တစ်ခါတုန်းက
အမတ်ကြီးတစ်ယောက်က မိဖုရားကြီးတစ်ပါးဆီကို
အခစားဝင်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွေ့မှာ
မမြင်သင့်တဲ့အရာကို မြင်သွားတယ်။
အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့အမတ်ကတော်ကြီးကို
စိတ်မဝင်စားတော့ဘူး။
စိတ်က မိဖုရားကြီးဆီမှာပဲ ရောက်ရောက်နေတယ်။်
ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင်တထွေထွေနဲ့ဖြစ်ပြီး ဘာအလုပ်မှလည်း
ကောင်းကောင်းလုပ်လို့ မရတော့ဘူး။
ကြာလာတော့ အစားပျက်၊ အအိပ်ပျက် ပါဖြစ်လာပြီး လူကပိန်ချုံလာတယ်။
နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။
မိဖုရားကြီးက ပညာရှိပုံရပါတယ်။
မိဖုရားကြီးက ကြေးခွက်ရယ်၊ ငွေခွက်ရယ်၊ ရွှေခွက်ရယ်၊
ခွက်သုံးခွက်ထဲကို ပအုန်းရည် အနည်းငယ်စီကို ထည့်ပြီး
ခုံတစ်လုံးပေါ်တင်ထားလိုက်တယ်။
ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ခေါ်လိုက်တယ်။
အမတ်ကြီးရောက်လာတော့
ပထမဆုံး ကြေးခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်တယ်။
အမတ်ကြီးသောက်ပြီးသွားတော့
မိဖုရားကြီးက " အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးတယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"
လို့ဖြေလိုက်တယ်။
နောက် ငွေခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
ပြီးတော့ မိဖုရားကြီးက ရှေးကမေးခွန်းအတိုင်း
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးပြန်တယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ ဖြေပြန်တယ်။
နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
မိဖုရားကြီးက ရှေးကအတိုင်းမေးပြန်တယ်။
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့ဆိုတော့ အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ထပ်ဖြေပြန်တယ်။
ခွက်သုံးခွက်နဲ့ ပအုန်းရည်ကို တိုက်ပြီးသွားတော့
ခဏတော့ အသံတွေ တိတ်ဆိတ်သွားတယ်။
အမတ်ကြီးကလည်း ခေါင်းကို ငုံ့ပြီး မိဖုရားကြီးဆီက
ဘာများမိန့်မလဲဆိုတာ စောင့်နေတယ်။
တစ်အောင့်လောက်ကြာတော့မှ
မိဖုရားကြီးဆီက အသံထွက်ပေါ်လာတယ်။
" အမတ်ကြီးရယ်...
ပအုန်းရည်ဆိုတာ ခွက်သာပြောင်းသွားတာပါ။
ဖန်တန်တန်ဆိုတဲ့ အရသာကတော့ အတူတူပါပဲ..."
အမတ်ကြီးလည်း သဘောပေါက်သွားပါတယ်။
အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်းမာမာပြန်ဖြစ်သွားပါတယ်။
တိုင်းရေးပြည်ရေး အလုပ်တွေကိုလည်း ပုံမှန် ပြန်လုပ်သွားနိုင်ပါတော့တယ်။