တစ်ခါမှာတော့
မိဖုရားကြီး နန်းမတော်မယ်နုဟာ ဆရာတော် ဦးဗုဓ်အား
အောက်ပါအတိုင်းလာရောက်လျှောက်ထားပါတယ်။
“ တပည့်တော်မဟာ ဒီအုတ်ကျောင်းတော်ကြီးကို
သုံးသိန်းကျော်ကျော် အကုန်အကျခံပြီး
ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် အရှင်ဘုရား၊
ဖလုံခုံရွာမှာလည်း တစ်သိန်းကျော်ကျော် အကုန်အကျခံကာ
ကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသေးတယ်။
ဒီလိုလှူဒါန်းခဲ့ရပေမယ့် ကုသိုလ်ကောင်းမှုမှာ
အားရတင်းတိမ်မှု မဖြစ်နိုင်သေးပါဘူးအရှင်ဘုရား၊
အခါခပ်သိမ် ဆွမ်း၊သင်္ကန်း၊ ထီး၊ ဖိနပ် စတဲ့ မြတ်တဲ့ဝတ္ထုပစ္စည်းတို့ကိုလည်း
ထောက်ပံ့လှူဒါန်းခဲ့ပါတယ် အရှင်ဘုရား၊
ဒီလိုလှူဒါန်းရတဲ့ ကောင်းမှုကုသိုလ်ရဲ့အကျိုးကို
ဟောကြားပေးတော်မူပါ အရှင်ဘုရား ”
လို့လျှောက်ထားပါတယ်။
အဲဒီအခါ ဆရာတော်ဦးဗုဓ်က
ကျောင်းအမကို ရေဖလားဖြင့်ရေအပြည်ခပ်ယူလာဖို့ စေခိုင်းလိုက်ပါတယ်။
ကျောင်းအမကလည်းရေခွက်ကိုယူလာပါတယ်။
အနားရောက်လာတဲ့အခါ
ဆရာတော်က ရေတွေကို အကုန်လုံး သွန်ပစ်ခိုင်းလိုက်ပြန်ပါတယ်။
ပြီးတော့မှ အဲဒီဥပမာအတိုင်း တရားဟောပါတော့တယ်။
“ အခုသွန်ပစ်လိုက်တဲ့ရေနဲ့ လှူလို့ကုန်သွားတဲ့ပစ္စည်း တူပါတယ်။
ဖလားထဲမှာကပ်ကျန်ခဲ့တဲ့ရေနဲ့ ရတဲ့ကောင်းကျိုးနဲ့တူပါတယ်။
အကျိုးမျှော်ပြီးလှူတဲ့အလှူ နဲ့ ထင်ပေါ်ကြော်ကြားချင်တဲ့အလှူတို့ရဲ့
ကောင်းကျိုးတွေကတော့ အဲဒီသဘောအတိုင်းပါပဲ ”
လို့ ဟောကြားလိုက်ပါတယ်။
အလှူမှာ နှစ်မျိုးရှိတယ်။
တစ်မျိုးက ပါရမီထိုက်တဲ့ဒါနဖြစ်တယ်။
နောက်တစ်မျိုးက ပါရမီမထိုက်တဲ့ဒါန ဖြစ်တယ်။
ပါရမီထိုက်တဲ့ဒါနကတော့
လောကအကျိုး၊
အလှူခံရဲ့ကောင်းစားဖို့ကို အဓိကထားပြီး
လှူဒါန်းတဲ့ဒါနမျိုးဖြစ်တယ်။
ပါရမီထိုက်တဲ့ဒါနဟာ
လူချမ်းသာ၊နတ်ချမ်းသာကို ပေးတဲ့အပြင် ကိလေသာကုန်ရာ
နိဗ္ဗာန်ချမ်းသာကိုပေးတဲ့အတွက်ကြောင့်
ထိုက်တန်တဲ့ကောင်းကျိုးကို ရတဲ့ဒါနလို့ခေါ်သင့်တယ်။
ပါရမီမထိုက်တဲ့ဒါနကတော့ ငါကောင်းစားဖို့အဓိကထားပြီး
လှူဒါန်းတဲ့ဒါနမျိုးဖြစ်တယ်။
ပါရမီမထိုက်တဲ့ဒါနဟာ
လူချမ်းသာ၊ နတ်ချမ်းသာလောက်ကိုသာပေးပြီး
နိဗ္ဗာန်ချမ်သာကို မပေးနိုင်တဲ့အတွက်ကြောင့်
ကောင်းကျိုးအရနည်းတဲ့ဒါနလို့ဆိုသင့်တယ်။
မိဖုရားကြီးဟာ
“ ငါကောင်းစားဖို့၊ ငါထင်ရှားဖို့”
ဆိုတဲ့စိတ်နဲ့ လှူဒါန်းခဲ့တာဖြစ်လို့
ဆရာတော်က အကျိုးအရနည်းတာကို ရေဥပမာနဲ့ခိုင်းနှိုင်းပြီး
နာလည်အောင်ဟောကြားလိုက်ခြင်းဖြစ်ပါတယ်။
No comments:
Post a Comment