တစ်ခါတုန်းက တောထဲမှာ
ယုန်တစ်ကောင်
ခုန်ပေါက် ပြေးလွှားလာတယ်။
ရုတ်တရက်
တွင်းနက်တစ်ခုထဲ မြေခွေးတစ်ကောင်
ထိုင်နေတာကို တွေ့လိုက်ရတယ်။
မတော်တဆ ကျသွားဟန်ရှိတယ်။
ပြန်မတက်နိုင်တဲ့ မြေခွေးကို ကလိ ဖို့
ယုန်ကဆုံးဖြတ်လိုက်တယ်။
မြေခွေးအပေါ် နာကျည်းချက်တွေ
အများကြီးရှိခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်။
“ ဟေ့… မြေခွေးစုတ်၊
အခုမင်းဘက်ကို
သားရဲတိရ စ္ဆာန်တွေ အများကြီးလာနေကြတယ်။
အဲ…မင်းထိုင်နေတဲ့ တွင်းထဲကို
သူတို့ အီအီးပါချပြီးတွင်းကို မြေဖို့လိုက်ကြလိမ့်မယ် သိလား ”
ဒီလိုပြောပြီး ကျေနပ်စွာနဲ့ ပြန်ပြေးတယ်။
ပြေးနေရင်းက မြေခွေးကို ပြောခဲ့တာ
နည်းသေးတယ်လို့ အတွေးပေါက်လာတယ်။
ဒါနဲ့
မြေခွေးရှိရာဘက်ကို ပြန်ပြေးတယ်။
ရောက်တဲ့အခါ တွင်းထဲ ငုံ့ကြည့်ပြီး ပြောတယ်။
“ မြေခွေးစုတ်၊
ပြီးတော့ အမဲလိုက်မုဆိုးတွေလည်း လာနေကြတယ်ကွ၊
မင်းကို သူတို့ ပစ်သတ်လိမ့်မယ်။
အပိုင်းပိုင်းခုတ်ထစ်ပြီး
မင်းရဲ့ အသားတုံးတွေကို
တောတစ်တောလုံး နှံ့အောင်
လျှောက်ပစ်လိမ့်မယ် သိလား။ ဟား ဟား ဟား ”
ယုန်ဟာ အကျေနပ်ကြီး ကျေနပ်သွားတယ်။
ဒါနဲ့ပြန်လှည့်ပြေးတယ်။
ပြေးနေရင်းက ဒီထက် ပိုပြောသင့်သေးတယ်လို့
သဘောရလာပြန်တယ်။
အဲဒါကြောင့်
မြေခွေးရှိရာဘက် ပြန်ပြေးလာပြန်တယ်။
တွင်းအနားကို ရောက်လာတယ်။
မြေခွေးကိုအယုတ်တမာ
စကားပြောဖို့တွင်းကို ငုံ့ကြည့်တယ်။
မမျှော်လင့်ဘဲ ခြေချော်ပြီး
တွင်းထဲကို ပြုတ်ကျသွားတယ်။
ယုန်ဟာ
မျက်လုံးပေကလပ်၊ ပေကလပ်နဲ့
မြေခွေးကိုကြည့်ပြီး ပြောလိုက်တာက…
“ ကိုကိုမြေခွေး၊ ယုံချင်ယုံ၊ မယုံချင်နေ၊
အခုကျနော်လာတာ
ကိုကို မြေခွေးကို တောင်းပန်ဖို့ခင်ဗျ။
ကိုကို မြေခွေးလို
ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ် ကို ဒီလို နစ်နာစေတဲ့စကားကို
မပြောသင့်ဘူးလို့ ထင်ပြီးလာတောင်းပန်တာပါ၊
ကျေနပ်ပါနော်၊…နော်….နော်….”
No comments:
Post a Comment