Tuesday, June 19, 2012

"အမေ့ထံသို့ ပေးစာများ-၄၄..."





သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဇွန်လ ၁၇-ရက်နေ့ဟာ အဖေများနေ့လေ။
ကျနော်အလုပ်လုပ်တဲ့မောလ် (Mall) ထဲမှာတော့ အဲဒီနေ့မှာ
စည်ကားနေတာပါပဲ။
အဖေတွေက ငယ်ရွယ်တဲ့သားသမီးတွေ ခေါ်လာကြ၊
စားကြ၊သောက်ကြနဲ့။
အရွယ်ရောက်တဲ့သားသမီးတွေက အဖေနဲ့အမေတွေကိုခေါ်လာကြ၊
စားကြ၊သောက်ကြနဲ့ ပျော်စရာအလွန်ကောင်းလှပါတယ်။
ဝေးတဲ့မိဘတွေဆီကို သားသမီးတွေက သွားလည်ကြ၊
လက်ဆောင်တွေပေးကြနဲ့။
အဖေတွေကို တန်ဖိုးထားကြတာကို သတိထားမိတယ်။
ဒီတော့ ကျနော်လည်း အဖေကို သွားသတိရမိတယ်။
အဖေဆုံးသွားတာ နှစ်ပေါင်း ငါးဆယ်တောင် ကျော်ခဲ့ပြီနော်။
အဖေ့ကို မမေ့နိုင်သလို အဖေ့ကျေးဇူးကိုလည်း မမေ့နိုင်ပါဘူး။
အဖေက ကျနော်ကို ရုံးပိတ်ရက်မှာ သူသွားလေရာကို ခေါ်သွားတတ်တယ်။
စားချင်ရာရာကို ကျွေးတတ်တယ်။
ကျနော်က ငယ်သေးတော့ ပျော်နေတာပေါ့။
စားချင်တာကို စားရတာကိုး။ ပြီးတော့ လိုချင်ရာရာကို အဖေက ဝယ်ပေးတာကိုး။
ကျနော့်အဖို့ အဖေနဲ့နေရတဲ့အချိန်က နည်းလွန်းလှပေမယ့်
နေရတဲ့အချိန်ကို မမေ့နိုင်ဘူး။
အဖေ့ရဲ့အကြောင်းကို များများစားစားမသိရပေမယ့်
သိရသလောက်ကတော့ အဖေက ကျနော့်ကို ချစ်တယ်ဆိုတာပါပဲ။
ပြီတော့ အဖေက ကျနော့်အတွက် သူရဲကောင်းလေ။
အာဇာနည် သူရဲကောင်း။
ကျနော်ဟာ ကြာလာတဲ့အမျှ အဖေ့ရဲ့ပုံရိပ်တစ်ခုဖြစ်လာတယ်ဆိုတာကို
အခုတော့ ကောင်းကောင်းသိလာပါတယ်။
ကျနော်ဘာဘဲလုပ်လုပ်၊ လုပ်သမျှကောင်းမှူကုသိုလ်အတွက်
တမလွန်ဘဝက အဖေ့ကို အမျှဝေပါတယ်။
အခု ကျနော်ရောက်နေတဲ့ မစ်ချီဂန်(အမေရိကန်)က
အပူအအေးပြင်းထန်တယ်။
အေးရင်လည်း ရေတွေခဲလောက်အောင် အေးတယ်။
အခုနွေရာသီဆိုရင်လည်း အပြင်မှာ တော်တော်ပူပါတယ်။
ပင်စင်စား သက်ကြီးရွယ်အိုတွေဟာ နံနက်စောစော လမ်းလျှောက်ကြတယ်။
အပြင်မှာတော့ မဟုတ်ဘူး။ မောလ်ထဲမှာ။
မောလ်က ကျယ်လွန်းတော့ လမ်းလျှောက်ဖို့တော်တော်ကောင်းတယ်။
ပြီးတော့ မောလ်ထဲမှာ အပူအအေးမျှတအောင် လုပ်ထားတယ်။
ချွေးထွက်အောင် လမ်းလျှောက်ကြပြီး မောလာတဲ့အခါ
ဆာလာတဲ့အခါ ကျနော်အလုပ်လုပ်တဲ့ food court ဆိုတဲ့စားသောက်ဆိုင်တန်းဖက်ကို
လာကြတယ်။ စားကြတယ်။ ကော်ဖီ၊အအေးသောက်ကြတယ်။
သက်တူရွယ်တူ ပင်စင်စားအဖိုးကြီးတွေအဖွားကြီးတွေ
စုပေါင်းပြီး စကားပြောကြတယ်။
အဲဒါက နေ့စဉ်နေ့တိုင်းမြင်နေရတဲ့မြင်ကွင်းပါပဲ။
ဒီတော့ အဖေနဲ့အမေသာ အနားမှာရှိရင် သိပ်ကောင်းမှာပဲလို့တွေးဖြစ်တယ်။
ဒီနိုင်ငံမှာက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့အစီအစဉ်တွေ ရှိတယ်။
သက်ကြီးရွယ်အိုတိုင်း အိုဇာတာကောင်းစေတယ်လို့ပြောရမယ်။
ကောင်းကောင်းစားရတယ်။
ကောင်းကောင်းဝတ်ရတယ်။
ကောင်းကောင်းနေရတယ်။
အဲဒီလိုနေနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးတယ်။
မကျန်းမာရင်လည်း နိုင်ငံတော်စရိတ်နဲ့ ဆေးကုသခွင့်ပေးသေးတယ်။
ကဲ…ဘယ်လောက်ကောင်းသလဲ။


မြန်မာပြည်မှာနေတုန်းကတော့ ကျန်းမာရေးအတွက်
ကျန်းမာရေးလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖြစ်တယ်။
ရေချိုးခနီးတိုင်း မိနစ် ၂၀-လောက်တော့
လေ့ကျင့်ခန်းတွေ လုပ်တဲ့အလေ့အထရှိခဲ့တယ်။
ဒီရောက်တော့ အစောပိုင်းကတော့ လေ့ကျင့်ခန်းတွေ
လုပ်ဖြစ်သေးတယ်။
နောက်ပိုင်း အလုပ်လုပ်လာတော့ အလုပ်ချိန်က
နံနက် ၉း၃၀နာရီကနေ ည ၉း၃၀နာရီဖြစ်လာတော့
လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တော့ပါဘူး။
အလုပ်ခွင်မှာ လမ်းလျှောက်တာကိုက တစ်နေ့တစ်နေ့
ခြေလှမ်းပေါင်း အမြောက်အများပါပဲ။
ဆန့်ထုတ်လိုက်ရင် ရန်ကုန်-ပဲခူးလောက်များတောင်
ရှိမလားမပြောတတ်ဘူး။
အလုပ်ကပြန်လာရင် ခြေကုန်လက်ပန်းကျနေပြီ။
ဖတ်နေကျ စာတွေလည်း မဖတ်နိုင်တော့ဘူး။
လုပ်နေကျ အင်တာနက်တောင် မလုပ်နိုင်ဘူး။
အိပ်ယာပေါ် ခဏနားမယ်ဆိုပြီး လှဲလိုက်ရင်
မိုးလင်းမှ နိုးတော့တယ်။
အဲဒီလောက်ကို ပင်ပန်းပါတယ်။
ငယ်ငယ်တုန်းက လက်ကြောမတင်းခဲ့သမျှ
အခုတော့ လက်ကြောရော၊ ခြေကြောရော အကုန်တင်းပြီးမှ
မိုးချုပ်ပါတယ်။
အဲဒါကတော့ နေ့တိုင်းအလုပ်ပါပဲ။
လောလောဆယ်ကတော့ ရွေးချယ်စရာလမ်းက များများစားစား မရှိဘူးလေ။
ဒါနဲ့ပြောရအုန်းမယ်အမေ။
ကျနော်တို့နေတဲ့နေရာမှာ မြန်မာစားသောက်ဆိုင်တစ်ခုရှိတယ်ဆိုတာနဲ့
လိပ်စာတောင်းပြီး အလုပ်ပိတ်ရက်မှာ သွားကြည့်ဖြစ်တယ်။
မြန်မာပြည်က အစားအသောက်တွေ စုံလို့ပါပဲ။
ပဲပြုတ်လည်းရတယ်။
ချဉ်ပေါင်ကြော်လည်းရတယ်။
ငပိကြော်လည်း ရတယ်။
လက်ဖက်တွေလည်းရတယ်။
အို…မြန်မာပြည်ကအစားတွေဆို မျိုးစုံရတယ်။
မြန်မာအစားအစာကိုကောင်းကောင်းမစားရတာ ကြာပြီဆိုတော့
ဝမ်းသာသွားတာပေါ့။
စားချင်တာလည်း ကြာလှပြီ။
ဒါနဲ့ပဲ စားချင်တဲ့အစားအစာတွေအားလုံးဝယ်ခဲ့တယ်။
မစားရတာ ကြာပြီဆိုတော့ စားလို့လည်းကောင်းလိုက်တာ
မပြောပါနဲ့တော့။
မြန်မာအစားအစာကို ဒေါ်လာနဲ့ဝယ်စားရတာကို မတွေးဖြစ်ရင်
ဒီထက်တောင် မြိန်ဦးမယ်ထင်တယ်။
အော်…ဒေါ်လာနဲ့ဝယ်စားနေရပါလားလို့တွေးဖြစ်တော့
စားတဲ့အစားအစာတွေတောင် နင်ချင်သလိုဖြစ်သွားတယ်။
အမေရိကားမှာ နေတာကြာလာတော့ သိလာတွေလည်း များလာပါတယ်။
အခက်အခဲတွေ ရှိနေသေးပေမယ့် အစဉ်ပြေတာတွေလည်း
အများကြီးရှိလာပါတယ်။
ရောက်စတုန်းကလောက်တော့ ကသီလင်တမဖြစ်တော့ပါဘူး။
ဒီမှာအနေကြာတဲ့မြန်မာတွေကတော့ မြန်မာပြည်ကို ပြန်အုန်းမှာလားလို့မေးရင်
ခေါင်းခါကြတာ များတယ်။
ဘာဖြစ်လို့လဲလို့မေးရင် မြန်မာပြည်က ခြင်တွေပေါတယ်။
ဒီမှာက ခြင်ထောင် ထောင်စရာမလိုဘူးလို့
အကြောင်းပြလေရဲ့။
ပြီးတော့ မြန်မာပြည်က မီးမှန်မှန် ပျက်တယ်တဲ့။
ဒီမှာက မီးမှန်မှန် လာတယ်တဲ့။
ဒီမှာ မီးပျက်တယ်ဆိုတာကို မကြားဖူးသူတွေတောင် ရှိတယ်။
သူတို့ပြောတာတွေ ပြန်ပြောရင် အများကြီးပါပဲ။
ဒီမှာပဲ နားဦးမယ်နော်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၆-၁၉-၂၀၁၂


Monday, June 18, 2012

“မင်း မချစ်လည်း စိတ်ချမ်းချမ်းသာသာပဲ နေမယ်...”




တစ်ခါတစ်လေ စိတ်ချမ်းသာနေတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ ဘာကိုမှ ခံစားနေတာ မရှိဘူး။
ဘာမှ မလုပ်ရပဲ စိတ်ချမ်းသာနေတာ။
အဲဒီအချိန်မှာ ဘာမှလည်း မလိုချင်ဘူး။
အဲဒီ ချမ်းသာနေတဲ့စိတ်ကို ကြည့်ပြီးတော့ ‘ တကယ်စိတ်ချမ်းသာနေတဲ့အချိန်မှာ
ဘာကိုမှ လိုချင်စိတ် မရှိပါလား’ ဆိုတာကို လေးလေးနက်နက် သဘောပေါက်သွားတယ်။
တရားအားထုတ်တဲ့သူတွေ အဲဒီလို ခံစားရတာ ပိုများတယ်။

+++++++++++++++++++++++++++++

အဲဒီလို ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကို ကိုယ် သေသေချာချာပြောပါ။
ငါ တကယ် စိတ်ချမ်းသာဖို့ ဘာမှ မလိုဘူး။
စိတ်ချမ်းသာမှုအစစ်ဟာ လုပ်ယူရတာမျိုး မဟုတ်ဘူး။
ဘာမှမလုပ်ရပဲ ချမ်းသာနေတာ။
စိတ်ပင်ပန်းခံပြီးမှရတဲ့ စိတ်ချမ်းသာမှုဟာ စိတ်ချမ်းသာမှုအစစ် မဟုတ်ဘူး။
ဒါကို တော်ရုံလူ သဘောပေါက်မှာ မဟုတ်ဘူး။
ဒါပေမယ့် သဘောပေါက်တဲ့သူလည်း ရှိမယ်လို့ ယုံကြည်လို့ ပြောလိုက်တာ။

+++++++++++++++++++++++++++++

Over 90 percent of few-day-old infant smiles occur during REM sleep,suggesting that happiness is an innate, endogenous experience.
မွေးခါစ ရက်ပိုင်းလောက်ပဲရှိသေးတဲ့ ကလေး ၉၀%ကျော်ကျော် အိပ်ပျော်နေတုန်း ပြုံးတတ်တယ်လို့
စိတ်ပညာရှင်များ တွေ့ရတယ်။ အဲဒါကို ကြည့်ရင် စိတ်ချမ်းသာနေတာဟာ လူ့သဘာဝလို့ ဆိုနိုင်တယ်။

+++++++++++++++++++++++++++++

စိတ်ချမ်းသာနေတဲ့အခါ စိတ်ချမ်းသာနေတယ်လို့ သေသေချာချာ သိပြီး နေသင့်တယ်။
ဒါဟာလည်း တရားအားထုတ်တာပဲ။
သောမနဿံ ဝါ ဝေဒနံ ဝေဒယမာနော သောမနဿံ ဝေဒနံ ဝေဒယာမီတိ
ပဇာနာတိ။
စိတ်ချမ်းသာမှုလို့ခေါ်တဲ့ သောမနဿဝေဒနာကို ခံစားနေရတဲ့အချိန်မှာ
သောမနဿဝေဒနာကို ခံစားနေရတယ်လို့ သိတယ်။
တရားအားထုတ်နေတဲ့သူဟာ သိတယ်။
စိတ်ချမ်းသာနေတာကို မသိရင် ပိုပြီးအဆင့်မြင့်တဲ့ စိတ်ချမ်းသာမှုကို ရဖို့ မလွယ်ဘူး။
ပိုစိတ်ချမ်းသာချင်ရင် ဒီသတိပဋ္ဌာန်တရားကို ထိထိရောက်ရောက် လုပ်ရမယ်။
စိတ်ချမ်းသာနေတာကိုမှ မသိရင် ပိုစိတ်ချမ်းသာအောင် ဘယ်လို လုပ်မလဲ။

+++++++++++++++++++++++++++++

‘စိတ်ချမ်းသာလိုက်တာ၊ စိတ်ချမ်းသာလိုက်တာ’ လို့ ပွားတဲ့တပည့်တစ်ယောက်ရှိတယ်။
သူ စိတ်ချမ်းသာချင်ရင် သူ့စိတ်ကိုသူ ကြည့်နေလိုက်တယ်။
သူ့စိတ်မှာ ဖြစ်နေတာကို သိနေရင်း စိတ်က ငြိမ်သက်သွားပြီး စိတ်ချမ်းသာနေတာပဲ ရှိတော့တယ်။
အဲဒါကို ဆက်ပြီး သိနေလိုက်တယ်။
‘စိတ်ချမ်းသာလိုက်တယ်၊ စိတ်ချမ်းသာလိုက်တယ်’လို့ ပွားနေတယ်။
ကဲ…စမ်းကြည့်လိုက်စမ်းပါ။
အပြောနဲ့ မယုံပါနဲ့။
နည်းနည်းတော့ အချိန်ပေးရမယ်။ အကျင့်ရသွားရင် မခက်ပါဘူး။

+++++++++++++++++++++++++++++



စိတ်ချမ်းသာမှုကို တန်ဖိုးထားဖို့လိုတယ်။
စိတ်ချမ်းသာမှုကို တန်ဖိုးထားရင် ဒီအခြေအနေမှာ ငါစိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲ၊
ဘယ်လို သဘောထားရမလဲ၊
ဘယ်လိုတွေးရမလဲ၊
ဘယ်လိုပြောရမလဲ ဆိုတာ စဉ်းစားမယ်။
အဲဒီလို တကယ်စဉ်းစားရင် စိတ်ချမ်းသာအောင် နေနည်းနဲ့ သဘောထားကို တွေ့မှာပဲ။
ကြာလေ စိတ်ချမ်းသာလေ ဖြစ်လာမယ်။

+++++++++++++++++++++++++++++

‘ဘာဘဲဖြစ်ဖြစ် စိတ်ချမ်းသာမှုကို အဆုံးရှုံးမခံဘူး’ လို့ တကယ် သဘောထားနိုင်ရင်
အခြေအနေ တော်တော်များများမှာ စိတ်ချမ်းသာအောင် နေလို့ရပါတယ်။
လူ့သဘာဝမှာ စိတ်ချမ်းသာအောင် နေတတ်တဲ့သဘာဝ ရှိပါတယ်။
အလကားနေရင်း စိတ်ဆင်းရဲအောင် မနေပါဘူး။
ဒါပေမယ့် အခုခေတ်မှာ လူတချို့ဟာ စိတ်ချမ်းသာမှုထက် တခြားကိစ္စတွေက
ပိုအရေးကြီးတယ်လို့ ထင်နေကြတယ်။
အဲဒီလို ထင်နေရင် အဲဒီ မှားနေတဲ့အထင်ကို သေသေချာချာ ကြည့်ပါ။
ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုကိုယ် မေးပါ။
စိတ်ဆင်းရဲနေတာ တကယ်တွက်ခြေကိုက်ရဲ့လားဆိုတာ ကြည့်ပါ။

+++++++++++++++++++++++++++++

တခြားအရာတွေထက် စိတ်ချမ်းသာမှုကို တန်ဖိုးထားပါ။
ကလေးတွေကို လေ့လာကြည့်ပါ။
ခွေးကလေးတွေ၊ ကြောင်ကလေးတွေကို လေ့လာကြည့်ပါ။
သူတို့တွေ အမြဲတမ်းပျော်နေတတ်တယ်။
ပျော်အောင်နေတတ်ဖို့ သင်ပေးစရာ မလိုဘူး။ သူတို့သဘာဝအလျောက် ပျော်နေတယ်။
လူကြီးတွေက တဖြည်းဖြည်း အသက်ကြီးလာတော့ မှားသွားကြတယ်။
စိတ်ချမ်းသာမယ်ထင်ပြီးတော့ ငွေနောက်ကို လိုက်တယ်။
ငွေရတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုတော့ မရဘူး။
ရာထူးနောက်ကိုလိုက်တယ်။
ရာထူးရတယ်။ ဒါပေမယ့်
စိတ်ချမ်းသာမှုတော့ မရဘူး။
ကျော်ကြားမှုနောက်ကို လိုက်တယ်။
ကျော်ကြားတယ်။ ဒါပေမယ့် စိတ်အေးချမ်းမှုနဲက ကြာလေဝေးလေ ဖြစ်သွားတယ်။

+++++++++++++++++++++++++++++

လုပ်ချင်တာကို လုပ်ပါ။
ဒါပေမယ့် စိတ်ချမ်းသာမှုကိုတော့ ဒီနေ့ရအောင် လုပ်ပါ။
ဒီနေ့ စိတ်ချမ်းသာမှ ဖြစ်မယ်။ အခု စိတ်ချမ်းသာမှ ဖြစ်မယ်။
ဘယ်လိုအခြေအနေမျိုးကို ရောက်မှ စိတ်ချမ်းသာမယ်ဆိုတဲ့ ကန့်သတ်ချက်ပါလာရင်
စိတ်ချမ်းသာမှုကို မရတော့ဘူး။

+++++++++++++++++++++++++++++

ကိုယ်လိုချင်တာကို ရအောင် လုပ်ပါ။
ဒါပေမယ့် စိတ်ချမ်းသာမှုကိုတော့ ရွှေ့ဆိုင်းမထားပါနဲ့။
လိုချင်တာ ရတာဖြစ်ဖြစ်၊ မရတာဖြစ်ဖြစ် စိတ်တော့ ချမ်းသာနေမှ ဖြစ်မယ်။

+++++++++++++++++++++++++++++

ကိုယ့်ကို ဘယ်သူတွေက ချစ်တာဖြစ်ဖြစ်၊ မချစ်တာဖြစ်ဖြစ် စိတ်တော့ ချမ်းသာနေမှ ဖြစ်မယ်။
“မင်း မချစ်လည်း စိတ်ချမ်းချမ်းသာသာပဲ နေမယ်” လို့ ပြောရဲသလား။




+++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့…(၂၇)…

Sunday, June 17, 2012

“လျှို့ဝှက်ချက်ကို သိသွားပြီ...”




တစ်ခါတုန်းက
တာချီလိတ်မြို့ရဲ့ ရှမ်းရိုးမအားကစားကွင်းမှာ အထက်တန်းကျောင်းမှ
ခုနှစ်တန်းကျောင်းသားများ ချိန်းပြီး ဘောလုံးကန်ကြတယ်။
ထွန်းဦးတို့ပါတဲ့အဖွဲ့က နိုင်တယ်။ 
အိုလံပစ်စားသောက်ဆိုင်မှာ စားသောက်ပြီး ထွန်းဦးနဲ့လှိုင်ဘွားတို့နှစ်ယောက်ဟာ
 ရွှေတိဂုံဘုရားပေါ်ကို တက်လာကြတယ်။
လှိုင်ဘွားက “စားပေါက်တစ်ခုတွေ့ထားတယ်။ မင်းသိချင်လား”
 လို့ ထွန်းဦးကိုမေးလိုက်တယ်။
“ဘယ်လိုစားပေါက်လဲ” လို့ ထွန်းဦးကမေးလိုက်တယ်။
“ဘယ်သူနဲ့ဖြစ်ဖြစ် တစ်ယောက်ချင်းတွေ့တဲ့အချိန်မှာ
“လျှို့ဝှက်ချက်ကို သိသွားပြီ”လို့သာခပ်တည်တည်နဲ့ပြော၊
အဲဒါ စားပေါက်ပဲ။ အဲဒါနဲ့ ငါစားနေတာကြာပြီ။
အရမ်းအစဉ်ပြေတယ်”လို့ပြောပြီးနောက် နှစ်ဦးသားဟာ ဘုရားပေါ်က
ဆင်းလာကြတယ်။
အိမ်ရောက်တော့ ထွန်းဦးက မီးဖိုချောင်မှာ အမေတစ်ယောက်ထဲချက်ပြုတ်နေတာကို တွေ့လိုက်ရတယ်။
လှိုင်ဘွားပြောလိုက်တဲ့စကားကို စမ်းသတ်ချင်တာနဲ့
ဘေးပတ်ဝန်ကျင်ကို တစ်ချက်ကြည့်လိုက်တယ်။
ဘယ်သူမှမရှိမှန်းသေချာတော့မှ
အမေအနားကို ကပ်သွားပြီး ပြောလိုက်တယ်။
“အမေ…အမေ့ရဲ့လျှို့ဝှက်ချက်ကို သားသိသွားပြီ”လို့ပြောလိုက်တယ်။
အမေဖြစ်သူဒေါ်နန်းသူဇာဟာ မျက်နှာပျက်သွားတယ်။
ပတ်ဝန်ကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်။
ပြီးတော့မှ သားကိုပြောလိုက်တယ်။
“သား ဘယ်သူ့ကိုမှ မပြောနဲ့နော်။ ရော့…သားကြိုက်တာသုံးဖို့ ဘတ်ငါးရာ ”
တာချီလိတ်မြို့ဟာ ထိုင်းဘတ်ကို သုံးတဲ့မြို့ဖြစ်တယ်။
ဘတ်နှစ်ဆယ်တောင်းရင်တောင် အကြောင်းအမျိုးမျိုးနဲ့မပေးတတ်တဲ့အမေက
ဘတ်ငါးရာပေးတော့ တော်တော်အံသြသွားတယ်။
တော်တော်ကောင်းတဲ့စားပေါက်ပါလားလို့ သဘောပေါက်လာမိတယ်။
နောက်တစ်နေ့မှာ အဖေဖြစ်သူဦးအေးမောင် တစ်ယောက်တည်းရှိတုန်း
ထွန်းဦးက အဖေအနားကပ်သွားပြီး
“ အဖေ့ရဲ့လျှို့ဝှက်ချက်ကို သား သိသွားပြီ”လို့ပြောလိုက်တယ်။
“ဟေ!!! သား ဘယ်သူ့မှ မပြောနဲ့နော်။ 
သားလိုချင်တဲ့ဆိုင်ကယ်အသစ်ကို အဖေ ဝယ်ပေးမယ်”တဲ့။
ထွန်းဦးတောင် တအံ့တသြ ဖြစ်သွားတယ်။
ဝယ်ခိုင်းတာ ကြာလှပြီ။အဖေက အချိန်ရွေ့လာတာတောင် တစ်နှစ်ကျော်ခဲ့ပြီ။
အခုမှ ဝယ်ပေးမယ်ဆိုလာတယ်။
ထွန်းဦးက “တယ်ဟုတ်တဲ့ ငါပါလား”
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။
ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်လောက်အောင်ကို အစဉ်ပြေလှတယ်။
အကြံကောင်းပေးတဲ့ လှိုင်ဘွားကိုလည်း ကျေးဇူးတင်မိတယ်။
တစ်နေ့မှာတော့ တစ်ရပ်ကွက်ထဲအတူနေတဲ့ လူပျိုကြီးဦးတင်လှဝင်း အိမ်လာလည်တယ်။
မိသားစုထဲအဝင်အထွက် အမြဲတမ်းရှိပြီး တစ်အိမ်သားလုံးနဲ့လည်း ခင်မင်ရင်းနှီးသူဖြစ်တာမို့
ထွန်းဦးက သူ့ရဲ့အကြံကောင်းကို အသုံးပြုချင်လာတယ်။
ဒါနဲ့ ဘေးနားမှာ လူတစ်ယောက်မှမရှိတုန်း အခွင့်ကောင်းကို အသုံးချလိုက်ပါတယ်။
ထွန်းဦးက “ဦးလေး…ဦးလေးရဲ့လျှို့ဝှက်ချက်ကို ကျနော်သိသွားပြီ”လို့ပြောလိုက်ပါတယ်။
လူပျိုကြီးဦးတင်လှဝင်းပြန်ပြောလိုက်တာက…
“ဒီလိုဆိုရင်လည်း ဦးလေးလို့မခေါ်ဘဲ အဖေလို့သာ ခေါ်လိုက်ပါတော့ သားရယ်”တဲ့။


++++++++++++++++++++++++++++++++++++++++++++++++++
လူတိုင်းကိုယ်စီမှာ အခြားသူကို ပြောမပြချင်လောက်တဲ့ 
လျှို့ဝှက်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ
အပြစ်အနာအဆာတွေကတော့ လက်နှီးစုတ်လို အစွန်းအထင်းတွေကများများလာတတ်ကြတယ်။
အချို့လျှို့ဝှက်ချက်တွေက မသိတာက ပိုကောင်းပါတယ်။
ပိုနေမြဲ ကျားနေမြဲ ဆိုသလို နေလို့ရတာပေါ့။
သိသွားတော့ နေဖို့ခက်ခဲသွားတတ်တာမျိုးဆိုရင် ဘယ်ကောင်းမလဲ။
++++++++++++++++++++++++++++++++++++++++++++++++++
ဆရာတော်တစ်ပါး ဟောသလို
"လျှို့ဝှက်ချက်ကို မသိစေချင်ရင် မသိအောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ ရှိတယ်။
အဲဒီနည်းလမ်းကတော့ အဲဒီလျှို့ဝှက်ချက်ကို မလုပ်မိဖို့ပါပဲ" တဲ့။

Saturday, June 9, 2012

"စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးထားပါ..."






တစ်ခါတုန်းက ပညာရှိကြီးတစ်ယောက်ဟာ မီးရထားနဲ့ခရီးသွားပါတယ်။
အဲဒီပညာရှိရဲ့အနားမှာ လူငယ်တစ်ယောက်ဟာ ငေးငေးမှိုင်မှိုင်နဲ့ထိုင်ပြီး
ရထားရဲ့ပြူတင်ပေါက်ကနေ အပြင်ကို ငေးနေပါတယ်။
ဒီတော့ ပညာရှိကြီးဟာ လူငယ်ကို မေးလိုက်ပါတယ်။
“ဘယ်ကို သွားမလို့လဲ” ပေါ့။
လူငယ်က ပြန်ဖြေပါတယ်။
“ မြို့တက်ပြီး အလုပ်သွားလုပ်မလို့ပါ”
“ဒီလိုဆို တောမှာ အလုပ်မရှိလို့လား” လို့ ပညာရှိက မေးလိုက်ပါတယ်။
“ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်က လယ်ဧက ငါးဧကလောက်လိုချင်လို့ပါ။ 
အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ မြို့တက်ပြီး ငွေသွားရှာမလို့ပါ”
လို့ပြန်ပြောလိုက်ပါတယ်။
ဒီတော့ ပညာရှိကြီးကပြန်ပြောလိုက်တာက
“လူကလေးရယ်။
 စိတ်ကူးဆိုတာ ငွေပေးရတာမှတ်လို့၊
ဘာကြောင့် လယ်ဧက ငါးဧကလောက် စိတ်ကူးရသလဲ
ကူးမှကူးလည်း လယ်ဧက ငါးရာကို 
ငါတစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ကူးမျိုး
ကူးပါတော့လားကွယ်”တဲ့။


+++++++++++++++++++++++++++

အဲဒီပညာရှိကြီးဟာ လူပေါင်းသန်း၂၀၀ကျော်ရဲ့ဘဝတွေကို 
ကျွန်ဘဝက လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့
မဟတ္တမ ဂန္ဒီ ဖြစ်ပါတယ်။
ဂန္ဒီပြောလိုတာက 
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးမားမား ထားဖို့ပါ။
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးထားပြီး 
မေတ္တာအခြေခံနဲ့အလုပ်ကို ကြိုးစားလုပ်ဖို့
သူ့ဘဝတစ်လျှောက်လုံး သက်သေပြသွားခဲ့ပါတယ်။ 
လူကြီးမင်းကိုလည်း လယ်ကွင်းတွေ တွေ့လေတိုင်း
ဂန္ဒီ ပြောခဲ့တဲ့စကားကို အမှတ်ရနေစေချင်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com