စိတ်ချမ်းသာအောင်
လုပ်နည်း အကျဉ်းချုပ်…မှ အဆက်
၇။ စိတ်ချမ်းသာမှုဟာ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာ ဆိုတာကို
မမေ့ပါနဲ့။
အရာရာတိုင်းဟာ
စိတ်ချမ်းသာမှုရဖို့ လုပ်ရတာ။
စိတ်ချမ်းသာမှုဟာ
လိုရင်း။
ဒါကြောင့်
ရေရှည် စိတ်ဆင်းရဲရမယ့်ကိစ္စကို ရှောင်ပါ။
ကိုယ့်ကို
ရေရှည် စိတ်ဆင်းရဲစေမယ့်သူကို ရှောင်ပါ။
စိတ်ချမ်းသာစရာတွေကို
ရှာပြီးလုပ်ပါ။
+++++++++++++++++++++++++++
ကြည်လင်အေးချမ်းတဲ့မျက်နှာနဲ့နေတဲ့
အကျင့်ကို လုပ်ပါ။
တချို့လူတွေဟာ
ပြုံးနေတတ်တယ်။
တချို့လူတွေဟာ
အလိုမကျတဲ့မျက်နှာ၊ စိတ်ဆိုးနေတဲ့မျက်နှာနဲ့နေတတ်တယ်။
ပင်ကိုယ်မျက်နှာထားကိုက
တစ်ခုခုကို မကျေနပ်သလို မျက်နှာမျိုး ဖြစ်နေတတ်တယ်။
တကယ် စိတ်အေးချမ်းလာရင်
စိတ်ရဲ့အေးချမ်းမှုဟာ မျက်နှာမှာ ပေါ်ပါတယ်။
အေးချမ်းတဲ့မျက်နှာဟာ
ကျက်သရေရှိတယ်။ ခင်စရာ ကောင်းတယ်။
+++++++++++++++++++++++++++
မိုနာလီဆာ
ပန်းချီးကားကို မြင်ဖူးသလား။
ပြုံးသလိုလို
မျက်နှာမျိုး။
တစ်ခုခုကို
တွေးပြီး ပြုံးနေသလိုပဲ။
ကြာကြာကြည့်လေ
ကြည့်လိုကောင်းသလိုပဲ။
ကြည့်လို့အကောင်းဆုံး
မျက်နှာဟာ ပြုံးနေသလိုလို မျက်နှာပဲ။
ပျော်နေတဲ့သူတွေဟာ
ပြုံးနေသလို ဖြစ်နေတယ်။
+++++++++++++++++++++++++++
၈။ တစ်ခါတစ်လေ စိတ်မကောင်းဖြစ်နေတဲ့အခါ ရှိတတ်ပါတယ်။
အဲဒီအခါမှာ
ကိုယ်ခံစားရတာကို ပြောချင်တယ်။ ပြောပါ။
ဒါပေမယ့်
တကယ်ဖြစ်နေတာကို ပိုဆိုးတယ်လို့ ထင်ရအောင် မပြောပါနဲ့။
အပိုအလိုမရှိ
ပြောပါ။
+++++++++++++++++++++++++++
မိတ်ဆွေ တစ်ယောက်ယောက်
စိတ်မကောင်းစရာ အခြေအနေတစ်ခုခု ကြုံရလို့
ကိုယ့်ကိုပြောတဲ့အခါ
အေးအေးဆေးဆေးပဲ နားထောင်ပါ။
စိတ်ဆင်းရဲတဲ့အမူအရာနဲ့
နားမထောင်ပါနဲ့။
သူ စိတ်ဆင်းရဲလို့
ကိုယ်ပါလိုက်ပြီး စိတ်ဆင်းရဲလိုက်တာဟာ ဘယ်သူ့အတွက်မှ
အကျိုးမရှိနိုင်ပါဘူး။
+++++++++++++++++++++++++++
သူများတွေ
စိတ်ညစ်စရာလို့ ယူဆတဲ့ကိစ္စကို ကိုယ်က အေးအေးဆေးဆေးကိုင်တွယ်ဖြေရှင်း
နိုင်ဖို့
ကြိုးစားပါ။
ဘာလုပ်ရမှန်း
မသိတော့ဘူး။
စိတ်ညစ်လိုက်တာ
ဆိုတဲ့စကားကို မပြောတာ ကောင်းတယ်။
+++++++++++++++++++++++++++
၉။ ကိုယ့်ဘဝအခြေအနေကို ဘယ်သူနဲ့မှ မနှိုင်းတာ ကောင်းတယ်။
တကယ်လို့
နှိုင်းရမယ်ဆိုရင် ကိုယ့်လောက်အဆင်မပြေတဲ့သူနဲ့ နှိုင်းပါ။
အဲဒါ စိတ်ချမ်းသာတယ်။
+++++++++++++++++++++++++++
၁၀။ အကောင်းမြင်စိတ်ကို မွေးပါ။
ဖန်ခွက်ထဲမှာ
ရေတစ်ဝက် ပြည့်နေသလား။
ဒါမှမဟုတ်
ရေတစ်ဝက် လျော့နေသလား ဆိုရင် တစ်ဝက်ပြည့်နေတယ်လို့ပဲ ပြောပါ။
+++++++++++++++++++++++++++
၁၁။ စိတ်ဆင်းရဲပြီးမှ ရတဲ့ငွေကို မလိုချင်ပါနဲ့။
စိတ်ချမ်းချမ်းသာသာနဲ့
ရှာပါ။
စိတ်ချမ်းချမ်းသာသာနဲ့
သုံးပါ။
ကိုယ့်မှာ
သုံးလောက်အောင် ဝင်ငွေရှိရင် နောက်ထပ်ရတဲ့ငွေဟာ စိတ်ချမ်းသာမှုကို
တကယ် အထောက်အကူပေးမှ
ကောင်းတယ်။
ငွေပို အချိန်ပိုရှိရင်
ပညာလည်းရပြီး ပျော်လည်းပျော်တာကို များများလုပ်ပါ။
ငွေကုန်ပြီး
ကျန်းမာရေးထိခိုက်တာကို မလုပ်ပါနဲ့။
+++++++++++++++++++++++++++
၁၂။ ကိုယ့်အကြောင်းကို ကောင်းတာတွေ ရှာတွေးပါ။
သူများအကြောင်းကိုလည်း
ကောင်းတာတွေ ရှာတွေးပါ။
ကောင်းတာ
ရှာတွေးရင် စိတ်ချမ်းသာတယ်။
ကိုယ်နဲ့အမြဲအတူနေတာ
ဘယ်သူလဲ။ ကိုယ်ပါပဲ။
အဲဒါကြောင့်
ကိုယ့်ကိုယ်ကို ကိုယ်ချစ်ပါ။
ကိုယ့်ကိုယ်ကို
ကိုယ် စိတ်ချမ်းသာစရာ ပြောပါ။
+++++++++++++++++++++++++++
၁၃။ တခြားကိစ္စတွေမှာ မအောင်မြင်ရင် ရှိပါစေတော့။
စိတ်ချမ်းသာအောင်
နေတတ်တယ် ဆိုရင် အောင်မြင်တယ်လို့ မှတ်ပါ။
စိတ်ချမ်းသာမှုဟာ
အကြီးမားဆုံး အောင်မြင်မှုပဲ။
+++++++++++++++++++++++++++
၁၄။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ တာဝန်ကျေပါတယ်။
စိတ်ချမ်းသာအောင်
မနေတတ်ရင် တာဝန်မကျေဘူး။
သူများကို
စိတ်ချမ်းသာစေချင်ရင် ကိုယ်က အရင် စိတ်ချမ်းသာနေမှ ဖြစ်မယ်။
စိတ်မချမ်းသာတဲ့သူဟာ
ဝန်ထုတ်ဝန်ပိုးလို ဖြစ်နေတယ်။
သူ့ကို တခြားတစ်ယောက်ယောက်က
စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။
အဲဒီတာဝန်ကို
တကယ်တော့ ဘယ်သူမှ မယူနိုင်ပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို
ကိုယ်ပဲ တာဝန်ယူရမယ်။
+++++++++++++++++++++++++++
စိတ်ချမ်းသာဖို့လိုရင်းပါ
(ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင်
ဖတ်ဖို့…(၂၄)...