သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့်
စာရေးလိုက်ပါတယ်။
ရာသီတွေတစ်ခုပြီးတစ်ခုပြောင်းလဲနေတယ်။
ရာသီဥတုမှမဟုတ်ပါဘူးလေ။
အရာရာတိုင်းဟာ
သိသိသာသာပြောင်းလဲတာနဲ့
မသိမသာပြောင်းလဲတာပဲ
ကွာမယ်ထင်ပါတယ်။
အားလုံးကတော့
ပြောင်းလဲနေတာပဲ။
နွေဦးရာသီမှာတော့နေလို့ကောင်းတယ်။
ဆိုးဝါးပြင်းထန်တဲ့ဆောင်းရက်တွေကုန်သွားတာမို့နွေဦးရာသီဟာ
နှစ်လိုဘွယ်ရာ
ကောင်းတယ်လို့ထင်မိတယ်။
ဆိုးဝါးတဲ့ဆောင်းရက်တွေကိုကျော်လွန်ပြီး
သာယာလှပတဲ့နွေဦးဟာ နှစ်တိုင်းရောက်နေကျပါ။
ဒီနှစ်တော့
နွေဦးရာသီဟာ ပြီးခဲ့တဲ့နှစ်ကနဲ့မတူဘူး။
မိုးရက်တွေများနေတယ်။
ပိုပြီးပူလာသလိုပဲ။
+++++++++++++++++++++
ဒီနှစ်အီစတာပိတ်ရက်မှာတော့
ဗာဂျီးနီးယားသမုဒ္ဒရာကမ်းခြေကို သွားလည်ဖြစ်တယ်။
ဒါက ဒုတိယအကြိမ်ရောက်တာပါ။
ကျနော်တို့နေတဲ့နေရာနဲ့ လေးနာရီကျော်ကျော်လောက်ကားမောင်းရတယ်။
စိတ်ဝင်စားစရာကောင်းတာက
သမုဒ္ဒရာကြမ်းခင်းအောက်က ဖေါက်ထားတဲ့ကားလမ်းပဲ။
ဆယ်မိနစ်ကျော်ကျော်
ကားမောင်းရတယ်။
အမေရိကန်အင်ဂျင်နီယာတွေရဲ့စိတ်ကူးနဲ့လုပ်ဆောင်ချက်တွေကို
အံသြမိတယ်။
ပြီးခဲ့တဲ့နှစ်အီစတာပိတ်ရက်မှာတော့
ဗာဂျီးနီးယားတောင်ပိုင်းမှာ ရှိတဲ့ဆာဖါရီတိရိစ္ဆာန်ပန်းခြံကို
သွားလည်ဖြစ်တယ်။
သုံးနာရီကျော်ကျော်ကားမောင်းရတယ်။
နီးတဲ့ဟော်တယ်တစ်ခုမှာ
တည်းပြီးနောက်နေ့ကျမှ သွားလည်ဖြစ်တယ်။
အဲဒီပန်းခြံက
ဧက ၁၈၀ကျော် ကျယ်တယ်။
တိရိစ္ဆာန်မျိုးစုံတွေ့ရတယ်။ကားမောင်းပြီးတိရိစ္ဆာန်တွေကို
အစာကျွေးရတယ်။
တစ်နာရီကျော်ကျော်မောင်းရတယ်။
လူငယ်တွေ တော်တော်သဘောကျမယ့်နေရာတစ်ခုပဲ။
ပြီးတော့ အမေရိကန်အခြေခံဥပဒေကို
ရေးဆွဲသူထဲမှာ ပါဝင်တဲ့ဂျက်ဖာဆင်ရဲ့မွေးရပ်မြေနဲ့
ဂျက်ဖာဆင် ငယ်ငယ်က
နေထိုင်ခဲ့တဲ့နေရာကိုလည်း ရောက်ဖြစ်တယ်။
ဂျက်ဖာဆင်လို
စိတ်နှလုံးပြည့်ဝပြီး ပညာကို တန်ဖိုးထားတတ်သူတွေကြောင့် အမေရိကန်နိုင်ငံဟာ
ဖွံ့ဖြိုးတိုးတက်ပြီး
ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ်ကိုရောက်လာတာကို တွေးမိတယ်။
လွတ်လပ်ရေးရတာ
နှစ်ပေါင်း ၂၄၀ တောင်ပြည့်တော့မယ်။
လွတ်လပ်ရေးရပြီး
တစ်ခါမှ ကျွန်ပြန်မဖြစ်ခဲ့တာဟာ အမေရိကန်ရဲ့အခြေခံဥပဒေကိုရေးဆွဲသွားသူတွေရဲ့
ကျေးဇူးကြောင့်လို့ပြောနိုင်တယ်။
အဲဒီကျေးဇူးကို အမေရိကန်နိုင်ငံသားတွေက အသိအမှတ်ပြုထားတာတွေ
လည်း နေရာအနှံ့တွေ့ရတယ်။
ပိတ်ရက်ရတိုင်းလိုလို
မရောက်ဖူးသေးတဲ့နေရာတစ်ခုခုကိုတော့ မဖြစ်မနေသွားဖြစ်ခဲ့တယ်။
အမေရိကန်နိုင်ငံမှာတော့
လည်ပတ်စရာတွေ အမြောက်အများရှိတယ်။
နေရာတိုင်းမှာလည်း
သမိုင်းကြောင်းတွေရှိနေတယ်။ စိတ်ဝင်စားစရာကောင်းလှတယ်။
++++++++++++++++++++++++++
ကျနော့်ရဲ့ဒီနေ့အဖြစ်အပျက်ကိုပြောရဦးမယ်။
အလုပ်ကို ကားမောင်းထွက်လာခဲ့တယ်။
ကျနော်နေအိမ်နဲ့အလုပ်က
ကားမောင်းသွားရင် ငါးမိနစ်လောက်ပဲ ကြာတယ်။
အလုပ်နဲ့အိမ်နဲ့နီးနေတာကြောင့်
နေ့လည် ဆိုရင် အိမ်မှာပြန်စား၊ အိမ်မှာပြန်နားတတ်တယ်။
ဒီနေ့တော့ စားပြီး၊နားပြီးလို့အလုပ်ကိုပြန်သွားချိန်မှာ
အမြန်မောင်းလမ်းမကို
ထွက်ဖို့ စောင့်နေတယ်။
ကျနော်တို့နေထိုင်တဲ့အပါ့မန့်(Apartment)
ကို ဝင်လာတဲ့ကားတစ်စီးက
ကွယ်နေတာကြောင့် အခြားတစ်ဖက်က အရှိန်နဲ့မောင်းလာတဲ့ကားကို
မမြင်လိုက်ဘူး။မမြင်တော့
ကားမရှိတော့ဘူးဆိုပြီး ကျနော်က ထွက်လိုက်တယ်။
မမျှော်လင့်ပဲ
ကားတစ်စီးကိုတွေ့လိုက်တော့ နောက်ကျသွားပြီအမေ။
သူကလည်း အရှိန်နဲ့မောင်းလာတယ်။
ကျနော်ကလည်း ထွက်လာတာ လမ်းမအလယ်ကိုရောက်နေပြီ။
အခြေအနေက အဆိုးဆုံးကို
ရောက်ပြီ။
ပြောနေတာက ကြာဦးမယ်။
အခြေအနေက စက္ကန့်ပိုင်းအတွင်းလောက်ပဲကြာမယ်ထင်တယ်။
တစ်ဖက်ကားက
ကျနော့်ထိုင်ခုံရှိတဲ့ဖက်ကိုတည့်တည့်မောင်းလာတာ။
ကျနော်ကလည်း
အခြေအနေမကောင်းတာကြောင့် ဘရိတ်အုပ်လိုက်တာကြောင့် ကားက လမ်းလယ်ကောင်မှာ
ရပ်နေတယ်။
သူ့ရဲ့ရှေ့နဲ့ကျနော်ရဲ့ဘေးဖက်အနေအထား။
သူ့ရဲ့အရှိန်နဲ့ဘရိတ်အုပ်သံကို
ကျနော်ကြားလိုက်တယ်။
ကျနော့်ကားနဲ့ကပ်ရက်မှာ
သူ့ကားက ရပ်သွားတယ်။
နှစ်ဖက်စလုံး
ကံကောင်းသွားတယ်။
တကယ်လို့ သူ့သာဘရိတ်မအုပ်နိုင်ခဲ့ရင်…
သူ့အခြေအနေထက်
ကျနော့်ရဲ့အခြေအနေက ပိုဆိုးမယ်။
အဆိုးဆုံးအထိရောက်သွားနိုင်တယ်။
အမေပြောခဲ့တုန်းက
သေခြင်းတရားဟာနီးနီးလေးဆိုတာ မမေ့နဲ့။ကုသိုလ်လုပ်ဖို့အမြဲသတိရပါ။
သေခြင်းတရားကို
အတတ်နိုင်ဆုံး နှလုံးသွင်းဖို့ပြောပေမယ့် အပြည့်အဝခံစားလို့မရနိုင်။
အနီးကပ်တွေ့တော့
ထိပ်လန့်သွားတယ်။
တကယ် သေခြင်းတရားကို
တကယ်အနီးကပ်တွေ့တော့မှ အပြည့်အဝခံစားလို့ရသွားခဲ့တယ်။
အော်…လူဆိုတာ
အချိန်မရွေး သေနိုင်ပါလား ဆိုတာကိုလည်း ပိုပြီး နားလည်လာမိတယ်။
I
can die anytime!
+++++++++++++++++++++++++++++
ဒီလတော့ ဒီလောက်ပါပဲ။
နောက်များမှ
စာရေးပါအုန်းမယ်။
အမေ ကျန်းမာရေးကို
ဂရုစိုက်ပါနော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။