Saturday, November 26, 2011
“ သတိထားရင် သတိရှိပါတယ်…”
ဘယ်နေရာရောက်ရောက်
ဘာအလုပ်ပဲလုပ်လုပ်၊
မိမိလုပ်မယ့်လို့ ဦးတည်ထားတဲ့အာရုံပေါ်
စိတ်ကို ကျရောက်နေစေဖို့
သတိနဲ့အမြဲထိန်းပေးရမယ်။
စိတ်ကို သတိနဲ့အမြဲထိန်းပေးရင်
ဘာဝနာဖြစ်တယ်။
( ယောဆရာတော် )
++++++++++++++++++
စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်။
စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်။
++++++++++++++++++
သတိဆိုတာ…
၁။ ။ဘာလုပ်မယ်၊
ဘာကို အာရုံပြုမယ်ဆိုတဲ့ အာရုံကို ပုံဖော်ပေးတယ်။
၂။ ။ဒီအာရုံနဲ့စိတ်ကို တွဲကပ်ပေးတယ်။
၃။ ။ရည်ရွယ်ချက် မပြီးမြောက်သမျှ အာရုံမပျောက်အောင်
အသိနဲ့အာရုံကိုလည်း တွဲစပ်ပေးထားတယ်။
၎။ ။အလုပ်လုပ်နေစဉ်
အခြားအာရုံတွေ လက်မခံမိအောင်လည်း ကာကွယ်ပေးတယ်။
၅။ ။သိစရာကို သိနေတဲ့အသိလေးအဆက်ပြတ် မသွားအောင်လည်း
သတိက ဆက်စပ်ပေးထားတယ်။
၆။ ။အလုပ်တိုင်းအရေးကြီးတယ်လို့ သဘောထားတယ်။
အတိုချုပ်ကတော့…
အာရုံကို ပုံဖော်၊
အသိစိတ်ပေါ်အောင် လုပ်ပေးပြီး
အခြား မလိုအပ်တဲ့ အာရုံဆီ ပျံ့လွင့်မပြေးအောင်၊
မလိုအပ်တဲ့ အတွေးတွေ ဝင်မလာအောင်၊
အစောင့်အရှောက်ပေးနေတာဟာ သတိ ရဲ့အလုပ်ပါပဲ။
++++++++++++++++++
ကိလေသာ အကြောက်ဆုံးဟာ
သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို
အကြောက်ဆုံးပဲ။
( ဆရာတော် ဦးဇောတိက )
++++++++++++++++++
အဆိုးလောကဓံဆိုတာ
ဇွဲ၊ လုံ့လ နဲ့ သတ္တိ ၊ဗျတ္တိကို စမ်းသပ်ဖို့
လွှတ်လိုက်တဲ့ ဗြဟ္မရဲ့ ကိုယ်စလှယ်တွေဖြစ်တယ်။
အကောင်းလောကဓံဆိုတာ
ကိုယ်ကျင့်တရား နဲ့ သမာဓိကို စမ်းသပ်ဖို့
မာရ်နတ်က လွှတ်လိုက်တဲ့ ကိုယ်စလှယ်တွေ ဖြစ်တယ်။
အဆိုးလောကဓံဆိုတာ
ရုန်းကန်တက်လှမ်းရမှာ ဖြစ်လို့
တောင်တက်ခရီးကြမ်းတစ်ခုပါ။
++++++++++++++++++
စာအုပ်ထဲမှာ အဓိပ္ပါယ်ကြည့်တယ်ဆိုတာ
တောထဲမှာ ဆေးပင် ရှာရသလိုပါပဲ။
နားမလည် (မသိ)ရင် တစ်တောလုံးလိုက်ရှာလို့
ဆေးတစ်ပင်တွေ့ချင်မှ တွေ့မယ်။
နားလည်သူကျတော့ တစ်ထိုင်တည်းနဲ့
ဆေးတစ်ဖုံစာမက ရနိုင်တယ်။
( တူးမောင်းဆရာတော် )
++++++++++++++++++
နားလည်ကျွမ်းကျင်ပြီးသားပုဂ္ဂိုလ်က
အဓိပ္ပါယ်ကို ရှင်းပြတာဟာ
တစ်ခွန်းက စာတစ်အုပ်ဖတ်ရတာထက် ခရီးရောက်တယ်။
ဆရာဆိုတာ
စာတစ်အုပ်လုံးထဲက လိုရင်းကို ထုတ်ပြီး တပည့်ရဲ့နားထဲသွင်းပေးနေတာ။
++++++++++++++++++
ကျွန်စိတ်အပြည့်ရှိတဲ့မြို့ပိုင်တစ်ယောက်က ရှေးဘုရင်တွေကို
သနားယောင်ယောင်စကားကို
သခင်ကိုယ်တော်မှိုင်း (ဆရာကြီး ) ရှေ့မှာပြောတော့
သခင်ကိုယ်တော်မှိုင်း (ဆရာကြီး )ပြန်ပြောလိုက်တာက
“ ဟ…မင်းလိုကောင်တောင်မှ ခုချိန်မှာ ငါးထောင်စားဖြစ်နေသေးရင်
အလောင်းမင်းတရားကြီးသာရှိရင် စင်္ကြာဝတေးမင်းကြီးဖြစ်နေမှာပေါ့ကွ ”
++++++++++++++++++
နားဆိုတာ စိန်နားကပ်ကြီးကြောင့် မတင့်တယ်နိုင်ဘူး။
အသိပညာကို နားထောင်နာယူခြင်းနဲ့သာ တင့်တယ်နိုင်ပါတယ်။
++++++++++++++++++
ကျေနပ်စရာကြောင့်ဖြစ်စေ၊
မကျေနပ်ကြောင့်ဖြစ်စေ၊
လောကဓံကြောင့် တုန်လှုပ်နေသူမှန်သမျှ…
လောကကို အရှုံးပေးနေရသူချည်းပါပဲ။
++++++++++++++++++
“ အဖြစ်အပျက်ကို သိမြင်တဲ့ ဝိဿနာအသိမရှိဘဲ
အနှစ်တစ်ရာ အသက်ရှည်ရခြင်းထက်
အဖြစ်အပျက်ကို သိမြင်တဲ့ ဝိဿနာအမြင်ရှိပြီး
တစ်ညဥ့်တစ်ရက် အသက်ရှည်ရခြင်းက မြတ်တယ် ”
( ဗုဒ္ဓ )
++++++++++++++++++
ကောင်း၊ဆိုး နှစ်တန် လောကဓံကြုံတွေ့ရာမှာ
မတုန်မလှုပ် စိတ်ဓာတ်ခိုင်မာသူဟာ
လောကကို အနိုင်ရတဲ့အမြင့်ဆုံး ပုဂ္ဂိုလ်အစစ်ဖြစ်ပါတယ်။
++++++++++++++++++
အယောင်ဆောင်ပညာရှိက
အပြစ်ကိုသာ ရှာပြီး ထောက်ပြတတ်တယ်။
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး အမှားကို ပြုပြင်ပေးတယ်။
++++++++++++++++++
ဝေဖန်ရေးသမားဆိုတာ
အမှားကိုထောက်ပြခြင်းနဲ့
အမှန်ကို အစားထိုးပေးခြင်းဆိုတဲ့
မျက်လုံးနှစ်လုံးနဲ့ ပြည့်စုံသူဖြစ်ရမယ်။
++++++++++++++++++
ကိုယ့်စေတနာအတိုင်း ကိုယ့်ကို အကျိုးပေးမှာဖြစ်လို့
စေတနာကိုပဲ ပြန်ပြီး သုံးသပ်ပါ။
++++++++++++++++++
ဒုက္ခလွတ်မြောက်မှုတရား (၇)ပါးမှာ…
၁။ ။အရှက်၊အကြောက် (ဟိရိသြတ္တပ္ပ)
၂။ ။ဣနြေ္ဒစောင့်စည်းမှု၊
၃။ ။ကိုယ်ကျင့်သီလ၊
၎။ ။တည်ကြည်မှု ( သမာဓိ )၊
၅။ ။အမှန်အတိုင်း သိမှုပညာ၊
၆။ ။ငြီးငွေ့ထိတ်လန့်မှု နိဗ္ဗိန္ဓ နှင့် သံဝေဂ၊
၇။ ။ဒုက္ခမှ လွတ်မြောက်မှု ဝိမုတ္တိ၊
တို့ဖြစ်ပါတယ်။
++++++++++++++++++
စိတ်ချမ်းသာမှုကို
ဘာနဲ့မှ ရောင်းမစားပါနဲ့။
++++++++++++++++++
ပညာဆိုတာ
ဘဝကို စနစ်တကျ ရုန်းကန်တတ်ဖို့ သင်ရတာဖြစ်တယ်။
ဘဝရုန်းကန်မှုကို အထောက်အကူမပြုနိုင်ရင်
ဘယ်လောက်ကြီးတဲ့ ဘွဲ့ထူးကြီးတွေဖြစ်စေ ပညာမခေါ်ဘူး။
++++++++++++++++++
အိုတာ၊နာတာဟာ
သေမည့်ဘက် နီးလာတာ မဟုတ်ဘူး။
သေရာနဲ့ မသေရာတို့ရဲ့ လမ်းခွကို ရောက်လာတာပါ။
သတိမဲ့သူက သေရာဘက်နီးပြီး
သတိရှိသူက မသေရာဘက်ပိုနီးလာပါတယ်။
++++++++++++++++++
အလိုအပ်ဆုံး အရင်းအနှီးကတော့
အများက ယုံကြည်လေးစားလာဖို့ပဲ။
++++++++++++++++++
အများအကျိုးဆောင်ရွက်တယ်ဆိုတာ
အများစုရဲ့ဒုက္ခ အရောက်ဆုံးနဲ့အခက်ခဲဆုံး၊
အလိုအပ်ဆုံးကိစ္စကို ကူညီဆောင်ရွက်ပေးရမှာဖြစ်တယ်။
++++++++++++++++++
အများအကျိုးဆောင်ရွက်တဲ့နေရာမှာ
ကိုယ့်ကျိုးလုံးဝမဖက်ဖို့နဲ့ဆင်းရဲ၊ချမ်းသာမရွေး၊
လူမျိုးမရွေး၊အားလုံးအပေါ်မှာ တသဘောတည်း ထားပြီး
ဆောင်ရွက်ကြဖို့ အရေးကြီးတယ်။
++++++++++++++++++
“ ကြောက်တတ်ရင် ရှေ့တိုး…”
( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) စာအုပ်မှ.....

Subscribe to:
Posts (Atom)