တစ်ခါတုန်းက
တာချီလိတ်မြို့ရဲ့
ရှမ်းရိုးမအားကစားကွင်းမှာ အထက်တန်းကျောင်းမှ
ခုနှစ်တန်းကျောင်းသားများ
ချိန်းပြီး ဘောလုံးကန်ကြတယ်။
ထွန်းဦးတို့ပါတဲ့အဖွဲ့က
နိုင်တယ်။
အိုလံပစ်စားသောက်ဆိုင်မှာ စားသောက်ပြီး ထွန်းဦးနဲ့လှိုင်ဘွားတို့နှစ်ယောက်ဟာ
ရွှေတိဂုံဘုရားပေါ်ကို တက်လာကြတယ်။
လှိုင်ဘွားက
“စားပေါက်တစ်ခုတွေ့ထားတယ်။ မင်းသိချင်လား”
လို့ ထွန်းဦးကိုမေးလိုက်တယ်။
“ဘယ်လိုစားပေါက်လဲ”
လို့ ထွန်းဦးကမေးလိုက်တယ်။
“ဘယ်သူနဲ့ဖြစ်ဖြစ်
တစ်ယောက်ချင်းတွေ့တဲ့အချိန်မှာ
“လျှို့ဝှက်ချက်ကို
သိသွားပြီ”လို့သာခပ်တည်တည်နဲ့ပြော၊
အဲဒါ စားပေါက်ပဲ။
အဲဒါနဲ့ ငါစားနေတာကြာပြီ။
အရမ်းအစဉ်ပြေတယ်”လို့ပြောပြီးနောက်
နှစ်ဦးသားဟာ ဘုရားပေါ်က
ဆင်းလာကြတယ်။
အိမ်ရောက်တော့
ထွန်းဦးက မီးဖိုချောင်မှာ အမေတစ်ယောက်ထဲချက်ပြုတ်နေတာကို တွေ့လိုက်ရတယ်။
လှိုင်ဘွားပြောလိုက်တဲ့စကားကို
စမ်းသတ်ချင်တာနဲ့
ဘေးပတ်ဝန်ကျင်ကို
တစ်ချက်ကြည့်လိုက်တယ်။
ဘယ်သူမှမရှိမှန်းသေချာတော့မှ
အမေအနားကို
ကပ်သွားပြီး ပြောလိုက်တယ်။
“အမေ…အမေ့ရဲ့လျှို့ဝှက်ချက်ကို
သားသိသွားပြီ”လို့ပြောလိုက်တယ်။
အမေဖြစ်သူဒေါ်နန်းသူဇာဟာ
မျက်နှာပျက်သွားတယ်။
ပတ်ဝန်ကျင်ကို
တစ်ချက်ဝှေ့ကြည့်လိုက်တယ်။
ပြီးတော့မှ
သားကိုပြောလိုက်တယ်။
“သား ဘယ်သူ့ကိုမှ
မပြောနဲ့နော်။ ရော့…သားကြိုက်တာသုံးဖို့ ဘတ်ငါးရာ ”
တာချီလိတ်မြို့ဟာ
ထိုင်းဘတ်ကို သုံးတဲ့မြို့ဖြစ်တယ်။
ဘတ်နှစ်ဆယ်တောင်းရင်တောင်
အကြောင်းအမျိုးမျိုးနဲ့မပေးတတ်တဲ့အမေက
ဘတ်ငါးရာပေးတော့
တော်တော်အံသြသွားတယ်။
တော်တော်ကောင်းတဲ့စားပေါက်ပါလားလို့
သဘောပေါက်လာမိတယ်။
နောက်တစ်နေ့မှာ
အဖေဖြစ်သူဦးအေးမောင် တစ်ယောက်တည်းရှိတုန်း
ထွန်းဦးက
အဖေအနားကပ်သွားပြီး
“ အဖေ့ရဲ့လျှို့ဝှက်ချက်ကို
သား သိသွားပြီ”လို့ပြောလိုက်တယ်။
“ဟေ!!! သား
ဘယ်သူ့မှ မပြောနဲ့နော်။
သားလိုချင်တဲ့ဆိုင်ကယ်အသစ်ကို အဖေ ဝယ်ပေးမယ်”တဲ့။
ထွန်းဦးတောင်
တအံ့တသြ ဖြစ်သွားတယ်။
ဝယ်ခိုင်းတာ
ကြာလှပြီ။အဖေက အချိန်ရွေ့လာတာတောင် တစ်နှစ်ကျော်ခဲ့ပြီ။
အခုမှ ဝယ်ပေးမယ်ဆိုလာတယ်။
ထွန်းဦးက
“တယ်ဟုတ်တဲ့ ငါပါလား”
ဝမ်းမြောက်ဝမ်းသာ
ဖြစ်သွားတယ်။
ကိုယ့်ကိုယ်ကို
စိတ်ကြီးဝင်လောက်အောင်ကို အစဉ်ပြေလှတယ်။
အကြံကောင်းပေးတဲ့
လှိုင်ဘွားကိုလည်း ကျေးဇူးတင်မိတယ်။
တစ်နေ့မှာတော့
တစ်ရပ်ကွက်ထဲအတူနေတဲ့ လူပျိုကြီးဦးတင်လှဝင်း အိမ်လာလည်တယ်။
မိသားစုထဲအဝင်အထွက်
အမြဲတမ်းရှိပြီး တစ်အိမ်သားလုံးနဲ့လည်း ခင်မင်ရင်းနှီးသူဖြစ်တာမို့
ထွန်းဦးက
သူ့ရဲ့အကြံကောင်းကို အသုံးပြုချင်လာတယ်။
ဒါနဲ့ ဘေးနားမှာ
လူတစ်ယောက်မှမရှိတုန်း အခွင့်ကောင်းကို အသုံးချလိုက်ပါတယ်။
ထွန်းဦးက
“ဦးလေး…ဦးလေးရဲ့လျှို့ဝှက်ချက်ကို ကျနော်သိသွားပြီ”လို့ပြောလိုက်ပါတယ်။
လူပျိုကြီးဦးတင်လှဝင်းပြန်ပြောလိုက်တာက…
“ဒီလိုဆိုရင်လည်း
ဦးလေးလို့မခေါ်ဘဲ အဖေလို့သာ ခေါ်လိုက်ပါတော့ သားရယ်”တဲ့။
++++++++++++++++++++++++++++++++++++++++++++++++++
လူတိုင်းကိုယ်စီမှာ အခြားသူကို ပြောမပြချင်လောက်တဲ့
လျှို့ဝှက်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ
အပြစ်အနာအဆာတွေကတော့ လက်နှီးစုတ်လို အစွန်းအထင်းတွေကများများလာတတ်ကြတယ်။
အချို့လျှို့ဝှက်ချက်တွေက မသိတာက ပိုကောင်းပါတယ်။
ပိုနေမြဲ ကျားနေမြဲ ဆိုသလို နေလို့ရတာပေါ့။
သိသွားတော့ နေဖို့ခက်ခဲသွားတတ်တာမျိုးဆိုရင် ဘယ်ကောင်းမလဲ။
++++++++++++++++++++++++++++++++++++++++++++++++++
ဆရာတော်တစ်ပါး ဟောသလို
"လျှို့ဝှက်ချက်ကို မသိစေချင်ရင် မသိအောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ ရှိတယ်။
အဲဒီနည်းလမ်းကတော့ အဲဒီလျှို့ဝှက်ချက်ကို မလုပ်မိဖို့ပါပဲ" တဲ့။
No comments:
Post a Comment