ
ပိုတိုးပွားလာပေမယ့်
ပျော်ရွှင်မှုတွေ
နည်းပါးလာတဲ့ခေတ်၊
အစားအမျိုးအစားတွေ
တိုးပွားလာပေမယ့်
ကျန်းမာပြီးခွန်အားဖြစ်ဖွယ်ဓာတ်တွေ
နည်းပါးလာတဲ့ခေတ်၊
လင်ကိုမယားနှစ်ယောက်ဝင်ငွေအားရှိပေမယ့်
ကွာရှင်းလမ်းခွဲပြတ်စဲမှုတွေ
များများလာတဲ့ခေတ်။
++++++++++++++++++++++++++++
ဒါကြောင့်
လေးလေးစားစား
အကြံပြုစကားပါးပါရစေ၊
အထူးအချိန်အခါအတွက်ဆိုပြီး
ဘယ်အရာကိုမှ
သိမ်းဆည်းမထားပါနဲ့။
နေထိုင်နေတဲ့နေ့ရက်တိုင်းဟာ
သင့်အတွက် အထူးအချိန်အခါပါ။
++++++++++++++++++++++++++++
အသိဥာဏ် ရင့်သန်ဖို့
ကြိုးစားပါ။
ဖတ်ရှုလေ့လာစရာကို
ဖတ်ရှုလေ့လာပါ။
အိမ်ရှေ့မှာထိုင်ပြီး
မြင်ရတဲ့မြင်ကွင်းအလှကို ကျကျနန ခံစားကြည့်လိုက်ပါ။
လိုအပ်ချက်တစ်ခုခုကို
ဦးနှောက်ထဲကနေ ခဏထုတ်ထားပြီးတော့ပေါ့။
++++++++++++++++++++++++++++
မိသားစုဝင်တွေ
မိတ်ဆွေသူငယ်ချင်းတွေနဲ့
သင့်အချိန်တွေကို
ပိုပြီးကုန်လွန်ကြည့်စမ်းပါ။
သင်သဘောကျတဲ့အစားအစာကို
စားပါ။
သင်သဘောကျတဲ့နေရာကို
သွားပါ။
ဘဝဆိုတာ ပျော်ရွှင်ကျေနပ်မှု
အဆက်ဆက်နဲ့တည်ဆောက်ထားတာပါ။
အသက်ရှည်ရှည်
နေရရုံနဲ့မလုံလောက်ပါဘူး။
++++++++++++++++++++++++++++
လှပတဲ့ဖန်ခွက်တွေကို
သုံးပါ။
(မှန်ဘီရိုထဲမှာသာ
ထည့်မထားပါနဲ့)
လိုမယ်ထင်ရင်
သင်ပိုင်ဆိုင်တဲ့ အကောင်းဆုံးရေမွှေးကို ဖျန်းဆွတ်လိုက်ပါ။
အသုံးအဆောင်ပစ္စည်းဆိုတာ
ထာဝရ သိမ်းဆည်းထားရမယ့်
အရာမျိုးမဟုတ်ဘူးလေ။
++++++++++++++++++++++++++++
ဟိုတုန်းကပေါ့၊
တစ်နေ့နေ့တချိန်ချိန်မှာပေါ့
ဆိုတဲ့
အဘိဓမ္မာမျိုး
သင့်ဘဝထဲကနေ ဖယ်ထုတ်လိုက်စမ်းပါ။
မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း
ချစ်ကြောင်းသက်သေပြစမ်းပါ။
ရယ်ရွှင်မှုတို့၊
ပျော်ရွှင်မှုကို သင့်ဘဝထဲထည့်ဖို့
ဘယ်တော့မှ
နှောင့်နှေးမနေစမ်းပါနဲ့။
++++++++++++++++++++++++++++
နေ့တိုင်း၊
နာရီတိုင်း၊ မိနစ်တိုင်းဟာ
သင့်ဘဝအတွက်
တန်ဖိုးရှိတဲ့အချိန်ချည်းပါပဲ။
ဒါပေမယ့်…
တစ်ဖက်မှာ
ဒီအချိန်တွေ
ဘယ်လောက်ကြာရှည်ခံမယ်ဆိုတာ
သင်သိနိုင်လို့လား။
++++++++++++++++++++++++++++
ကျမ်းကိုး…
Paradoxes
of Our times.