တစ်ခါတုန်းက အာဏာပိုင်တို့ဟာ
သူတို့တိုင်းပြည်မှာ ဘောလုံးကစားနည်း
ကို စပြီးသင်ဖို့ ဆုံးဖြတ်ကြပါတယ်။
ကစားနည်း ဥပဒေ၊
စည်းမျဉ်းစာအုပ်တွေကို
အကြီးအကျယ်အကုန်အကျခံပြီးဝယ်ပါတယ်။
အဲဒီစာအုပ်ထဲကအတိုင်း အတိအကျ လိုက်နာပြီး
ဆရာတွေက သင်ကြားပို့ချဖို့ညွှန်ကြားပါတယ်။
ဆရာတွေကလည်း အထက်ကညွှန်ကြားတဲ့အတိုင်း
အတိအကျ သင်ရပါတယ်။
သင်ကြားလိုတဲ့ ကျောင်းသား တွေကလည်း
ကစားနည်း စည်းကမ်းတွေကို
အလွတ်ကျက်မှတ်ကြပါတယ်။
ဆရာတွေက ကျောက်သင်ပုန်းပေါ်မှာ
ပုံတွေ ရေးဆွဲပြပြီး အသေအချာပို့ချပါတယ်။
တစ်လတစ်ကြိမ်လောက်လည်း ရေးဖြေစာမေးပွဲ ကျင်းပပေးပါတယ်။
သေသေချာချာ နားမလည်ကြတော့ အားလုံးနီးပါးကျပါတယ်။
သင်ကြားသူအားလုံးလည်း စိတ်ဓါတ်ကျကြပါတယ်။
ဘာကြောင့်ဆိုတော့
အချိန်ကုန်ပြီး တိုးတက်လာတယ်လို့
မခံစားရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
တစ်နေ့တော့ နိုင်ငံခြားမှ လူငယ်တစ်ဦးရောက်လာပါတယ်။
သင်ကြားသူလူငယ်တွေအတွက်
အကျိုးမထင်တဲ့ ကြိုးစားအားထုတ်မှုကို
တွေ့မြင်သွားပါတယ်။
“အမလေး၊
ဘောလုံးကစားနည်းကို စာအုပ်နဲ့ သင်နေလို့ကတော့
တစ်သက်လုံးလည်း ကစားတတ်မှာ မဟုတ်ဘူး။
ဘောလုံးကစားတတ်အောင် လက်တွေ့ကစားဖို့လိုပါတယ် ”
လို့ တအံ့တသြပြောပါတယ်။
အဲဒီလူငယ်လေးဟာ ဘောလုံးတစ်လုံးကို ဝယ်ပါတယ်။
ပြီးတော့ သင်ကြားသူလူငယ်တွေကို
ကွင်းပြင်တစ်ခုကို ခေါ်သွားပါတယ်။
လက်တွေ့ကစားရင်း သင်လိုက်ရာ
တစ်ပတ်အတွင်းမှာပင်
စာအုပ်နဲ့ ကျောင်းခန်းအတွင်း တစ်နှစ် သင်ယူခဲ့တာထက်
ပိုပြီးတတ်မြောက်သွားပါတော့တယ်။
No comments:
Post a Comment