သို့
ချစ်တဲ့အမေ
သား စာရေးလိုက်ပါတယ်။
သား အမေရိကန်ကိုရောက်တာ
တစ်နှစ်ကျော်ပြီ။
သား အပျော်ဆုံး နေရာတစ်ခုကို
ပြောပါလို့ အမေကမေးလာရင်
စာကြည့်တိုက် လို့ဖြေရလိမ့်မယ်။
ဟုတ်တယ်အမေ။
ကယ်လီဖိုးနီးယားမှာ နေတုန်းက
ရပ်ကွက်တိုင်းမှာ
စာကြည့်တိုက်ရှိတယ်။
ကိုယ်နေတဲ့ရပ်ကွက်ပေါ်
မူတည်ပြီးတော့ စာကြည့်တိုက်ကဒ်ကို အခမဲ့လုပ်လို့ရတယ်။
အဲဒီကဒ်ရှိရင် ဘယ်စာကြည့်တိုက်က
စာအုပ်တွေကိုဖြစ်ဖြစ်
အခမဲ့ငှားနိုင်တယ်။
စာအုပ်တင်ပဲလား။
မဟုတ်သေးဘူးအမေ၊
ဗီဒီယိုခွေတွေ၊ သီချင်းခွေတွေ
ငှားနိုင်တယ်။
တစ်ခါငှားရင်တော့ သုံးပတ်ရတယ်။
သုံးပတ်အတွင်းတော့
ပြီးအောင်ဖတ်ပေါ့လေ။
စာကြည့်တိုက်ထဲမှာ ဖတ်ဖတ်၊
အိမ်ငှားပြီးဖတ်ဖတ်
ဖတ်လို့ရတယ်။
စာကြည့်တိုက်ထဲမှာဆိုရင် အင်တာနက်ကို
အခမဲ့သုံးခွင့်ရှိတယ်။
ကိုယ် ဖတ်ချင်တဲ့စာအုပ်ကို
ရှာလို့မရရင် စာကြည့်တိုက်မှူးကို မေးနိုင်တယ်။
လိုက်ရှာပေးတယ်။
ကဲ...ဘယ်လောက်ကောင်းလဲ။
လိုချင်တဲ့စာရွက်စာတမ်းကို
မိတ္တူကူးချင်တယ်ဆိုရင်လည်း ကူးဖို့
စာကြည့်တိုက်အတွင်းမှာ မိတ္တူကူးစက်တွေ
ရှိတယ်။
တော်တော်ကို အစဉ်ပြေတယ်အမေ။
စာကြည့်တိုက်မှာ စာဖတ်ရတဲ့အချိန်ဟာ
တော်တော်အေးချမ်းတဲ့အချိန်လို့ပြောရမယ်ထင်တယ်။
အနှောက်အယှက်လည်း ကင်းတယ်။
တော်တော် အလုပ်ပြီးမြောက်တယ်။
ဒါကြောင့်
စာကြည့်တိုက်မှာ
စာဖတ်ရတာ၊စာရေးရတာကို ပိုကြိုက်မိတယ်။
အင်ဒီယားနာရောက်တော့ စာကြည့်တိုက်ကို
လိုက်ရှာဖြစ်တယ်။
တွေ့တယ်။
ဒါပေမယ့် ဘဏ်စာအုပ်တွေတောင်းတယ်။
ကားမောင်းလိုင်စင်တွေ တောင်းတယ်။
နေတဲ့လိပ်စာနဲ့တင်
မလုံလောက်တော့တဲ့သဘောဖြစ်နေတယ်။
အလုပ်လုပ်နေတော့ မအားတာနဲ့ကို
နောက်တော့ မသွားဖြစ်တော့ပါဘူး။
ဟော... မစ်ချီဂန်ရောက်တာ တစ်လတောင်ကျော်ပါပြီ။
စာကြည့်တိုက် ဘယ်မှာရှိသလဲဆိုတာကို
မသိပါဘူး။
သိအောင် စုံစမ်းဖို့ အချိန်တောင်
မရှိဘူးပြောရမယ်ထင်တယ်။
အလုပ်ပြီး အလုပ်ဖြစ်နေတယ်။
နေထွက်က နေဝင် အလုပ်ထဲရောက်နေတယ်။
အလုပ်လုပ်လို့ ဝင်ငွေရတာတော့
ကောင်းပါတယ်။
ဒါပေမယ့်
ဘာမှမတွေးတောနိုင်လောက်အောင်
အလုပ်ရှုတ်နေတာကိုတော့ မကြိုက်ဘူး။
မပျော်ဘူး။
ဒီမှာအလုပ်လုပ်ရတာ ဘယ်လိုကောင်းအောင်
လုပ်နိုင်သေးတယ်ဆိုတာကို
တွေးချိန်မရဘူး။
ဘယ်လောက်မြန်မြန်
လုပ်နိုင်တယ်ဆိုတာကိုသာ
အလုပ်ရှင်တွေက အာရုံစိုက်တော့
အဲဒီနောက်ကို လိုက်ရင်းနဲ့
ဘာမှမတွေးတောနိုင်တော့ဘူး။
အတွေးကို မတွေးပဲနဲ့
ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်နိုင်တယ်လို့
မယုံကြည်ဘူး။
အမေရိကန်နိုင်ငံရဲ့လူဦးရေဟာ
ကမ္ဘာ့လူဦးရေရဲ့ ၅%(ရာခိုင်နှုန်း)ပဲ ရှိပါတယ်။
ဒါပေမယ့် ကမ္ဘာ့ကြီးရဲ့
သဘာဝအရင်းအမြစ်တွေကို သုံးစွဲမှုကတော့
၂၅% ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က လူသားအားလုံးသာ အမေရိကန်
လူနေမှုအဆင့်အတိုင်းအတိုင်း
နေထိုင်ကြမယ်ဆိုရင် ခုလက်ရှိ
ကမ္ဘာကြီး၁၀-ခုလောက်
လိုလိမ့်မယ်လို့ သုတေသီတွေက
ဆိုကြပါတယ်အမေ။
ကျနော်တို့
အမေရိကန်နိုင်ငံကိုမထွက်လာခင်တုန်းက
မိတ်ဆွေ
စာရေးဆရာတစ်ဦးနဲ့စကားပြောဖြစ်တယ်။
သူပြောတာက " အမေရိကန်ကလူတွေက
အရမ်းချမ်းသာလာတော့
သူ့နိုင်ငံသားတွေ ချမ်းသာမှုကို
အပြည့်အဝ ခံစားနိုင်ဖို့အတွက်
ပြင်ပနိုင်ငံကလူတွေ၊ပညာရှင်တွေကို
နည်းမျိုးစုံနဲ့ခေါ်ယူပြီး
အသုံးချနေတာပါ" လို့ပြောတယ်။
အဲဒီစာရေးဆရာ ပြောတာဟုတ်နိုးနိုး
ထင်ခဲ့မိတယ်။
တကယ်တန်းရောက်လာတော့ သူပြောတာ
မဟုတ်ပါဘူး။
အမေရိကန်မှာလည်း
ဆင်းရဲတဲ့နိုင်ငံသားတွေ အများကြီးရှိနေတာကို
တွေ့ရတယ်လေ။
သူတို့တွေလည်း
ရုန်းကန်နေကြရတာကိုတွေ့နေရတယ်။
ဘဏ်ကြွေးနဲ့ကင်းကင်းနေနိုင်တဲ့
အမေရိကန်နိုင်ငံသားဆိုလို့
၁%လောက်ပဲ ရှိပါတယ်။
ကျန်တဲ့၉၉%ကတော့ အကြွေး
မကင်းကြပါဘူး။
အကြွေးနဲ့ ကားဝယ်စီးလို့ရတယ်။
အကြွေးနဲ့ အိမ်ဝယ်လို့ ရအောင်
စီစဉ်ထားတယ်။
ဘဏ်က ယုံကြည်ရတဲ့ ခရက်ဒစ်ကဒ်သာ
ရှိရင်
မိဘကလွဲပြီး အားလုံးကို ဝယ်လို့
ရမလားမသိပါဘူး။
အဲဒီလို ဝယ်လို့ရနိုင်အောင်ကို
နိုင်ငံတော်က စီစဉ်ပေးထားတယ်လေ။
ဒါကြောင့် အမေရိကန်က လူတွေ
အရမ်းအထင်ကြီးတဲ့နိုင်ငံတစ်နိုင်ငံ
ဖြစ်နေတယ်လို့ထင်တာပဲ။
တကယ်တန်းရောက်လာတော့ ထင်သလောက်လည်း
မဟုတ်လှပါဘူး။
အထင်ဟာ တကယ်မဟုတ်ဘူးဆိုတာ
ဒီရောက်လာမှ သိရပါတယ်။
လူတွေ အားလုံးဟာ
သူ့နည်းသူ့ဟန်နဲ့ရုန်းကန်နေထိုင်နေကြတာကို
တွေ့နေရပါတယ်။
ဒီနိုင်ငံမှာလည်း Homeless
လို့ခေါ်တဲ့သူတောင်းစားတွေ ရှိနေတာပါပဲ။
မူးယစ်ဆေးဝါးနဲ့မကင်းတဲ့သူတွေလို့
ယူဆရတာပဲ။
သူတို့ကို အကြောင်းတိုက်ဆိုင်လို့
ငွေကြေးတွေ ပေးကမ်းရတဲ့အခါ
ကျေနပ်မိတယ်။
အမေရိကန်သူတောင်းစားတွေကို
ငွေပေးနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့လေ။
မစ်ချီဂန်ရဲ့နွေဥတုကတော့
အတော်နေလို့ကောင်းတယ်။
ပန်းမျိုးစုံ ပွင့်လို့။
အရောင်ကို စုံလို့ပါပဲ။
ဒီမှာနေသူတွေကပြောတယ်။
ဆောင်းတွင်းဆိုရင်တော့
ကြောက်ခမန်းလိလိ အေးတယ်ဆိုပါလား။
ရေတွေ ခဲတယ်။ ကားလမ်းပေါ်မှာ
ရေခဲပြင်ကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်တဲ့။
မရောက်သေးတဲ့ကာလကို တွေးပြီး
မကြောက်ချင်ပါဘူးအမေ။
ဘာမှမတည်မြဲတဲ့လောကကြီးမှာ
နွေလည်းမမြဲဘူးဆိုတာ သိပါတယ်။
ဆောင်းလည်း မြဲသလားဆိုပြန်တော့
မမြဲပါဘူး။
ရာသီမမြဲသလို လူတွေရော၊
နေရာဒေသရော၊
အလုပ်ရော၊
ပြီးတော့ အားလုံး…အားလုံး မမြဲပါဘူး။
ဒီနေ့ထက် ပိုကောင်းတဲ့နေ့ဆိုတာ
မရှိဘူးလို့
တရားသဘောနဲ့ဆင်ခြင်လိုက်တော့
ဒီနေ့ကို
အကောင်းဆုံးနေထိုင်လိုက်ရင်ပဲ
တန်ပါတယ်။
ဒါကြောင့် ဒီတစ်နေ့ပဲ နေတော့မယ်အမေ။
အမေလည်း ကျန်းမာရေးကို ဂရုစိုက်နော်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၂၇-၂၀၁၂
No comments:
Post a Comment