မြတ်စွာဘုရားရှင်လက်ထက်က
အရှင်သာရိပုတ္တရာမထေရ် မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရပါတယ်။
အရှင်သာရိပုတ္တရာမထေရ်ရဲ့ နှလုံးသားကို
ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အလွန်ကောင်း လှပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင်တော်မူတဲ့အခါ
သင်္ကန်းအစွန်းအနားကမညီမညာဖြစ်နေပါတယ်။
အဲဒါကို ရှင်သာမဏေဖြစ်စ (၇)နှစ်အရွယ် ကိုရင်တစ်ပါးက မြင်တွေ့သွားရာ
“အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ဝတ်ရုံသင့်ပါတယ် အရှင်ဘုရား?”
လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်းမညီညာတာကို
သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာက
“ဒီလောက်ဆို သင့်တော်ပါပြီလား?”လို့ ဆရာအရာမှာ ထားပြီးတလေးတစား တုံပြန်တော်မူခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကလေးကို အခြေပြုကာ နောင်တစ်ချိန်မှာ
အရှင်သာရိပုတ္တရာမထေရ်က
“ဒီနေ့မှာပဲ သာမဏေဖြစ်စ (၇)နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည်ပင်ဖြစ်စေ
သူတော်ကောင်းတွေရဲ့ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီးခံယူပါတယ်။
ကိုယ့်အမှားကိုထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို
ရွှေအိုးကို လက်ညှိုးထိုးညွှန်ပြပေးသူလို မြတ်နိုးတန်းဖိုးထားပြီး ဆည်းကပ်ပါတယ်။”
လို့ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့်ကြီးတွေလိုပါပဲ။
အထက်ကိုပိုမိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေဖြစ်ပါတယ်။