တစ်ခါတုန်းက
တောတစ်တောမှာ
ခြင်္သေ့တစ်ကောင် ကြီးစိုးနေတယ်။
အဲဒီခြင်္သေ့ဟာ
ဆာလောင်လာတဲ့အခါ တောထဲမှာရှိတဲ့သားကောင်တွေကို
ဖမ်းစားတယ်။
သားကောင်မျိုးစုံဟာ သေမှာကြောက်တဲ့အတွက် လွတ်ရိုးလွတ်ငြား ထွက်ပြေးရင်း
တစ်ကောင်နဲ့တစ်ကောင်
တိုက်ကြ၊ သစ်ပင်တွေနဲ့တိုက်ကြနဲ့အတော်များများဟာ သေကြတယ်။
ခြင်္သေ့စားတာက
တစ်ကောင်ထဲ။ သေတာက အကောင်များစွာဖြစ်နေတာကြောင့်
တောမှာရှိတဲ့တိရိစ္ဆာန်တွေ
အစည်းအဝေးလုပ်ကြတယ်။
နောက်ဆုံးယုန်တစ်ကောင်ပြောတာက
“နေ့တိုင်း ခြင်္သေ့က သားကောင်တစ်ကောင်ကျ စားနေတယ်။
သေမှာကြောက်တော့
ထွက်ပြေးရင်း တိုက်ခိုက်မိတော့ ပိုသေကြတယ်။
အဲဒီလိုမဖြစ်အောင်
မဲနှိုက်မယ်။ မဲပေါက်သူက ခြင်္သေ့ဆီကိုသွားပြီး အစားခံမယ်။
ဒီလိုဆိုရင်
ကျန်တဲ့တိရိစ္ဆာန်တွေ မသေကြေကြတော့ဘူးပေါ့” လို့ပြောတယ်။
ယုန်ကြီးပြောတဲ့အတိုင်း
တိရိစ္ဆာန်တွေက သဘောတူကြတယ်။
ဒါနဲ့ပဲ ယုန်ကြီးက
ခြင်္သေ့ကို သွားပြောပြတယ်။
ခြင်္သေ့က သဘောတူတယ်။
အချိန်ကိုတော့ သတ်မှတ်ပေးလိုက်တယ် ။
နေ့လည် ၁၂-နာရီတိတိမှာ
ရောက်အောင်လာရမယ်လို့ပြောလိုက်တယ်။
ဒီစံနစ်အတိုင်းပဲ
ခြင်္သေ့ဆီကို မဲပေါက်သူက တစ်နေ့တစ်ကောင်ကျ သွားအစားခံတယ်။
ခြင်္သေ့ကလည်း
သက်သက်သာသာနဲ့စားသောက်နေရတာကို သဘောတွေ့နေတယ်။
တစ်နေ့တော့
သမင်မလေးတစ်ကောင် မဲပေါက်တယ်။
သမင်မလေးက သူမမှာ
ကိုယ်ဝန်ရှိနေတယ်။
သားသမီးလေးမွေးပြီးမှ အစားခံချင်တယ်လို့ ယုံကိုငိုပြီးတောင်းဆိုတယ်။
သေတဲ့အလုပ်မျိုးဟာ
ဘယ်သူမှ အစားဝင်ချင်မှာမဟုတ်ဘူး။
ဒါကြောင့် သူကိုယ်တိုင်ပဲ
ခြင်္သေ့ရဲ့အစားခံဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ပဲ ခြင်္သေ့ဆီကို
ယုံကသွားတယ်။
အစားခံနေကျ
နေ့လည် ၁၂-နာရီလည်းရောက်မလာ။
နေ့လည် ၁-နာရီလည်း
ယုံရောက်မလာ။
နေ့လည် ၂-နာရီထိုးတော့
ခြင်္သေ့က အတော်ဆာလောင်နေပြီ။
ဒေါသလည်း ဖြစ်နေပြီ။
နေ့လည် ၃-နာရီထိုးမှ
ယုံရောက်လာတယ်။
ခြင်္သေ့က “ဘာဖြစ်လို့နောက်ကျတာလဲ”
လို့မေးတယ်။
ယုံက “ခြင်္သေ့ကြီးဆီအစားခံဖို့အလာလမ်းမှာ
အခြင်္သေ့တစ်ကောင်က
ဖမ်းထားပြီး
စားမယ်လုပ်လို့မနည်းတောင်းပန်ပြီးမှ ထွက်လာရလို့
နောက်ကျသွားတာပါ”
လို့ပြန်ဖြေတယ်။
အခြားခြင်္သေ့ဆိုတဲ့အသံကို
ကြားတော့
“ငါ မင်းမူနေတဲ့တောထဲမှာ
အခြားခြင်္သေ့တစ်ကောင်က ဘာဖြစ်လို့
ကျူးကျော်ဝင်ရောက်လာတာလဲ”
ဆိုပြီး ဒေါသပိုထွက်လာတယ်။
အဲဒီခြင်္သေ့ရှိတဲ့နေရာကို
“ငါ့ကို လိုက်ပြစမ်း” ဆိုပြီး ယုံလေးနဲ့အတူ
ထွက်လာကြတယ်။
တောနက်ထဲမှာ
ရှိတဲ့ရေတွင်းတစ်ခုဆီရောက်တော့ အဲဒီထဲမှာ
အခြားခြင်္သေ့
ရှိတယ်လို့ ယုံက ညွှန်ပြလိုက်တယ်။
ခြင်္သေ့က ရေတွင်းထဲ
ငုံ့ကြည့်လိုက်တော့ အခြားခြင်္သေ့တစ်ကောင်ကို တွေ့လိုက်ရတယ်။
ဒေါသထွက်လာတယ်။
ဟိန်းဟောက်လိုက်တယ်။ ရေတွင်းထဲက ခြင်္သေ့ကလည်း
ပြန်ဟိန်းဟောက်တာပေါ့။
အကြိမ်ကြိမ် အခါခါ ဟိန်းဟောက်တော့လည်း ရေတွင်းထဲက
ပိုကျယ်လောင်တဲ့အသံနဲ့ပြန်ဟိန်းဟောက်နေတာကြားရတော့
ရေတွင်းဘောင်ပေါ်က
ခြင်္သေ့က ဒေါသထွက်သထက်ထွက်လာပြီး
ရေတွင်းထဲ ခုန်အုပ်လိုက်တယ်။
ရေပြင်ပေါ်ပေါနေတဲ့သူ့ရဲ့ပုံရိပ်ကို
အခြားခြင်္သေ့လို့ထင်ပြီး ခုန်အုပ်လိုက်တဲ့အတွက်
ရေတွင်းထဲမှာပဲ
ခြင်္သေ့ဟာ ရေနစ်ပြီး သေဆုံးသွားပါတယ်။
ခြင်္သေ့ သေသွားတော့မှ
တစ်တောလုံး ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း
နေထိုင်သွားကြသတဲ့။
++++++++++++++++++++++++++++++
ကျနော်ငယ်စဉ်တုန်းက
အဖေ ထပ်ခါတလဲလဲ ပြောပြတဲ့ပုံပြင်တစ်ပုဒ်ပါ။
အကြိမ်ကြိမ်ကြားခဲ့ဖူးတာမို့
အခုထိ မှတ်မိနေပါတယ်။
အဖေဟာ ဒီပုံပြင်ကို
အခါခါပြောပြပေမယ့် ပုံပြင်ပြီးတိုင်း ပြန်မေးတတ်ပါတယ်။
ဒီပုံပြင်ကနေ
ဘာသင်ခန်းစာ ရသလဲ။
ကျနော်က ပြီးတဲ့အကြိမ်တုန်းက
အဖေပြောပြထားတဲ့သင်ခန်းစာကို ပြောပြရင်
အဖေက ပြုံးပြီးနားထောင်တယ်။
နောက် သင်ခန်းစာတစ်ခုကို
ထပ်ပြောပြတယ်။
ပုံပြင်အကြောင်းအရာသာ
တူပေမယ့် သင်ခန်းစာတစ်ခါနဲ့တစ်ခါ မတူတာကို
ကျနော်အံ့သြမိပါတယ်။
++++++++++++++++++++++++++++++
အဖေပြောပြတဲ့သင်ခန်းစာတစ်ခုကတော့…
“အင်အားကြီးတိုင်း
အသိဥာဏ်ကြီးတာတော့ မဟုတ်ဘူး။
အင်အားကြီးပြီး
ဥာဏ်နည်းတဲ့သတ္တဝါတွေ အများကြီးရှိတယ်။
အင်အားကြီပြီး ဥာဏ်နည်းတဲ့သတ္တဝါထဲမှာ လူလည်း ပါတယ်နော်။
အင်အားကြီးတဲ့လူဟာ
ခွန်အားကို အားကိုးလွန်းတာကြောင့် ဥာဏ်ကြီးအောင်လုပ်ချိန်မရတော့ဘူး။
ခွန်အားကို
အားကိုးလွန်းရင် ဥာဏ်တုံးတတ်တယ်ဆိုတာ မမေ့နဲ့”
အဖေက ခဏနားပြီးမှ
ပြန်မေးပါတယ်။
“တစ်ခုကိုသာ
ရွေးချယ်ရမယ်ဆိုရင် သား ဘာကို ရွေးချယ်မလဲ” လို့လည်း အဖေက မေးပါတယ်။
ကျနော်က ရေနစ်ပြီး
သေသွားတဲ့ခြင်္သေ့ကို အားမကျပါဘူး။
ဥာဏ်ကြီးတဲ့ယုံကို
သာ အားကျမိပါတယ်။
ကျနော်ပြန်ဖြေတာက
“ဥာဏ်ကြီးသူဖြစ်ချင်တယ်” လို့
အဖေက ပြန်ပြောတာက
“ဥာဏ်ကြီးသူဖြစ်ချင်ရင်
စာ များများဖတ်၊
ဥာဏ်ကြီးသူရဲ့ပြောစကားကို
များများနားထောင်၊
အခွင့်အရေးရရင်
ခရီးများများ သွား”တဲ့။