Friday, June 8, 2012

"တန်ဖိုးရှိတဲ့အချိန်ရဲ့ တစ်ဖက်မှာ..."






အိပ်ရာဝင် နောက်ကျမှုက များများ
စာဖတ်မှုက ပါးပါး
တီဗီကြည့်ချိန်က များများ
ဘာသာရေးအတွက် အချိန်ပေးမှုက ရှားရှား
ပိုင်ဆိုင်မှုဓနအင်အားတွေကိုတော့ ဆပွားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် တို့တွေရဲ့ တန်ဖိုးကတော့ ထိုးကျဆင်းခဲ့ပါတယ်။

++++++++++++++++++++++++++++

စကားတွေ ပိုများလာသလောက်
မေတ္တာတရားတွေက ပိုရှားရှားလာတယ်။

++++++++++++++++++++++++++++

ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့ လေ့လာကြပါရဲ့
လက်တွေ့ကျကျတော့ နေမကြည့်တတ်ကြဘူး။

++++++++++++++++++++++++++++

သက်တမ်းရှည်အောင် ကြိုးစားကြတယ်။
ဒါပေမယ့် ရှည်တဲ့အခိုက် တန်ဖိုးရှိရှိတော့ မနေတတ်ကြပါဘူး။

++++++++++++++++++++++++++++

ပိုမိုရှည်လျားမြင့်မားတဲ့ အဆောက်အဦးကြီးတွေကို
ပိုမိုတည်ဆောက်လာ နိုင်သလောက်
စိတ်တွေကတော့ ပိုမိုနိမ့်ကျလာတယ်။
အဝေးပြေးလမ်းမကြီးတွေ ပိုပိုကျယ်ပြန့်လာသလောက်
အတွေးအမြင်တွေကလည်း ပိုပိုကျဉ်းမြောင်းလာတယ်။

++++++++++++++++++++++++++++

သုံးစွဲတာတွေ များပေမယ့်
ရလာတာတွေက နည်းနည်းလာတယ်။
ဝယ်နိုင်အား ပိုပိုများလာပေမယ့်လည်း
နှစ်သက်အလိုကျမှုကတော့ နည်းနည်းလာတယ်။
လကမ္ဘာကို ခေါက်တုန့်ခေါက်ပြန်သွားလာနိုင်ပေမယ့်
လမ်းတစ်ဖက်က အိမ်နီးချင်းဆီ အလည်အပတ်တစ်ခေါက်သွားဖို့ကျတော့
ပြဿနာတစ်ခုလို ဖြစ်နေပြန်တယ်။

++++++++++++++++++++++++++++

တို့တွေက ပြင်ပကမ္ဘာလောကကြီးကိုတော့ အောင်နိုင်ပါရဲ့
ကိုယ့်ရင်တွင်းလကမ္ဘာငယ်လေးကိုတော့ မအောင်နိုင်ကြပါဘူး။

++++++++++++++++++++++++++++

အနုမြူမှုန်ကို ခွဲခြားစိတ်ဖြာနိုင်ပေမယ့်
ကြောင်းကျိုးမဲ့ ထင်မြင်ယူဆတတ်တဲ့ အစွဲမှားကိုတော့
မခွဲခြား မစိတ်ဖြာတတ်သေးဘူး။

++++++++++++++++++++++++++++

သိမ်းလိုတာတွေ သိမ်းထားနိုင်ပေမယ့်
ကူးချင်တာတွေ ကူးယူနိုင်ဖို့
မြန်မြန်နဲ့များများ ကွန်ပျူတာတွေကို ပိုမိုထုတ်လုပ်လာနိုင်တယ်။
တစ်ဖက်မှာတော့ အချင်းချင်းတွေကြား
နွေးထွေးစွာ ဆွေးနွေးပြောဆိုမှုက ရှားရှားလာတယ်။
အရည်အတွက်တွေ တိုးတိုးလာသလောက်
အရည်အချင်းဖက်က ဆိုးဆိုးလာတယ်။

++++++++++++++++++++++++++++

လွယ်ကူမြန်ဆန်ပေမယ့်
ကြေညက်အားနှေး အစားတွေပေါများတဲ့ခေတ်၊
အရပ်တွေပိုမြင့်လာတဲ့ လူသားတွေနဲ့
ကိုယ်ကျင့်တရားတွေ ပိုမိုနိမ့်လာတဲ့ခေတ်၊
ဖျော်ဖြေမှုတွေ ပိုတိုးပွားလာပေမယ့်
ပျော်ရွှင်မှုတွေ နည်းပါးလာတဲ့ခေတ်၊
အစားအမျိုးအစားတွေ တိုးပွားလာပေမယ့်
ကျန်းမာပြီးခွန်အားဖြစ်ဖွယ်ဓာတ်တွေ နည်းပါးလာတဲ့ခေတ်၊
လင်ကိုမယားနှစ်ယောက်ဝင်ငွေအားရှိပေမယ့်
ကွာရှင်းလမ်းခွဲပြတ်စဲမှုတွေ များများလာတဲ့ခေတ်။


++++++++++++++++++++++++++++

ဒါကြောင့်
လေးလေးစားစား အကြံပြုစကားပါးပါရစေ၊
အထူးအချိန်အခါအတွက်ဆိုပြီး
ဘယ်အရာကိုမှ သိမ်းဆည်းမထားပါနဲ့။
နေထိုင်နေတဲ့နေ့ရက်တိုင်းဟာ သင့်အတွက် အထူးအချိန်အခါပါ။

++++++++++++++++++++++++++++

အသိဥာဏ် ရင့်သန်ဖို့ ကြိုးစားပါ။
ဖတ်ရှုလေ့လာစရာကို ဖတ်ရှုလေ့လာပါ။
အိမ်ရှေ့မှာထိုင်ပြီး မြင်ရတဲ့မြင်ကွင်းအလှကို ကျကျနန ခံစားကြည့်လိုက်ပါ။
လိုအပ်ချက်တစ်ခုခုကို ဦးနှောက်ထဲကနေ ခဏထုတ်ထားပြီးတော့ပေါ့။

++++++++++++++++++++++++++++

မိသားစုဝင်တွေ
မိတ်ဆွေသူငယ်ချင်းတွေနဲ့
သင့်အချိန်တွေကို ပိုပြီးကုန်လွန်ကြည့်စမ်းပါ။
သင်သဘောကျတဲ့အစားအစာကို စားပါ။
သင်သဘောကျတဲ့နေရာကို သွားပါ။
ဘဝဆိုတာ ပျော်ရွှင်ကျေနပ်မှု အဆက်ဆက်နဲ့တည်ဆောက်ထားတာပါ။
အသက်ရှည်ရှည် နေရရုံနဲ့မလုံလောက်ပါဘူး။

++++++++++++++++++++++++++++

လှပတဲ့ဖန်ခွက်တွေကို သုံးပါ။
(မှန်ဘီရိုထဲမှာသာ ထည့်မထားပါနဲ့)
လိုမယ်ထင်ရင် သင်ပိုင်ဆိုင်တဲ့ အကောင်းဆုံးရေမွှေးကို ဖျန်းဆွတ်လိုက်ပါ။
အသုံးအဆောင်ပစ္စည်းဆိုတာ
ထာဝရ သိမ်းဆည်းထားရမယ့် အရာမျိုးမဟုတ်ဘူးလေ။

++++++++++++++++++++++++++++

ဟိုတုန်းကပေါ့၊
တစ်နေ့နေ့တချိန်ချိန်မှာပေါ့ ဆိုတဲ့
အဘိဓမ္မာမျိုး သင့်ဘဝထဲကနေ ဖယ်ထုတ်လိုက်စမ်းပါ။
မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း ချစ်ကြောင်းသက်သေပြစမ်းပါ။
ရယ်ရွှင်မှုတို့၊ ပျော်ရွှင်မှုကို သင့်ဘဝထဲထည့်ဖို့
ဘယ်တော့မှ နှောင့်နှေးမနေစမ်းပါနဲ့။

++++++++++++++++++++++++++++

နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းဟာ
သင့်ဘဝအတွက် တန်ဖိုးရှိတဲ့အချိန်ချည်းပါပဲ။
ဒါပေမယ့်…
တစ်ဖက်မှာ
ဒီအချိန်တွေ ဘယ်လောက်ကြာရှည်ခံမယ်ဆိုတာ
သင်သိနိုင်လို့လား။

++++++++++++++++++++++++++++
ကျမ်းကိုး…
Paradoxes of Our times.






                                                                                                        

Thursday, June 7, 2012

"ကောင်းတာကို အတူတူလုပ်ပါ..."





စိတ်ချမ်းသာအောင် လုပ်နည်း အကျဉ်းချုပ်…မှအဆက်…

၂၅။     ကိုယ် ဝါသနာပါတာ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတာ
ပညာလည်း ရတာကို လုပ်ဖို့ အမြဲ စီစဉ်ပါ။
ရေရှည် ရည်မှန်းချက်ကို သေသေချာချာ ရွေးပါ။
ရည်မှန်းချက်တစ်ခုကို ရောက်ဖို့ နေ့စဉ် လုပ်နေတဲ့သူဟာ စိတ်စုစည်းမှု ရှိတယ်။
အဲဒါကိုက စိတ်ချမ်းသာဖို့ အကြောင်းတစ်ခု ဖြစ်တယ်။
ဘာလုပ်ရမှန်းမသိပဲ ကြုံရာကို လုပ်နေတဲ့သူဟာ စိတ်ချမ်းသာမှု အပြည့် မရနိုင်ဘူး။

***...***...***...***...***...

တကယ် စိတ်ချမ်းသာတဲ့သူ၊ ကိုယ့်ဘဝကို ကိုယ် စိတ်ကျေနပ်မှုရတဲ့သူဟာ ရည်မှန်းချက် ပီပြင်တဲ့သူ
ရည်မှန်းချက်ကိုရောက်အောင် နေ့တိုင်း လုပ်နေတဲ့သူပဲ။
ကိုယ့်ရည်မှန်းချက်ကို အဆင့်ဆင့် ပိုင်းထားပြီး တော့ မကြာမကြာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို
တိုင်းတာ စစ်ဆေးဖို့လိုတယ်။ တစ်ဆင့်ပြီးတိုင်း စိတ်ပိုချမ်းသာလာမယ်။

+++++++++++++++++++++++++++

၂၆။     ကိုယ့်အားကိုယ်ကိုးပါ။
ကိုယ် ဘာလုပ်မယ်ဆိုတာကို ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ။
တတ်နိုင်သလောက် ကိုယ့်ဟာကိုယ် လုပ်တတ်အောင် လေ့လာပါ။
သူများကို အားကိုးရတာ ကြာလေနည်းလေ ဖြစ်အောင် လုပ်ပါ။
ကိုယ့်ဘဝမှာ ကောင်းတာတွေဖြစ်လာအောင် ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့သူဟာ ပိုပြီး
စိတ်ချမ်းသာတယ်။

+++++++++++++++++++++++++++


၂၇။     အရည်အချင်းရှိတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
မသိဘူး၊ မတတ်ဘူးလို့ပြောရတာ စိတ်မချမ်းသာစရာ ကောင်းပါတယ်။
စိတ်ရဲ့သဘာဝကိုက သိချင်တဲ့သဘာဝ ရှိတယ်။
ကလေးတွေကို ကြည့်ပါ။ လေ့လာပါ။
သူတို့ဟာ အမြဲတန်း စူးစမ်းနေတယ်။
သူတို့ တစ်ခုခုသိရရင် သိပ်ပျော်တယ်။
သိပ်ပြောချင်တယ်။
လူရဲ့ဦးနှောက်ဟာ သိဖို့ဖြစ်လာတာ။
မသိရရင် ဦးနှောက်ဟာ ထိုင်းမှိုင်းသွားတယ်။
မသိသေးတာတစ်ခုကို သိလိုက်တိုင်း ဦးနှောက်နဲ့စိတ်ဟာ အသက်ဝင်လာတယ်။
ဒါကြောင့် သိချင်စိတ် အားကြီးတဲ့သူ၊ သိရအောင် လေ့လာနေတဲ့သူ၊ စမ်းသပ်နေတဲ့သူ၊
တစ်နေ့ထက်တစ်နေ့ အသိအမြင် တိုးတက်နေတဲ့သူဟာ အသက်ဝင်နေတယ်။
သိရတာ ပျော်စရာ သိပ်ကောင်းပါတယ်။
ကြောင်လေးတွေကို ကြည့်ပါ။
နေရာအနှံ့သူတို့စူးစမ်းတယ်။
သူတို့မှာ သိချင်စိတ် သိပ်အားကြီးတယ်။

+++++++++++++++++++++++++++

၂၈။     အရက်စွဲတာ မူးယစ်ဆေးစွဲတာမျိုး မဖြစ်အောင် စကတည်းက အဲဒါမျိုးကို မလုပ်ပါနဲ့။
အဲဒီလို တစ်ခုခုကို စွဲမိရင် စိတ်ချမ်းသာမှုမရနိုင်တော့ဘူး။
မကောင်းတဲ့အကျင့်ဆိုးတွေကို မဖြစ်အောင် ရှောင်ပါ။
အကျင့်ဆိုးမှန်သမျှဟာ လွတ်လပ်မှုကို ဖျက်ဆီးတယ်။ ဂုဏ်သိက္ခာကို ကျစေတယ်။
လူလူချင်း ရင်းနှီးမှုကိုလည်း ပျက်စေတယ်။
အကျင့်မကောင်းသူချင်း ပေါင်းလို့ရပေမယ့် အဲဒီလို ပေါင်းတာက စိတ်ချမ်းသာမှု မရနိုင်ဘူး။
ကောင်းတာကို အတူတူလုပ်ရတာ သိပ်ပျော်စရာ ကောင်းပါတယ်။
မကောင်းတာကို အတူတူလုပ်ရတာက စစ်မှန်တဲ့ပျော်ရွှင်မှု မရနိုင်ဘူး။
မကောင်းတာကို လုပ်တဲ့သူတွေဟာ တစ်ယောက်ကို တစ်ယောက် စိတ်ချလက်ချ မယုံကြဘူး။
လူလူချင်း မယုံကြည်မှုဟာ စိတ်ကို ပင်ပန်းစေတယ်။

***...***...***...***...***...

ကောင်းတာကို အတူတူလုပ်ကြတဲ့သူချင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြတယ်။
တစ်ယောက်ကိုတစ်ယောက် ယုံယုံကြည်ကြည် ဆက်ဆံရတာ စိတ်ချမ်းသာတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် ကောင်းတာကို အတူတူလုပ်ပါ။

+++++++++++++++++++++++++++

၂၉။    မကောင်းတဲ့ အသက်မွေးဝမ်းကျောင်း မဖြစ်အောင် အသက်မွေးဝမ်းကျောင်းမှုကို
သေသေချာချာ စဉ်းစားပြီး ရွေးပါ။
မှားနေရင် ရပ်ပါ။
အလုပ်ဟာ ဘဝမှာ အင်မတန် အရေးပါပါတယ်။
ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို အလုပ်လုပ်ရပါတယ်။
တစ်နေ့တာရဲ့အကောင်းဆုံးအချိန်ကို အလုပ်မှာ သုံးရတယ်။
ဒါကြောင့် အလုပ်မှာ စိတ်ချမ်းသာမှုရဖို့ သိပ်အရေးကြီးတယ်။
အလုပ်မှာ စိတ်ဆင်းရဲရင် စိတ်ချမ်းသာပါတယ်လို့ ပြောဖို့ မလွယ်ဘူး။
အလုပ်မှာ စိတ်ဆင်းရဲရင် အိမ်မှာပါ ထိခိုက်တယ်။

+++++++++++++++++++++++++++

၃၀။     ခိုးတတ်တဲ့အကျင့်၊ လိမ်တတ်တဲ့အကျင့် မဖြစ်အောင် စကတည်းက
ဘယ်တော့မှ မလုပ်ပါနဲ့။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၂၆)…



Saturday, June 2, 2012

"ပီတိ တစ်သန်းဖိုးလောက် ရောင်းပေးပါ...”




တစ်ခါတုန်းက အဖွားနဲ့မြေးမလေးတို့ဟာ ဘုရားကျောင်းကို သွားကြတယ်။
ဘုရားကျောင်းက အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်မှာ ဘုရားကျောင်း ရန်ပုံငွေအတွက်
ပို့စကဒ်တွေကို တစ်ဒေါ်လာနဲ့ရောင်းပါတယ်။
အဖွားဖြစ်သူက ပို့စကဒ် ဆယ်ခု ဝယ်လိုက်ပါတယ်။
ဒီတော့ အတူပါလာတဲ့မြေးမလေးက
“အဖွားကလည်း ဒီပို့စကဒ်တွေ အပြင်ဈေးဆိုင်မှာ 
တစ်ဒေါ်လာဆိုရင် နှစ်ခုတောင်မှ ရတာ၊ 
အပြင်မှာ ဝယ်ပါလား”လို့ ပြောလိုက်ပါတယ်။
ဒီတော့ အဖွားက 
“ မြေးလေးရယ်၊ အဖွားက ပို့စကဒ်ကို ဝယ်တာမဟုတ်ပါဘူး။ 
ဘုရားကျောင်းက လုပ်နေတဲ့လုပ်ငန်းတွေကို အားပေးကူညီရင်း
 အဖွားက ပီတိတွေကို ဝယ်နေတာပါ”လို့ ပြန်ပြောလိုက်ပါတယ်။
ဒီတော့ မြေးမလေးက 
“အဖွားပြောတာကို သမီးနားမလည်ဘူး။
 ရှင်းပြပါဦးအဖွား”လို့ပြောလိုက်တယ်။
အဖွားက 
“ အခု မြေးလေးမြင်ရတဲ့ဘုရားကျောင်းက အဆောက်အဦးတွေ၊ ဘုရားကျောင်းက ပြုလုပ်နေတဲ့အခမ်းအနားတွေ၊ 
ဘုရားကျောင်းမှာ နေ့စဉ်သုံးစွဲနေတဲ့ ရေ၊မီး စတဲ့ ကုန်ကျစရိတ်တွေ၊
ဒါတွေကို စေတနာရှင်တွေက ထောက်ပံ့နေကြတာ၊
 ထောက်ပံ့သူတွေ မရှိရင် ဘယ်လိုလုပ် ဘုရားကျောင်း ဆက်ပြီး ရပ်တည်နိုင်ပါ့မလဲ။
 ဒီတော့ ဘုရားကျောင်း တာဝန်ရှိသူတွေအနေနဲ့ အလှူရှင်တွေကို တိုက်တွန်းရတယ်။
 ဟောပြော စည်းရုံးရတယ်။ ရန်ပုံငွေတွေကိုလည်း စုဆောင်းရတယ်။
အဲ…အမှတ်တရပစ္စည်းရောင်းတာလည်း ရန်ပုံငွေ ရှာနည်း တစ်နည်းပေါ့။
 ဈေးရောင်းပွဲတော်လုပ်တာလည်း ရန်ပုံငွေ ရှာနည်းတစ်မျိုးပါပဲ။ 
ခုလို အဖွားက ဝယ်ယူ အားပေးလိုက်တော့ သူတို့ ရန်ပုံငွေ စုဆောင်းရာမှာ
အဖွားက ပါဝင်ပြီးသား ဖြစ်သွားတာပေါ့။ ”
လို့ပြောရင်း အဖွားက ခဏနားလိုက်ပါတယ်။
ပြီတော့မှ ဆက်ပြောပါတယ်။
“ဒီတော့ ရန်ပုံငွေ စုဆောင်းသူတွေလည်း သူတို့ဆန္ဒပြည့်မှီတဲ့အတွက် ကျေနပ်ကြမယ်။
အဖွားလည်း သူတို့ကြည်နူးကြတာကို တွေးပြီး ထပ်တူကြည်နူးရတယ်။
 ဒီလိုပါပဲ ကိုယ်က ကုသိုလ်ပြုလိုက်ရတဲ့အတွက် ပီတိဖြစ်ရတယ်။ 
အဖွားအလှူငွေက ဘုရားကျောင်းရဲ့လုပ်ငန်းစဉ်များမှာ
သုံးစွဲတယ်ဆိုတာ အဖွားသိနေတာပဲ မြေးလေးရဲ့။ 
ဒီပီတိမျိုးကို သမီးပြောတဲ့အပြင်ဆိုင်တွေမှာ ဝယ်လို့ မရနိုင်ပါဘူး”လို့ပြောရင်း စကားကို အဆုံးသတ်လိုက်တယ်။
ဒီတော့ မြေးမလေးက သူ့ပိုက်ဆံအိတ်လေးကို ဖွင့်၊ ငါးဒေါ်လာတန်တစ်ရွက်ကိုယူပြီး အမှတ်တရပစ္စည်းရောင်းနေတဲ့သူကို ကမ်းပြောရင်း ပြောလိုက်တာက…
“ အန်တီ၊ သမီးအတွက်လည်း ပီတိ တစ်သန်းဖိုးလောက် ရောင်းပေးပါ”

 

Friday, June 1, 2012

"အရာရာထက် ပိုကောင်းပါတယ်..."





စိတ်ချမ်းသာအောင် လုပ်နည်းအကျဉ်းချုပ်…မှအဆက်…


၁၅။     စိတ်ချမ်းသာမှုဟာ အရာရာတိုင်းထက် ပိုကောင်းပါတယ်။
ရာထူးထက် ပိုကောင်းတယ်။
အာဏာထက် ပိုကောင်းတယ်။
ရွှေငွေရတနာတွေထက် ပိုကောင်းတယ်။
ကျော်ကြားမှုထက် ပိုကောင်းတယ်။
တခြား ဘာတွေရှိရှိ စိတ်ချမ်းသာမှုမှ မရှိရင် ရှိတာတွေဟာ အဓိပ္ပာယ်မရှိတော့ဘူး။
တစ်ခုပဲ သတိထားရမှာက ကိုယ် စိတ်ချမ်းသာဖို့ သူများကို စိတ်မဆင်းရဲစေရဘူး။
+++++++++++++++++++++++++++



၁၆။     ကိုယ့်မိသားစုနဲ့ ကိုယ့်မိတ်ဆွေတွေဟာ
ကိုယ့်အတွက် စိတ်ချမ်းသာစရာအကောင်းဆုံးပဲ။
ဒါကြောင့် မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးပါ။
+++++++++++++++++++++++++++



၁၇။     အသိအမြင် မှန်အောင်၊ သဘာဝကျအောင်၊ စိတ်ချမ်းသာအောင်
ဆွေးနွေးပေးရင် စိတ်ပိုချမ်းသာလာတယ်။
အဲဒါကို Well-being therapy လို့ခေါ်တယ်။
ဒါလုပ်ဖို့လိုတယ်။
တစ်ခါတစ်လေ နေကောင်းပါတယ်။ ဘာရောဂါမှ မရှိဘူး။
ဒါပေမယ့် နည်းနည်း အားနည်းနေတယ်။ နုံးနေတယ်။
အဲဒီအခါမှာ အားဆေးစားရတယ်။
အဲဒီလိုပဲ ဘာမှ ကြီးမားတဲ့ပြဿနာ မရှိဘူး။
ဒါပေမယ့် နည်းနည်း စိတ်မှာ အားနည်းနေတယ်။
စိတ်ဆင်းရဲတာလည်း မဟုတ်ဘူး။ အဲဒီအခါမှာ Well-being therapy လုပ်ဖို့လိုတယ်။
စိတ်ချမ်းသာအောင် ဘယ်လိုမြင်သင့်တယ်။
ဘယ်လို သဘောထားသင့်တယ် ဆိုတာ ပညာသင်သလို သင်ယူ သင့်တယ်။
ငယ်ငယ်ကတည်းက သင်ထားရင် ပိုကောင်းတယ်။
စိတ်ချမ်းသာအောင် နေနည်းကို ရသလောက် လေ့လာပါ။
စိတ်ချမ်းသာမှုနဲ့ပတ်သက်တဲ့စာအုပ်တွေကို ရသလောက် ရှာဖွေစုဆောင်းပါ။
အမြဲ ဖတ်ပါ။
+++++++++++++++++++++++++

၁၈။     ကျေးဇူးတင်တတ်တဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
ကိုယ့်မှာ ရှိနေတာတွေကို တွေးပြီး ဝမ်းသာတတ်တဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
ကိုယ့်မှာ ဘာတွေရှိသလဲ ဆိုတာ သေသေချာချာ စဉ်းစားပါ။ မကြာမကြာ စဉ်းစားပါ။
ကိုယ့်မှာ မရှိတာ သူများမှာ ရှိတာကို သိပ်မတွေးပါနဲ့။
+++++++++++++++++++++++++++




၁၉။     ကိုယ် လုပ်ချင်တဲ့ ကောင်းတဲ့အလုပ်တွေကို တွေးပါ။
စေတနာကောင်းကောင်းနဲ့ အကူအညီပေးဖို့ စဉ်းစားပါ။
ကိုယ်ချင်းစာပြီးပြောမယ်လို့ တွေးပါ။
ဒုက္ခနဲ့တွေ့ခဲ့တာကို ပြန်တွေးပြီး အဲဒီအတွေ့အကြုံကြောင့် ဘယ်လို အသိဥာဏ် တိုးလာတယ်။
စိတ်ထားမြင့်လာတယ်။ စိတ်ထားတတ်လာတယ် ဆိုတာကို ပြောပါ။
အဆင်ပြေခဲ့တာတွေကို ပြန်တွေးပြီး ဘာကြောင့် အဆင်ပြေခဲ့တယ်ဆိုတာ ပြောပါ။
နောင်လည်း ပိုပြီးအဆင်ပြေအောင် ဘယ်လိုလုပ်မယ်ဆိုတာကို စိတ်ကူးထားပါ။
++++++++++++++++++++++++++++

၂၀။     ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
+++++++++++++++++++++++++++


၂၁။     ကောင်းတာတွေ ဖြစ်မယ်လို့မျှော်လင့်ပါ။
အဆိုးတွေ ဖြစ်မယ်လို့ မျှော်လင့်နေရင် ဘယ်မှာ စိတ်ချမ်းသာနိုင်မလဲ။
ကောင်းတာကို လုပ်လည်း လုပ်မယ်။
 ကောင်းတာ ဖြစ်မယ်လို့လည်း မျှော်လင့်တယ်ဆိုရင် စိတ်ချမ်းသာမယ်။
++++++++++++++++++++++++++++

၂၂။     လူမှုရေး အကူအညီပေးတဲ့အလုပ်ကို တတ်နိုင်သလောက်လုပ်ပါ။
စိတ်ချမ်းသာတဲ့သူ တော်တော်များများဟာ လူမှုရေးကူညီတာကို စိတ်ပါတယ်။
လုပ်တယ်လို့ သုတေသနပြုချက်တွေမှာ တွေ့ရတယ်။
စိတ်ချမ်းသာလို့ လူမှုရေးကူညီတာကိုလုပ်တာ ဖြစ်နိုင်တယ်။
ကူညီတတ်လို့ စိတ်ချမ်းသာတာလည်း ဖြစ်နိုင်တယ်။
ဘာဘဲဖြစ်ဖြစ် ကောင်းတာလုပ်ရင်၊ စေတနာမှန်ရင် စိတ်ချမ်းသာမယ်။
ကိုယ့်ကြောင့် သူတစ်ပါးမှာ အဆင်ပြေသွားတာဟာ ဝမ်းသာစရာ ကောင်းပါတယ်။
++++++++++++++++++++++++


၂၃။     ကိုယ့်ကိုယ်ကို ကိုယ် သူများနဲ့နှိုင်းပြီး စိတ်ပျက်တဲ့အတွေးမျိုးကို မတွေးပါနဲ့။
လူတော်များများ စိတ်ဆင်းရဲရခြင်းအကြောင်းက ကိုယ့်ကိုယ်ကို ကိုယ် သူများနဲ့ နှိုင်းပြီး
ကိုယ်က ညံ့တယ်လို့ တွေးတာပဲ။
ကိုယ်နဲ့ပြိုင်ဖက်လို့ သဘောထားတဲ့သူက ကိုယ့်ထက်သာသွားရင် စိတ်ဆင်းရဲတယ်။
ဂုဏ်သိက္ခာကျတယ်လို့ ထင်တယ်။
ရှုံးတယ်လို့ တွေးတယ်။ ဒါကြောင့် စိတ်ဆင်းရဲတယ်။
*****-----*****-----*****-----*****-----*****

သူများတွေ အဆင်ပြေနေတာကို ဝမ်းသာနိုင်ရင် စိတ်ချမ်းသာတယ်။
မုဒိတာ ပွားနိုင်တဲ့သူက စိတ်ချမ်းသာတယ်။
မုဒိတာလို့ခေါ်တဲ့ သူများအဆင်ပြေတာကို ဝမ်းသာတဲ့စိတ်ဟာ စိတ်ချမ်းသာမှုအတွက်
အင်မတန် အရေးကြီးပါတယ်။
+++++++++++++++++++++++++++++

၂၄။     ဘယ်ကိစ္စကိုဖြစ်ဖြစ် စိတ်ချမ်းသာအောင် အဓိပ္ပာယ်ကောက်ပါ။
အဆိုးထဲက အကောင်းကို ရအောင် ထုတ်ယူပါ။
+++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၂၅…




Sunday, May 27, 2012

"အမေ့ထံသို့ ပေးစာများ-၄၃..."




သို့
ချစ်တဲ့အမေ
သား စာရေးလိုက်ပါတယ်။
သား အမေရိကန်ကိုရောက်တာ တစ်နှစ်ကျော်ပြီ။
သား အပျော်ဆုံး နေရာတစ်ခုကို ပြောပါလို့ အမေကမေးလာရင်
စာကြည့်တိုက် လို့ဖြေရလိမ့်မယ်။
ဟုတ်တယ်အမေ။
ကယ်လီဖိုးနီးယားမှာ နေတုန်းက
ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ရှိတယ်။
ကိုယ်နေတဲ့ရပ်ကွက်ပေါ် မူတည်ပြီးတော့ စာကြည့်တိုက်ကဒ်ကို အခမဲ့လုပ်လို့ရတယ်။
အဲဒီကဒ်ရှိရင် ဘယ်စာကြည့်တိုက်က စာအုပ်တွေကိုဖြစ်ဖြစ်
အခမဲ့ငှားနိုင်တယ်။
စာအုပ်တင်ပဲလား။
မဟုတ်သေးဘူးအမေ၊
ဗီဒီယိုခွေတွေ၊ သီချင်းခွေတွေ ငှားနိုင်တယ်။
တစ်ခါငှားရင်တော့ သုံးပတ်ရတယ်။
သုံးပတ်အတွင်းတော့ ပြီးအောင်ဖတ်ပေါ့လေ။
စာကြည့်တိုက်ထဲမှာ ဖတ်ဖတ်၊ အိမ်ငှားပြီးဖတ်ဖတ်
ဖတ်လို့ရတယ်။
စာကြည့်တိုက်ထဲမှာဆိုရင် အင်တာနက်ကို အခမဲ့သုံးခွင့်ရှိတယ်။
ကိုယ် ဖတ်ချင်တဲ့စာအုပ်ကို ရှာလို့မရရင် စာကြည့်တိုက်မှူးကို မေးနိုင်တယ်။
လိုက်ရှာပေးတယ်။
ကဲ...ဘယ်လောက်ကောင်းလဲ။
လိုချင်တဲ့စာရွက်စာတမ်းကို မိတ္တူကူးချင်တယ်ဆိုရင်လည်း ကူးဖို့
စာကြည့်တိုက်အတွင်းမှာ မိတ္တူကူးစက်တွေ ရှိတယ်။
တော်တော်ကို အစဉ်ပြေတယ်အမေ။
စာကြည့်တိုက်မှာ စာဖတ်ရတဲ့အချိန်ဟာ
တော်တော်အေးချမ်းတဲ့အချိန်လို့ပြောရမယ်ထင်တယ်။
အနှောက်အယှက်လည်း ကင်းတယ်။
တော်တော် အလုပ်ပြီးမြောက်တယ်။
ဒါကြောင့်
စာကြည့်တိုက်မှာ စာဖတ်ရတာ၊စာရေးရတာကို ပိုကြိုက်မိတယ်။
အင်ဒီယားနာရောက်တော့ စာကြည့်တိုက်ကို လိုက်ရှာဖြစ်တယ်။
တွေ့တယ်။
ဒါပေမယ့် ဘဏ်စာအုပ်တွေတောင်းတယ်။
ကားမောင်းလိုင်စင်တွေ တောင်းတယ်။
နေတဲ့လိပ်စာနဲ့တင် မလုံလောက်တော့တဲ့သဘောဖြစ်နေတယ်။
အလုပ်လုပ်နေတော့ မအားတာနဲ့ကို နောက်တော့ မသွားဖြစ်တော့ပါဘူး။
ဟော... မစ်ချီဂန်ရောက်တာ တစ်လတောင်ကျော်ပါပြီ။
စာကြည့်တိုက် ဘယ်မှာရှိသလဲဆိုတာကို မသိပါဘူး။
သိအောင် စုံစမ်းဖို့ အချိန်တောင် မရှိဘူးပြောရမယ်ထင်တယ်။
အလုပ်ပြီး အလုပ်ဖြစ်နေတယ်။
နေထွက်က နေဝင် အလုပ်ထဲရောက်နေတယ်။
အလုပ်လုပ်လို့ ဝင်ငွေရတာတော့ ကောင်းပါတယ်။
ဒါပေမယ့် ဘာမှမတွေးတောနိုင်လောက်အောင်
အလုပ်ရှုတ်နေတာကိုတော့ မကြိုက်ဘူး။
မပျော်ဘူး။
ဒီမှာအလုပ်လုပ်ရတာ ဘယ်လိုကောင်းအောင် လုပ်နိုင်သေးတယ်ဆိုတာကို
တွေးချိန်မရဘူး။
ဘယ်လောက်မြန်မြန် လုပ်နိုင်တယ်ဆိုတာကိုသာ
အလုပ်ရှင်တွေက အာရုံစိုက်တော့
အဲဒီနောက်ကို လိုက်ရင်းနဲ့ ဘာမှမတွေးတောနိုင်တော့ဘူး။
အတွေးကို မတွေးပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်နိုင်တယ်လို့
မယုံကြည်ဘူး။
အမေရိကန်နိုင်ငံရဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၅%(ရာခိုင်နှုန်း)ပဲ ရှိပါတယ်။
ဒါပေမယ့် ကမ္ဘာ့ကြီးရဲ့ သဘာဝအရင်းအမြစ်တွေကို သုံးစွဲမှုကတော့
၂၅% ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က လူသားအားလုံးသာ အမေရိကန် လူနေမှုအဆင့်အတိုင်းအတိုင်း
နေထိုင်ကြမယ်ဆိုရင် ခုလက်ရှိ ကမ္ဘာကြီး၁၀-ခုလောက်
လိုလိမ့်မယ်လို့ သုတေသီတွေက ဆိုကြပါတယ်အမေ။

ကျနော်တို့ အမေရိကန်နိုင်ငံကိုမထွက်လာခင်တုန်းက
မိတ်ဆွေ စာရေးဆရာတစ်ဦးနဲ့စကားပြောဖြစ်တယ်။
သူပြောတာက " အမေရိကန်ကလူတွေက အရမ်းချမ်းသာလာတော့
သူ့နိုင်ငံသားတွေ ချမ်းသာမှုကို အပြည့်အဝ ခံစားနိုင်ဖို့အတွက်
ပြင်ပနိုင်ငံကလူတွေ၊ပညာရှင်တွေကို နည်းမျိုးစုံနဲ့ခေါ်ယူပြီး
အသုံးချနေတာပါ" လို့ပြောတယ်။
အဲဒီစာရေးဆရာ ပြောတာဟုတ်နိုးနိုး ထင်ခဲ့မိတယ်။
တကယ်တန်းရောက်လာတော့ သူပြောတာ မဟုတ်ပါဘူး။
အမေရိကန်မှာလည်း ဆင်းရဲတဲ့နိုင်ငံသားတွေ အများကြီးရှိနေတာကို
တွေ့ရတယ်လေ။
သူတို့တွေလည်း ရုန်းကန်နေကြရတာကိုတွေ့နေရတယ်။
ဘဏ်ကြွေးနဲ့ကင်းကင်းနေနိုင်တဲ့ အမေရိကန်နိုင်ငံသားဆိုလို့
၁%လောက်ပဲ ရှိပါတယ်။
ကျန်တဲ့၉၉%ကတော့ အကြွေး မကင်းကြပါဘူး။
အကြွေးနဲ့ ကားဝယ်စီးလို့ရတယ်။
အကြွေးနဲ့ အိမ်ဝယ်လို့ ရအောင် စီစဉ်ထားတယ်။
ဘဏ်က ယုံကြည်ရတဲ့ ခရက်ဒစ်ကဒ်သာ ရှိရင်
မိဘကလွဲပြီး အားလုံးကို ဝယ်လို့ ရမလားမသိပါဘူး။
အဲဒီလို ဝယ်လို့ရနိုင်အောင်ကို
နိုင်ငံတော်က စီစဉ်ပေးထားတယ်လေ။
ဒါကြောင့် အမေရိကန်က လူတွေ အရမ်းအထင်ကြီးတဲ့နိုင်ငံတစ်နိုင်ငံ
ဖြစ်နေတယ်လို့ထင်တာပဲ။
တကယ်တန်းရောက်လာတော့ ထင်သလောက်လည်း မဟုတ်လှပါဘူး။
အထင်ဟာ တကယ်မဟုတ်ဘူးဆိုတာ  ဒီရောက်လာမှ သိရပါတယ်။
လူတွေ အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ရုန်းကန်နေထိုင်နေကြတာကို
တွေ့နေရပါတယ်။
ဒီနိုင်ငံမှာလည်း Homeless လို့ခေါ်တဲ့သူတောင်းစားတွေ ရှိနေတာပါပဲ။
မူးယစ်ဆေးဝါးနဲ့မကင်းတဲ့သူတွေလို့ ယူဆရတာပဲ။
သူတို့ကို အကြောင်းတိုက်ဆိုင်လို့ ငွေကြေးတွေ ပေးကမ်းရတဲ့အခါ
ကျေနပ်မိတယ်။
အမေရိကန်သူတောင်းစားတွေကို ငွေပေးနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့လေ။
မစ်ချီဂန်ရဲ့နွေဥတုကတော့ အတော်နေလို့ကောင်းတယ်။
ပန်းမျိုးစုံ ပွင့်လို့။
အရောင်ကို စုံလို့ပါပဲ။
ဒီမှာနေသူတွေကပြောတယ်။
ဆောင်းတွင်းဆိုရင်တော့ ကြောက်ခမန်းလိလိ အေးတယ်ဆိုပါလား။
ရေတွေ ခဲတယ်။ ကားလမ်းပေါ်မှာ ရေခဲပြင်ကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်တဲ့။
မရောက်သေးတဲ့ကာလကို တွေးပြီး မကြောက်ချင်ပါဘူးအမေ။
ဘာမှမတည်မြဲတဲ့လောကကြီးမှာ နွေလည်းမမြဲဘူးဆိုတာ သိပါတယ်။
ဆောင်းလည်း မြဲသလားဆိုပြန်တော့ မမြဲပါဘူး။
ရာသီမမြဲသလို လူတွေရော၊
နေရာဒေသရော၊
အလုပ်ရော၊
ပြီးတော့ အားလုံး…အားလုံး မမြဲပါဘူး။
ဒီနေ့ထက် ပိုကောင်းတဲ့နေ့ဆိုတာ မရှိဘူးလို့
တရားသဘောနဲ့ဆင်ခြင်လိုက်တော့
ဒီနေ့ကို အကောင်းဆုံးနေထိုင်လိုက်ရင်ပဲ
တန်ပါတယ်။
ဒါကြောင့် ဒီတစ်နေ့ပဲ နေတော့မယ်အမေ။
အမေလည်း ကျန်းမာရေးကို ဂရုစိုက်နော်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၂၇-၂၀၁၂






လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com