အေးချမ်းနေတဲ့သူဟာ
ဘယ်သူ့ကိုမှ
ဒုက္ခမပေးဘူး၊
ကိုယ့်ဘဝကို ကိုယ်ကျေနပ်တဲ့သူဟာ
အများကို ဒုက္ခမပေးဘူး။
+++++++++++++++++++++++++++++++++++++++
ကိုယ့်ဘဝကို ကိုယ်တကယ် နှစ်နှစ်ကာကာ
ကျေနပ်မှုရချင်ရင်
ရဖို့တစ်နည်းပဲရှိတယ်။
အဲဒီနည်းက ကိုယ်ဘာကို နှစ်နှစ်ကာကာ
တန်ဖိုးထားသလဲ၊
ကိုယ်တန်ဖိုးအထားဆုံးအရာဟာ
ဘာလဲဆိုတာကို သိအောင်လုပ်၊
ပြီးတော့ နေ့တိုင်း ကိုယ်တန်ဖိုးထားတာကို
အကောင်အထည်ဖေါ်ရင်း
နေသွားတာပဲ။
+++++++++++++++++++++++++++++++++++++++
အခက်အခဲရှိတာက ပြဿနာမဟုတ်ပါဘူး၊
ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ်
ဖြစ်တယ်။
+++++++++++++++++++++++++++++++++++++++
ကိုယ်တန်ဖိုးထားတဲ့အရာဟာ
ကိုယ့်ဘဝကို စုစည်းပေးတယ်။
ကိုယ့်အင်အားတွေကို စုစည်းပေးတယ်။
ဥပမာအားဖြင့် နေရောင်ခြည်မှာ
မှန်ဘီလူးတစ်ခုထားကြည့်မယ်ဆိုရင်
အဲဒီမှန်ဘီလူးကနေရောင်ခြည်ကို
စုစည်းပေးတာမျိုး။
+++++++++++++++++++++++++++++++++++++++
လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးကောင်းလာဖို့ဆိုတာ…
မှန်ကန်တဲ့အသိအမြင်၊
မှန်ကန်တဲ့သဘောထား၊
မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့
မှန်ကန်တဲ့ အလုပ်တွေကို
လူတွေများများ လုပ်နိုင်ဖို့ လိုတယ်။
+++++++++++++++++++++++++++++++++++++++
ခေတ်တွေ ဘယ်လိုပြောင်းသွား၊ပြောင်းသွား၊
ငါ့ရဲ့တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။
နောက်ဘဝထိအောင် တန်ဖိုးထားမယ်
ဆိုတာမျိုးရှိကို ရှိမှ ဖြစ်မယ်။
+++++++++++++++++++++++++++++++++++++++
ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေနဲ့
အကောင်းဆုံး အသိဉာဏ်တွေကို
ထုတ်ပြီးတော့ ကိုယ်အသိနဲ့ကိုယ်၊
ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊
ကိုယ့်စိတ်ထားနဲ့ကိုယ်ကိုယ်အကောင်းဆုံးကို
အားသွန်ပြီးတော့ လုပ်နေမှသာ
အဲဒီလူက လူပီသတယ်။
+++++++++++++++++++++++++++++++++++++++
အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ
ကိုယ့်အသိဉာဏ်နဲ့ကိုယ်စဉ်းစားပြီးတော့
ဆုံးဖြတ်နိုင်တဲ့သူဟာ
သူ့စိတ်ထဲမှာ ရပ်တည်ရာ တစ်ခုခုရှိနေတယ်။
+++++++++++++++++++++++++++++++++++++++
ကိုယ်ပတ်ဝန်ကျင်မှာ ရှုတ်ထွေးနေတာတွေကို
မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့
အတွင်းမှာပဲ အင်အား
ပိုကောင်းလာအောင် လုပ်ရမယ်။
+++++++++++++++++++++++++++++++++++++++
အခြေအနေတွေ ဘယ်လောက်ပဲပြောင်းလဲသွား၊
ပြောင်းလဲသွား၊ ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ကိုယ့်ရဲ့
ဦးတည်ချက်ကို လက်လွတ်အဆုံးရှုံးမခံပဲနဲ့၊
ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့
ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်ရမယ်။
+++++++++++++++++++++++++++++++++++++++
ငါ ဘယ်လိုလူလဲ၊
ငါ စရိုက် ဝါသနာဟာဘာလဲ၊
ငါ ပါရမီဓာတ်ခံဟာဘာလဲ၊
ငါ ဘာကြောင့် လူဖြစ်လာတာလဲ၊
ငါ ဘာကို လုပ်ဖို့လူဖြစ်လာတာလဲ၊
အဲဒါတွေကို ကိုယ့်ဟာကိုယ် သေသေချာချာ
စဉ်းစားပြီးတော့ အဖြေကိုရအောင်လုပ်သင့်တယ်။
+++++++++++++++++++++++++++++++++++++++
( ဆရာတော် ဦးဇောတိက )