Thursday, May 13, 2010
“ ဟောင်းပေမယ့် ကောင်းနေဆဲပါ... Aspirin ”
Wednesday, December 16, 2009
“ ကျန်းမာ၊ သက်ရှည်တဲ့ဘဝ...”
ကမ္ဘာပေါ်တွင် ထူးထူးခြားခြား အသက်ရှည်သူတွေများလှတဲ့နေရာ
သုံးခုရှိပါတယ်။
ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေများလှတဲ့နေရာသုံးခုမှာ
အီကွေဒေါနိုင်ငံရှိ ဗီလ်ဘမ်ဘာဒေသ၊
ရုရှားပြည် ကော့ကေးဆပ်ဒေသ နှင့်
ပါကစ္စတန်ပြည် ဟန်ဇားဒေသ
တို့ဖြစ်ပါတယ်။
အဲဒီဒေသသုံးခုလုံးပင် တောင်ပေါ်ဒေသများဖြစ်ကြတယ်။
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့်ရပ်တည်နေကြတယ်။
ဒေသခံလူများဟာ
နေ့စဉ်ခရီးဝေးလမ်းလျှောက်ရတဲ့အလုပ်၊
တောင်တက် တောင်ဆင်းအလုပ်များကို
အမြဲလုပ်ကိုင်ကြရတယ်။
သူတို့စားတဲ့အစားအစာများကလည်း
အဆီနည်းတယ်။
အသားဟင်း နည်းတယ်။
ဒီ့ပြင် ဟင်းလျာချက်ပြုတ်စားသောက်တဲ့အခါမှာလည်း
ဟင်းခတ်အမွှေးအကြိုင် စတဲ့
အပိုပစ္စည်းများထည့်လေ့မရှိကြပါ။
အစားအသောက်များ တာရှည်ခံအောင်
ဓာတုဗေဒဆေးများနဲ့ ပြုပြင်သိုမှီးတဲ့အလေ့အထလည်း မရှိပါ။
ဒါကြောင့် အစားအစာများမှာ အဆိပ်အတောက်ကင်းစင်တယ်။
ဒါ့ပြင် သူတို့မှာ
ကလေးဘဝကစပြီး သက်ကြီးရွယ်အိုဘဝအထိ
အအားနေရတယ်မရှိပါ။
ခွန်းအားရှိသရွေ့လုပ်ကိုင်ရတယ်။
ဒါပေမယ့် သူတို့မှာ စက်ရုံအလုပ်ရုံ များ၊ ရုံးများမှာ လုပ်ကိုင်နေသူများလိုတော့
တာဝန်၊ဝတ္တရားနဲ့အလုပ်ချိန်သတ်မှတ်ချက်များရဲ့ဖိစီးမှုမျိုးတော့မရှိပါ။
သူတို့မှာ အားလပ်ရက်ဆိုလို့သီးသန့်မရှိသလို
ပင်စင်မယူချင်ဘဲယူလိုက်ရတာမျိုးလည်းမရှိပါ။
မြို့ပြမှာပင်စင်စားများမှာ အရာမဝင်တော့တဲ့အတွက်သိမ်ငယ်စိတ်ဝင်ပြီး
ကျန်းမာရေးထိခိုက်ကျဆင်းတတ်သော်လည်း
ထိုဒေသတောင်ပေါ်သားများကတော့  အသက်ကြီးတာနဲ့အမျှ
ရပ်ရွာရဲ့လေးစားရိုသေမှုကို ပိုပြီးရရှိလာတဲ့အတွက်
အားတက်ရွှင်လန်းကျန်းမာနိုင်ကြပါတယ်။
ဒီ့ပြင် တောင်ပေါ်ကျေးလက်ဘဝမှာ
စိတ်လှုပ်ရှားမှုနည်းပါးလှတဲ့ဘဝမျိုးဖြစ်တဲ့အတွက်
နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့
အန္တရာယ်ပေးတဲ့ရောဂါဆိုးကြီးများကို
တားဆီးကာကွယ်ပေးထားသလို ဖြစ်နေပါတော့တယ်။
အားလုံးကို ခြုံပြောရရင်တော့
လူဟာ ပစ္စုပ္ပန်ကာလ အရှိပကတိဘဝမှာနေတတ်တာရယ်။
ကျေနပ်တင်းတိမ်စိတ်ရှိတာရယ်ကြောင့်
ကျန်းမာကာနုပျိုလန်းဆန်းနေတာလို့ပြောနိုင်မယ်ထင်ပါတယ်။
Sunday, November 29, 2009
“ကင်ဆာ ရောဂါ - ကာကွယ်ပါ”
ကင်ဆာ ကာကွယ်ရေး နည်းလမ်း (၉)ချက်မှာ………
1. မိမိကိုယ်ခန္ဓာကို ကျန်းမာသော ကိုယ်အလေးချိန်အတွင်း ထိန်းသိမ်းထားပါ။
2. ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်မှန်မှန်လုပ်ပါ။
3. ဆေးလိပ်မသောက်ပါနှင့်။
4. ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်စားသောက်ပါ။
5. အရက်လုံးဝမသောက်ပါနှင့်။
6. ဗီတာမင်အားဆေးကို တစ်နေ့တစ်လုံးမှန်မှန်သောက်ပါ။
7. နေရောင်ခြည်နှင့်ကြာရှည်စွာ တိုက်ရိုက်မထိတွေ့ပါစေနှင့်။
8. လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ မကူးစက်အောင် ကာကွယ်ပါ။
9. ကင်ဆာရောဂါနှင့်ပက်သက်သော ကြိုတင်စစ်ဆေးမှုများ မှန်မှန်ပြုလုပ်ပါ။
အမေရိကန်၊ အမျိုးသားကင်ဆာ ကုသဋ္ဌာန
(National Cancer Institute) မှ ကူးယူဖေါ်ပြပါတယ်။
ကာကွယ်တာဟာ ကုသတာထက် အမြဲတန်း ပိုပြီးကောင်းပါတယ်။
ရောဂါအများစုဟာ ကာကွယ်ရင်ရနိုင်ပါရက်နဲ့
မကာကွယ်လိုက်လို့ဖြစ်သွားကြတာပါ။
ဆေးလိပ်မသောက်ပါနဲ့လို့ပြောတာကို ခဏခဏကြားနေတာပဲ။
ဒါပေမယ့် ဆေးလိပ်ရဲ့အရသာကို နှစ်သက်ပြီးမဖြတ်နိုင်ရင်
အဆုပ်နဲ့ပက်သက်တဲ့ကင်ဆာအပါအဝင် ကင်ဆာအတော်များများကို
ဖိတ်ခေါ်နေသလိုပါပဲ။
ဆေးလိပ်သမားတစ်ဦးက“ ဆေးလိပ်ရဲ့ရသတဏှာကိုတော့
မဖြတ်နိုင်ဘူး။လူတိုင်းကတစ်နေ့တော့
သေကြတာချည်းပါပဲ။”တဲ့။
လူတိုင်းကသေကြတာတူပေမယ့် သေပုံသေနည်းကတော့ မတူပါဘူး။
အဲဒီပြောတဲ့လူက
ဆေးလိပ်ကြောင့် ခြေထောက်နှစ်ဖက်စလုံးကို
ဖြတ်လိုက်ပါတယ်။တစ်ဖက်ကတော့ပေါင်းရင်းကဖြတ်လိုက်ရတယ်။
မကြာခင်မှာပဲ လေဖြတ်တယ်။
အိပ်ယာထဲမှာ (၇- ၈နှစ်) လောက်သူအပါအဝင်
မိသားစုတွေအားလုံးဒုက္ခရောက်ပြီးမှနောက်ဆုံးမှာ
အဆုတ်ကင်ဆာနဲ့ သေသွားရတယ်။
ကဲ….အဲဒီလိုသေနည်းကကောင်းလား?
ကာကွယ်ဖို့အာပေါက်အောင်ပြောလိုက်ရတာပဲအဖတ်တင်တယ်။
သေချိန်မှာ အသက်ကလေးဆယ်ကျော်ပဲရှိသေးတယ်။
ကောင်းအောင်ဘယ်လိုပြောပြော၊တကယ်တန်းတော့ ကိုယ်ဆင်ခြင်မှရတာပါ။
ကိုယ်မဆင်ခြင်ရင် တကယ်တန်းခံစားရမဲ့သူကတော့ ကိုယ်ပါပဲနော်။




