၂၀၁၀ ခုနှစ်ရဲ့ ဇွန်လ ဖြစ်ပါတယ်။
သစ်ရွက်လေးမှာ အစွမ်းကုန် ပွင့်ကားပြီး အစိမ်းရင့်ရောင် ထွက်နေပါတယ်။
လေပြည်တွင် ဖြည်းဖြည်းလှုပ်နေပါတယ်။
နံနက်ခင်းတစ်ခုမှာ
ငှက်ကလေးများ တေးဆိုအပြီးမှာတော့
သစ်ရွက်ကလေးဟာ အနည်းငယ် ငိုက်ကျနေပါတယ်။
ပေါက်ဖတ်တစ်ကောက်ဟာ အဲဒီသစ်ရွက်တွင်
ဟန်ချက်မိအောင် ကြိုးစားကာ ပင့်သက်ရှုရင်း
“ မင်္ဂလာနံနက်ခင်းပါ ”
လို့ သူက နှုတ်ဆက်ပါတယ်။
ရာသီဥတုအကြောင်း စကားအနည်းငယ်ပြောပြီး
သစ်ရွက်ကလေးက
“ ခင်ဗျားဒီကို ဘာကြောင့်လာသလဲ ”
လို့ နောက်ဆုံးမှာမေးပါတယ်။
ပေါက်ဖတ်မှာ ရုတ်တရက်အမေးခံလိုက်ရတဲ့အတွက်
ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားပါတယ်။
နောက်တော့မှ အထစ်ထစ်အငေါ့ငေါ့နဲ့
“ အင်း…ကျနော်လာတာက…
စဉ်းစားနေတာကတော့… ”
လို့ပြောပြီး ပြောတဲ့စကားအဆုံးမသတ်နိုင်ပါ။
“ ကျနော် ခင်ဗျားဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ။
မနက်တိုင်း ခင်ဗျားအတွက် တစ်နေ့တာလိုတဲ့ အစားအစာကို
သစ်ပင်ဆီက ရပါတယ်။
အပြင်ထွက်ပြီး အစာရှာစရာမလိုပါဘူး။
ဒါပေမယ့် ကျနော့်အဖို့တော့ အစာရှာရတာ ဒီလောက်မလွယ်ပါဘူးဗျာ။
အင်း…ဒါကြောင့် ကျနော်ဒီကို ရောက်လာတာပါ ”
လို့ ပေါက်ဖတ်က ပြောပါတယ်။
“ ကောင်းပါပြီ။
ကျနော် တစ်နည်းနည်းနဲ့ ခင်ဗျားကို ကူညီနိုင်ရင်
ကျနော် ဝမ်းမသာဘဲ ရှိပါ့မလား ”
လို့ သစ်ရွက်က ကရုဏာသက်တဲ့လေသံနဲ့ပြောပါတယ်။
“ ဒါပေမယ့် ကျနော်က သစ်ပင်မှာ အသေတွဲနေရတော့
ခင်ဗျားအစာရှာရာမှာ မလိုက်နိုင်ပါဘူး။
အဲဒါက ပြဿနာပါဘဲ ခင်ဗျား ”
သစ်ရွက်လေးရဲ့စကားအဆုံးမှာ ပေါက်ဖတ်ကောင်က
“ ခင်ဗျားရဲ့ အဝတ်အစိမ်းလေးက သိပ်လှတာပဲ သိလား ”
လို့ စကားစပါတယ်။
ချီးကျူးစကားကြားရတဲ့အတွက်
သစ်ရွက်က အလွန်ဝမ်းသာပြီး အလှဝင့်ကာ လှုပ်ရမ်းပြပါတယ်။
အဲဒီနောက်
“ ကျနော် ခင်ဗျားရဲ့ အဝတ်လှကလေး နည်းနည်းလေး ရနိုင်ရင်… ”
ဆိုတဲ့ ပေါက်ဖတ်ရဲ့စကားစလာတာကို
သစ်ရွက်ကြားရပါတယ်။
ပထမမှာတော့ သူကြားရတာမှ မှန်မှ မှန်ရဲ့လားလို့ သစ်ရွက်က မသေချာပါ။
ပေါက်ဖတ်ရဲ့မျက်လုံးကို မြင်ရတဲ့အခါမှာတော့ သူကြားရတာ မှန်ကြောင်းသိသွားပါတယ်။
သူဟာ အသက်ခပ်ပြင်းပြင်းရှုရင်း သူဘာသာ စဉ်းစားပါတယ်။
“ ပေါက်ဖတ်က တော်တော်ဆာပြီး ပင်ပန်းနေရှာတယ်။
ငါ့မှာရှိတဲ့ တစ်ထည်တည်းသော အဝတ်နည်းနည်း ကို သူ့ကိုပေးရမလား ”
ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။
ဒါပေမယ့် သစ်ရွက်က ဒီလို စဉ်းစားပါတယ်။
“ ငါက မပေးနိုင်ဘူးလို့ပြောလိုက်ရင်
ပေါက်ဖတ်က ဆာဆာနဲ့ ငါ့ရဲ့အဝတ်တစ်ချို့ကို စားမှာပဲ။
အဲဒီလို စားရင် ငါက ဘာတားနိုင်မှာလဲ။
ငါက ရပါတယ်လို့ ပြောလိုက်ရင် ပေါက်ဖတ်ကို ကူညီရာရောက်ပြီး
သူက ငါ့ကို ကျေးဇူးတင်တဲ့အတွက် ပျော်ရွှင်ကျေနပ်စရာ ဖြစ်ဦးမယ်၊
အို...ဘာပဲဖြစ်ဖြစ်
လူတွေတောင် သူတို့အဝတ်တွေမှာ အပေါက်နဲ့ နေနိုင်သေးတာပဲ ”
ဒီလိုနဲ့ သစ်ရွက်ဟာ သူ့ရဲ့အဝတ်တစ်ချို့ကို ပေါက်ဖတ်ကို စားခွင့်ပေးလိုက်ပါတယ်။
ပေါက်ဖတ်ဟာ သစ်ရွက်ကို နည်းနည်းသာ စားပြီး
ကျေးဇူးတင်တဲ့အနေနဲ့ သစ်ရွက်နဲ့ စကားပြောဖို့
သစ်ရွက်ပေါ်မှာ ဆက်နေပါတယ်။
တစ်နှစ်တာ ကုန်လွန်သွားတဲ့အခါ အပေါက်ဖြစ်နေတဲ့သစ်ရွက်လေးဟာ
သူရဲ့ အသုံးဝင်မှုနဲ့ ပျော်ရွှင်စရာဘဝကို ပြန်လည် သုံးသပ်ပါတယ်။
အသက်ကြီးရင့်လာတာနဲ့အမျှ သစ်ရွက်လေးဟာ လှလှပပအရောင်ပြောင်းလာပြီး
ကြွေကျကာ ကကွက်တစ်ကွက်ဖြင့် မြေပြင်ပေါ်ကို ကျသွားပါတော့တယ်။
No comments:
Post a Comment