ပန်းချီဆရာကြီး သြဂတ်(စ်)ရေးနွားဟာ ပြင်သစ်လူမျိုးတစ်ဦးဖြစ်တယ်။
သူဟာ ထင်ရှားတဲ့ အနုပညာရှင်ကြီးလည်းဖြစ်တယ်။
သူ့မှာ အဆစ်ရောင်ရောဂါကြောင့် မသွားမလာနိုင်အောင်ဖြစ်နေပါတယ်။
ရေးနွားမှာ အဆစ်ရောင်ရောဂါကြောင့် မသန်မစွမ်းဖြစ်နေတဲ့ကြားထဲက
ပန်းချီကိုကား မရပ်မနားရေးဆွဲခဲ့တယ်။
ရေးဆွဲနိုင်သလောက် ကြိုးစားအားခဲပြီးရေးဆွဲခဲ့တယ်။
လက်ဆစ်တွေ ရောင်ရမ်းကွေးကောက်ကာ စုတ်တံကို မကိုင်နိုင်တဲ့အခါ
စုတ်တံကို လက်မှာ ကြိုးနဲ့ချည်ပြီးရေးဆွဲခဲ့တယ်။
တစ်နေ့မှာ ပန်းချီခန်းထဲမှာ ရေးနွားဝေဒနာကို ကျိတ်မှိတ်ခံစားကာ
စုတ်တစ်ချက်ချင်း ခဲယဉ်းပင်ပန်းစွာရေးဆွဲနေတာကို မိတ်ဆွေဖြစ်သူ မာတီး(စ်)ကမြင်တော့
“ ရေးနွားရာ….ဘာလို့များ ဒါလောက်အထိ ဒုက္ခဆင်းရဲခံပြီးဆွဲနေရတာလဲဗျာ…”
ရေးနွားပြန်ပြောတဲ့စကားက ရိုးရိုးရှင်းရှင်းလေးပါ။
“ဝေဒနာက အချိန်တန်ရင် ပျောက်သွားမှာပဲ၊
အနုပညာကကျန်ခဲ့မှာ…” တဲ့။
သူ့မှာ အဆစ်ရောင်ရောဂါကြောင့် ဒုက္ခိတဘဝ ရောက်နေတာ (၁၄)နှစ်ပင်ကြာခဲ့ပြီ။
ထိုကာလများတွင် သူ့ရဲ့အထင်ရှားဆုံး လက်ရာတွေ တစ်ခုပြီးတစ်ခု ရေးဆွဲနိုင်ခဲ့တယ်။
သူဟာ ကွယ်လွန်ခါနီးနေ့ရက်များအထိ ပန်းချီကားများကိုရေးဆွဲသွားခဲ့ပါတယ်။
သူပြောတဲ့အတိုင်းပင် သူ့ရဲ့အနုပညာလက်ရာများဟာ
သမိုင်းဝင်ပန်းချီကားတွေအဖြစ် ယနေ့တိုင် ကျန်ခဲ့ပါတယ်။