ရှေးခေတ်ဂရိသမိုင်းမှာ အင်မတန်စကားပြော ကျွမ်းကျင်တဲ့
နန်းတွင်းအရာရှိတစ်ဦးရှိတယ်။
အဲဒီအရာရှိဟာ စကားပြောရာမှာ အင်မတန်လိမ္မာတယ်။
နှုတ်သွက်လျှာသွက်ရှိလှတယ်။
နှုတ်မှုရေးရာ အင်မတန်တော်တယ်။
နှုတ်မှုရေးရာကျွမ်းကျင်တော့ ဟိုလူကို ဟိုလိုပြော၊
ဒီလူကို ဒီလိုပြော၊
ဟိုနေရာတစ်မျိုး၊ ဒီနေရာတစ်မျိုး နဲ့
အမျိုးမျိုး ပြောတော့တာပဲ။
အဲဒီအရာရှိရဲ့စကားကြောင့်တစ်ချို့မိတ်ဆွေတွေဟာ ရန်သူတွေဖြစ်ကုန်ကြတယ်။
တစ်ဦးနဲ့တစ်ဦးဟာ ယုံကြည်မှုတွေ ပျက်ပြားကုန်ကြတယ်။
အဲဒီအရာရှိစကားကြောင့် လူတော်တော်များများဟာ ဒုက္ခရောက်ကုန်ကြတယ်။
ဒီအရာရှိရဲ့စကားကြောင့် လူတွေဒုက္ခရောက်တာကိုသိတဲ့
ဘုရင်ရဲ့မိဖုရားက အဲဒီအရာရှိကိုခေါ်လိုက်တယ်။
မိဖုရားရှေ့မှောက်ရောက်တဲ့အခါ
“ဒီလောက်တောင် အပြောအဆိုကျွမ်းကျင်သွက်လက်တဲ့ မောင်မင်းရဲ့လျှာကို ဂုဏ်ပြုရဦးမယ်”လို့
မိဖုရားကပြောပြီးရွှေစင်အစစ်နဲ့လုပ်ထားတဲ့ဆံထိုးကြီးနဲ့အဲဒီအရာရှိရဲ့လျှာကို ဆွဲထုတ်ထိုးဖောက်စိုက်ထောင်ပြီးဂုဏ်ပြုခိုင်းလိုက်ပါတယ်။
လျှာဟာအသုံးပြုတတ်ရင်အကျိုးရှိပါတယ်။
အသုံးမပြုတတ်ရင်လည်း အကျိုးယုတ်စရာအများကြီးဖြစ်လာတတ်ပါတယ်။
ကောင်းကျိုးအတွက်အသုံးပြုမလား
ဒါမှမဟုတ်
ဆိုးကျိုးအတွက် အသုံးပြုမလားဆိုတာကတော့
လျှာကိုပိုင်ဆိုင်တဲ့ ပိုင်ရှင်ရဲ့သဘောထားအတိုင်းပါပဲ။