Thursday, March 4, 2010

“ အကောင်းလေးလည်း ရှိအုန်းမှ...”



ဆေးပညာမှာ ပါရဂူမြောက်တဲ့ ဆရာဇီဝကဟာ

ဘုရားရှင်ရဲ့ ကျန်းမာရေးကိစ္စအဝဝကို

စောင့်ရှောက် ကုသပေးနေတဲ့ သောတာပန် အရိယာကျောင်းဒကာတစ်ဦး ဖြစ်တယ်။

ဒီ့ပြင် ဗိမ္ဗိသာရမင်းကြီးရဲ့နန်းတွင်းသမားတော်ကြီးလည်းဖြစ်ပါတယ်။

ဆရာဇီဝကဟာ အဇာတသတ်မင်းသားက ခမည်းတော်ကြီးကိုဖယ်ရှားပြီး

ထီးနန်းစည်းစိမ်ကို သိမ်းပိုက်တဲ့အခါကျတော့လည်း

နန်းတွင်းသမားတော်တာဝန်ကို ဆက်လက်ထမ်းဆောင် နေရပါတယ်။

ရှင်ဘုရင်ကတာဝန်ပေးလို့သာ အမှုတော်ထမ်းနေရပေမယ့်

ဆရာဇီဝကရဲ့စိတ်ထဲမှာ

အဇာတသတ်ဟာ အလွန်ကျေးဇူးကန်းတယ်၊

ခမည်းတော်အရင်းကို ဖယ်ရှားပြီး အချိန်မကျသေးဘဲနဲ့

ထီးနန်းအာဏာကို မတရားသိမ်းပိုက်ထားတဲ့ မင်းဖြစ်တယ်။

ဆိုတဲ့ စိတ်ထားနဲ့ အဇာတသတ်မင်းအပေါ်မှာ အမြင်မကြည်လင်ပါဘူး၊

စကားတောင်မှမေးပြော ခေါ်ထူးသဘောမျိုးနဲ့နေခဲ့ပါတယ်။

တစ်နေ့တော့ အဇာတသတ်မင်းကြီးက ရာဇဂြိုဟ်မြို့ထဲမှာ မီးလောင်မှုခဏခဏဖြစ်လွန်းလို့

မီးလောင်မှုဖြစ်ပွားသူ ဘယ်သူမဆို မြို့ပြင်ထွက်နေရမယ်

လို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မကြာခင်မှာပဲ အဇာတသတ်မင်းရဲ့နန်းတော်ဝင်းထဲမှာ မီးလောင်မှုဖြစ်တဲ့အခါ

အဇာတသတ်မင်းကြီးက

ငါထုတ်ပြန်ထားတဲ့အမိန့်အရ ငါ့နန်းတော်ကိုမြို့ပြင်ထုတ်စေ

လို့ဆုံးဖြတ်ပြီး

မြို့သစ်ကိုတည်စေခဲ့တယ်။

အဇာတသတ်မင်းရဲ့ဆုံးဖြတ်ချက်ကိုလဲ ကြားလိုက်ရော

ဆရာဇီဝကစိတ်ထဲမှာ

ဒီမင်းသားဟာ ဖခင်အရင်းခေါက်ခေါက်ကြီးကိုသတ်မိတဲ့အထိ မိုက်လုံးကြီးခဲ့ပေမယ့်

သူ့အမိန့်သူတော့ လေးစားနာခံဖော်ရပေသားပဲ၊

ဒီလိုဆိုရင်တော့လည်း မဆိုးလှပါဘူး။

ပြုပြင်လို့ရနိုင်တဲ့ စိတ်ဓါတ်ကောင်းတော့ ရှိပေသားပဲ

လို့တွေးပြီး

အဇာတသတ်မင်းအပေါ် အမြင်ပြန်ကြည်သွားပါတယ်။

ဒါကြောင့်အဇာတသတ်မင်းကို ဘုရားရှင်ထံရောက်အောင်

ဆရာဇီဝကကိုယ်တိုင် စီစဉ်ပေးတာဖြစ်ပါတယ်။

ဘုရားရှင်နဲ့တွေ့ပြီးလို့ သာသနာတော်ရဲ့ကျေးဇူးကို သိခွင့်ရပြီးချိန်မှာတော့

အဇာတသတ်မင်းဟာ အပြစ်တွေ ပြေရာပြေကြောင်းအတွက် အများကြီးကျိုးစားခဲ့ပါတယ်။

ပထမဦးဆုံး သံဂါယနာတင်ပွဲကြီးအောင်မြင် ပြီးမြောက်အောင် တာဝန်ယူခဲ့ပါတယ်။


ဒါပေမယ့်...အဆိုးက အဆိုးပါဘဲ။

အကောင်းကလည်း အကောင်းပါဘဲ။

အကျိုးပေးတော့လည်း သတ်သတ်စီပါ။

တစ်ဘဝ စံစားရဖို့အတွက်

သံသရာနဲ့ချီပြီး ဘဝပေါင်းများစွာ ခံလိုက်ရတာကတော့

မတန်ပါဘူး။

သင်ခန်းစာယူတတ်မယ်ဆိုရင်

ယူစရာပါဘဲ။

Saturday, February 13, 2010

“ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ...”




တစ်ခါတွင် လယ်တီဆရာတော်ဘုရားကြီး သင်္ဘောစီးပြီး ခရီးထွက်တော်မူတယ်။
မနက်မိုးလင်းအချိန်တွင် ဆရာတော်ရဲ့ပစ္စည်းများသူခိုး ခိုးသွားတယ်။
မိုးလင်းလို့ ပစ္စည်းပျောက်တာကို တွေ့သွားတာနဲ့ ကပ္ပိယက
“ဆရာတော် လုပ်ပါဦးဘုရား၊ ဒုက္ခတော့ ရောက်ကုန်ပြီ၊ ရဲတိုင်မှ ဖြစ်တော့မယ်။”
“ဘာတုန်းဟ...ကပ္ပိယရဲ့၊ မင်းဟာ အရင်းမပါ အဖျားမပါ
ပြူးတူးပြဲတဲနဲ့ တိုးတိုးသက်သာ ပြောစမ်းပါ”
“ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား၊
ဒါကြောင့် သင်္ဘေင်္ာရဲကို တိုင်မှ ဖြစ်မယ်ဘုရား”

“ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ
ကိုယ်ကလည်း သူများပစ္စည်းခိုးခဲ့ဖူးလို့ဖြစ်မှာပေါ့ဟဲ့၊
သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ
တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ၊
အသာနေစမ်းပါ ကပ္ပိယရယ်...
မင်းလုပ်လိုက်မှ ငါသူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်”



(ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)...
မထေရ်မြတ်တို့ စကားဝိုင်း စာအုပ်မှ.....)
တရားရှိသူနဲ့တရားမရှိသူများကွာချင်တိုင်းကွာနေတတ်ပါတယ်။
တရားရှိသူများကတော့ လောကဓံအဆိုးများကြုံတိုင်း တရားအသိကြောင့်
ကုသိုလ်ဖြစ်အောင် တွေးတတ်တယ်။
ကုသိုလ်ဖြစ်အောင် ပြောတတ်တယ်။
ကုသိုလ်ဖြစ်အောင် လုပ်တတ်တယ်။

တရားမရှိသူများကတော့ လောကဓံအဆိုးများနဲ့တွေ့လေတိုင်း
ဒေါသတွေထွက်၊ အကုသိုလ်တွေတက်၊
အဆိုးသံသရာဝဲထဲကမထွက်အောင် လည်နေပါတော့တယ်။

Friday, February 12, 2010

“ သီလကို ဈေးတွက်တွက်မိသောအခါ....”



တစ်ခါတုန်းက ဥပုသ်နေ့တစ်နေ့မှာ

ကိုရင်လေး သုမန ဆွမ်းခံကြွလာတုန်း ဒကာကြီးဦးတင်ဝင်းက ထွက်ပြီးပင့်တယ်။

“ကိုရင်လေး ခဏကြွပါဦး”

အဲဒါနဲ့ ကိုရင်လေးကကြွပြီး ခင်းထားတဲ့နေရာမှာ အကျအနထိုင်လိုက်ပါတယ်။

ဒကာကြီးက ဆွမ်းလောင်းပြီးနောက် လက်အုပ်လေးချီကာ

“ကိုရင်လေး တပည့်တော်ကျောင်းသွားပြီး ဥပုသ်ယူဖို့ မမှီတော့လို့

တပည့်တော်ကို ရှစ်ပါးသီလပေးပါဘုရား”လို့ လျှောက်ထားပါတယ်။

ဒီတော့ ကိုရင်လေးကစဉ်းစားတယ်။

“ဆရာတော်က ဆယ်ပါးသီလကို မယုတ်မလျော့အောင် နေရမယ် လို့ မှာကြားထားတယ်။

အခု ရှစ်ပါးသီလတောင်းနေပြီး၊ဘယ်လိုလုပ်ရမလဲ?”

ကိုရင်လေးဆီက အသံမထွက်လာတော့ ဒကာကြီးကထပ်ပြီး

“ကိုရင်လေး တပည့်တော်ကို ရှစ်ပါးသီလ ပေးတော်မူပါဘုရား”လို့ထပ်လျှောက်ပြန်ပါတယ်။

ဒီတော့ ကိုရင်လေး သုမနက

“ဒကာကြီးရာ…ကိုရင်မှာကဆယ်ပါးရှိတာ။

ဒကာကြီးကိုရှစ်ပါးပေးလိုက်တော့ နှစ်ပါးပဲကျန်တော့မပေါ့။

မဖြစ်ပါဘူး။ဆရာတော်ဆူလိမ့်မယ်။”ဆိုပြီး ထပြန်သွားပါတော့တယ်။

ဒကာကြီးဦးတင်ဝင်းမှာ ကြမ်းခင်းတွင် ပုဆစ်တုတ်လျက် ငုတ်တုတ်ကျန်ရစ်ခဲ့ပါတယ်။


ရဟန်းတော်များက သီလကတော့…(၂၂၇)သွယ်သောဝိနည်းတော်များ၊

ကိုရင်များကတော့ (၁၀)ပါးသောသီလ၊

ဥပုသ်သည်များကတော့ (၈)ပါးသောသီလ၊

သာမန်လူများကတော့ (၅)ပါးသောသီလ၊ဆိုပြီးခွဲခြားထားပါတယ်။

သီလဆိုတာ မကျိုးမပေါက်အောင် စောင့်ထိမ်းရသောအကျင့်ဖြစ်တယ်။

Sunday, February 7, 2010

“အတွေးကြောင့် ပြေး...ပြေး...”



တစ်ခါတုန်းက ဆန်စပါးကို

တစ်နေရာက တစ်နေရာကို အရောက်ပို့ဆောင်ရောင်းချနိုင်ရင်

အမြတ်အစွန်းကြီးကြီးမားမား ရနိုင်တဲ့အချိန်ဖြစ်တယ်။

ဒါကြောင့် မြန်မာတစ်ယောက်ဟာ ရှမ်းမိတ်ဆွေ တစ်ယောက်ကို အဖော်ပြုကာ

ရှမ်းရွာဘက်ကို ဆန်ရောင်းဖို့အတွက် ခရီးထွက်ခဲ့ကြတယ်။

တောတစ်တောကို ဖြတ်သန်းနေစဉ်

ကျား၊ဆင် စတဲ့ တောရဲတိရ စ္ဆာန်တို့ရဲ့ရန်ကို စိုးရိမ်တာကြောင့်

ဆန်အိတ်ထမ်းလာတဲ့ မြန်မာကရှေ့၊

ရှမ်းကနောက်ကသွားနေတုန်း ရှေ့ကဆန်အိတ်ပေါက်တာကို တွေ့မြင်ရတဲ့အတွက်

ရှမ်းကဆန်အိတ်ပေါက်တယ်”လို့လှမ်းပြီး ပြောလိုက်တယ်။

ဒါပေမယ့် (ဆန်အိတ်ပေါက်တယ်)ဆိုတဲ့စကားက အသံဝဲတဲ့အတွက်

မြန်မာရဲ့နားမှာ ”ဆင်အီးပေါက်တယ်” လို့ကြားလိုက်တယ်။

မြန်မာကတွေးတာက “ဆင်အီးပေါက်သံကြားရင်တော့ ဆင်ကမဝေးတော့ဘူးလို့

တွေးတောကာ နောက်ကို လှည့်မကြည့်ဘဲ တအားကုန်ပြေးတော့တယ်။

နောက်ကရှမ်းကလည်း မြန်မာဟာအကြောင်းမရှိဘဲနဲ့တော့ မပြေးတန်ရာ၊

ပြေးစရာအကြောင်းရှိတဲ့ အတွက်သာ ပြေးတာဘဲဖြစ်မယ်ဆိုပြီး

နောက်ကလိုက်ပြေးလေတော့တယ်။

ရှမ်းကပြေးတဲ့အတွက် မြန်မာလည်း အမှန်ပင် ဆင်နဲ့နီးနေပြီလို့ ယူဆတွေးတောကာ

ပို၍ပိုကာမြန်မြန်ပြေးတယ်။

ရှမ်းကလည်း မြန်မာကိုအမီလိုက်တဲ့အခါ နှစ်ယောက်သားမှာ အားကုန်ပြေးနေလေတော့တယ်။

မြန်မာကရှေ့ကပြေး၊

ရှမ်းကနောက်ကအမီလိုက်ပြေး၊

နှစ်ယောက်စလုံး အလွန်မောလာတဲ့အခါ မပြေးနိုင်တော့အောင် ဖြစ်လာတယ်။

နောက်ဆုံးတော့ သစ်ပင်တစ်ပင်အောက်မှာ နားကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြေးရတဲ့အကြောင်းကို မေးကြ၊

ရှင်းကြလေတော့မှ “ဆန်အိတ်ပေါက်တယ်” ဆိုတာကို

“ ဆင်အီးပေါက်တယ်” လို့နားကြားလွဲပြီး ပြေးကြကြောင်းကို သိရတော့တယ်။

အဲဒီတော့မှ မောမိသမျှ နှမြောတသကြရလေတယ်။

“ မေတ္တာသုခ တုမရ...”



လောကကြီးထဲမှာ မေတ္တာလောက်ကောင်းတာ

ဘာမှမရှိဘူး။

မေတ္တာဟာ လောကကြီးတစ်ခုလုံးတွင်

တန်ခိုးအထက်ဆုံး

အချမ်းသာဆုံး တရားကြီးပဲ

ချမ်းသာမှု တကာတို့တွင်

ဘယ်ချမ်းသာနဲ့မှ မတူဘူး

မေတ္တာတရားကိုသာ

စွဲစွဲမြဲမြဲ လက်ကိုင်ထားနိုင်ရင်

သံသရာကျင်လည်ရသည့်တိုင်အောင်

ဘာမှကြောက်စရာမရှိတော့ဘူး ။


(တောင်တန်းဆရာတော် ဦးဥတ္တမသာရ)

Saturday, February 6, 2010

“ မေတ္တာဘာဝနာ ပွားများပါ...”



ဘုရားနှင့်တကွ သံဃာတော်အားလုံးကို

ဆွမ်းကျွေးခြင်းကုသိုလ်၊

ကျောင်းဆောက်လှူခြင်း ကုသိုလ် တို့ထက်

နံ့သာတရှုခန့်

သို့မဟုတ်

နွားနို့တစ်ညှစ်ခန့်

“သတ္တဝါတွေ

စိတ်ချမ်းသာကြပါစေ၊

ကိုယ်ကျန်းမာကြပါစေ”ဟု

ပွားများလိုက်သော မေတ္တာဘာဝနာ

ကုသိုလ်အကျိုးက

ပို၍ကြီးမားပါသည်။


(အဂုင်္တ္တိုရ်ပါဠိတော် နဝကနိပါတ်၊

သီဟနာဒဝဂ်ဝေလာမသုတ်) မှ……

Thursday, February 4, 2010

“ အကောင်းဆုံးမို့ ဆွမ်းတော်ကပ်ထားပါတယ်။...”



ရှေးတုန်းက ရွာတစ်ရွာမှာ
အကောင်းမှ ကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါးရယ်၊
ဘုန်းကြီးလိုပဲ အကောင်းမှ ကြိုက်တတ်တဲ့ ကျောင်းသားတစ်ဦးရယ် ရှိကြပါတယ်။
တစ်နေ့တော့ ဆရာ၊တပည့် ဆွမ်းခံထွက်လာကြတယ်။
ပထမ ဆယ်အိမ်လောက်မှာ ဆွမ်းကမကောင်းပါ။
ပဲပြုတ်၊ချဉ်ရည်၊ ပဲရေပွများသာ လောင်းကြတယ်။
သို့နှင့် ရွာလယ်ကသူကြီးအိမ်ကိုရောက်တော့
သူကြီးအိမ်က ဝက်သားဟင်းတစ်ခွက်လောင်းလိုက်တယ်။
အကောင်းကြိုက်တတ်တဲ့ဆရာ၊တပည့်နှစ်ဦးစလုံး ဖွင့်မကြည့်ပါ။
ဒါပေမယ့် စိတ်ထဲက ကျိတ်ပြီးဝမ်းသာနေကြတယ်။
ကျောင်းကိုရောက်လာတဲ့အခါ ဆွမ်းပွဲပြင်ပြီးကပ်တယ်။
ဘုန်းကြီးကဆွမ်းပွဲကို ကြည့်တယ်။ ဝက်သားဟင်းခွက် မပါ။

“သာအေး...ဟိုဟင်းလဲ မပါပါလား?”
ဘုန်းကြီးက တပည့်ကျောင်းသားလေး သာအေးကိုမေးတယ်။

“ဘယ်ဟင်းလဲ ဘုရား”
“ဟဲ့...သူကြီးအိမ်ကလောင်းလိုက်တဲ့ ဟင်းလေ”
“အော်...ဝက်သားဟင်းခွက်လား ဘုရား။ မှန်လှပါ ဒီနေ့ရလာတဲ့ ဆွမ်းဟင်းတွေထဲမှာ အဲဒီဆွမ်းဟင်းသာ အကောင်းဆုံးဖြစ်လို့ ခုပဲ တပည့်တော် ဘုရားမှာ ဆွမ်းတော်တင်ထားပါတယ် ဘုရား”

ကျောင်းသားလေး သာအေးက ဖြေတယ်။
ဘုရားမှာ ဆွမ်းတော်တင်ထားတဲ့အတွက် ဘယ်မှ စောဒက မတက်သာတော့ပေ။
ဆွမ်းတော်စွန့်ရင် သာအေးအားရပါးရ စားတော့မယ်ကိုသိတယ်။

“အင်း...သာအေးတို့က လူသာငယ်တာ၊ ဘုရားကို ကြည်ညိုတဲ့နေရာမှာတော့ ရှာမှရှားပဲ။
စေတနာကလဲ
ကောင်းပါကွာ”
လို့ငေါ့တော့တော့နဲ့မိန့်တော်မူပါတယ်။

“ စနေလေ-စနေလွင့်...”



ရှေးရှေးတုန်းက ဘုန်းကြီးတစ်ပါးဟာ တပည့်ဒကာများစွာနဲ့

ကြီးမားတဲ့ကျောင်းကြီးမှာ သီတင်းသုံးနေထိုင်ပါတယ်။

အဲဒီဘုန်းကြီးကို ဘုရင်နဲ့တကွ မှူးကြီး၊မတ်ကြီးများပါ မကျန်

ဆည်းကပ်ကိုးကွယ်ကြပါတယ်။

တစ်ခါတွင် မှူးမတ်ပေါင်းစုံညီစွာ လာရောက်ဖူးမြော်ရင်း

သီတင်းသီလ ချီးမြှင့်ကာ အလ္လာပသလ္လာပ စကားများပြောကြရင်း

စနေသားများ ထွန်းကားတတ်ကြောင်း စကားရောက်သွားကြကာ

တစ်ယောက်နဲ့တစ်ယောက် မေးမြန်းကြတယ်။

ဘုန်းကြီးကအစ လာလာသမျှ မှူးကြီး၊ မတ်ကြီး၊ စစ်ဗိုလ်ကြီးစတဲ့

ကြီးကြီးမှန်သမျှတို့ဟာ အားလုံး စနေသားချည်းဖြစ်နေရာ

ဘုန်းကြီးမှာ ဝမ်းသာဂုဏ်ယူ နေပါတယ်။

“ဟုတ်တယ် ဒကာတို့ရေ… စနေသားတွေဟာ အလွန်တရာကြီးပွားချမ်းသာ

ထင်ပေါ်ကျော်စောတတ်တယ်။

ကြည့်လေ၊ မြို့စားကြီးလည်း စနေသား၊

မြို့ဝန်လည်းစနေသား၊

စစ်ဗိုလ်မှူးကြီးလည်းစနေသား၊

ကျုပ်လည်း စနေသား၊

စနေသားများဟာတန်ခိုးမသေးဘူး၊ အကျိုးပေးထူးချွန်ကြသကွဲ့”

လို့ မိန့်ကြားလေရာ ကျောင်းအောက်က တိုင်ခြေကို မှီပြီးနားထောင်နေတဲ့

သူတောင်းစားတစ်ယောက်က အားရဝမ်းသာ ကျောင်းပေါ်ကိုတက်လာပြီး

“ ဘုရားတပည့်တော်လဲ စနေသားပါဘုရား၊

ဘာကြောင့်များ တောင်းစားနေရသလဲဆိုတာ လျှောက်ထားခွင့်ပြုပါဘုရား”လို့

လျှောက်ထားရာ

“အော်…ဖြစ်ရလေ၊

နင့်စနေက စနေလေ-စနေလွင့်”

လို့မိန့်ကြားလိုက်သတဲ့ကွယ်.........။

“ငါးချဉ်ကလေးများ ဝယ်လိုက်ကြပါဦး...”



တစ်ခါတုန်းက ရွာတစ်ရွာမှာ ငါးချဉ်သည် မိအေးရွှေဆိုသူရှိတယ်။

တစ်နေ့တော့ ရွာတစ်ရွာသို့ ငါးချဉ်သွားရောင်းတုန်း အလှူတစ်ခုနဲ့ဆုံတယ်။

အလှူမှာ ထမင်းဝင်ပြီးစားတယ်။

စားပြီးနောက်ချက်ချင်းထပြန်ဖို့အားနာတယ်။

ဒါကြောင့် တရားဝင်ပြီးနာတယ်။

တရားဟောတဲ့ဘုန်းကြီးမှာ အသံကလည်းကောင်းတယ်။

အဆိုအငို မြိုင်စွာနဲ့ ဟောနေတဲ့တရားဝတ္တုကြောင်းကလည်း ကောင်းတယ်။

ပြီးတော့ သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေတဲ့အတွက်

နေစောင်းတဲ့အခါမှ တရားချနိုင်တော့တယ်။

အလှူရှင်က ရေစက်ချပြီး အမျှ…အမျှ…အမျှ ဟုအမျှဝေတယ်။

ကြားကြားသမျှ အားလုံးက

သာဓု…သာဓု…သာဓု…ဟု အနုမောဒနာပြုကြတယ်။

ပရိသတ်ထဲက ထပြန်ဖို့အခက်တွေ့ပြီး

ငါးချဉ်ရောင်းဖို့ စိတ်စောနေတဲ့ မိအေးရွှေက…

“ငါးချဉ်ကလေးများ ဝယ်လိုက်ကြပါဦး”

လို့ အသံစူးစူးနဲ့ ထ၍ အော်တယ်။

သာဓု ခေါ်သံကြားထဲက ငါးချဉ်ရောင်းသံ ဖေါက်ထွက်လာတဲ့အတွက်

ငါးချဉ်သည် မိအေးရွှေကို အားလုံးက ဝိုင်း၍ ကြည့်ကြတယ်။

ဒီတော့ မိအေးရွှေက…

“တရားကလဲကောင်း၊ ကျမ ငါးချဉ်ကလည်း ကောင်းလို့အော်ရောင်းရတာပါ”

လို့ အရှက်ပြေ ပြောလိုက်လေသတည်း။



အချို့လူတွေကသနားဖို့အလွန်ကောင်းလှပါတယ်။

ကုသိုလ်ရဖို့အခွင့်အရေး ရနေပါလျက် ကုသိုလ်ကို စိတ်မဝင်စားနိုင်ရှာဘူး။

လောဘနောက်ကို တကောက်ကောက်လိုက်နေရင်း

ဘဝရဲ့အဖိုးတန်အချိန်တွေ ကုန်လွန်သွားရတယ်။

ကုသိုလ်ကအနားမှာ ရှိနေပါသော်လည်း

စိတ်က အကုသိုလ်မှာဘဲ တဝဲဝဲလည်နေရှာတယ်။

တမလွန်ကဝေးလွန်းလို့ တမလွန်အတွက် မစဉ်းစားနိုင်ရင်တောင်

ပစ္စုပ္ပန်ကာလမှာ ကုသိုလ်ရဲ့အေးချမ်းမှုကို

အကုသိုလ်ရဲ့ပူလောင်မှုနဲ့လဲလှယ်နေတာကတော့

ဉာဏ်နည်းလွန်းရာရောက်မနေဘူးလား? လို့……………………မေးလိုက်ချင်ပါရဲ့။

Sunday, January 31, 2010

“ ဒေါသထွက်လေ….ပိုမှားလေ…”



တစ်ခါတုန်းက အလွန်ဒေါသကြီးတဲ့ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။

ဘာမှသည်းမခံတတ်ဘူး။

စကားတစ်ခွန်းကို နှစ်ခါပြောရရင်ကို စိတ်ကတိုနေပြီ။

စိတ်တိုတဲ့အတွက် မှားမှန်းလည်းသိတယ်။

မှားမှန်းသိပေမယ့် မထိန်းချုပ်နိုင်ဘူး။

ဒေါသကို မထိန်းချုပ်နိုင်တဲ့အတွက် မှားပေါင်းလည်းများလှပါတယ်။

အဲဒီဘုန်းတော်ကြီးရဲ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီးတစ်ပင်ရှိတယ်။

အဲဒါကို အစွဲပြုပြီး အနီးအနားပတ်ဝန်းကျင်က

ရွာသူရွာသားတွေက ဘုန်းတော်ကြီးကို

“ဖက်ယားပင်ဆရာတော်” လို့ခေါ်ကြတယ်။

ဒီခေါ်သံကို မကြာခဏကြားရတော့ သူဒေါသထွက်လာတယ်။

ဒါနဲ့ပဲ တစ်နေ့တော့

ဖက်ယားပင်ကြီးကို ခုတ်ပစ်လိုက်တယ်။

သစ်ပင်ကြီးခုတ်လိုက်တော့ သစ်ပင်ဟာ ငုတ်တိုလေးကျန်ခဲ့တယ်။

ဒါနဲ့ပဲ လူတွေကသူ့ကို

“သစ်ငုတ်တိုဆရာတော်”လို့ပြောင်းခေါ်ကြတယ်။

ဒါကိုကြားရပြန်တော့ ဒေါသထွက်လာပြန်တယ်။

ဒါလောက်တောင်ရှိလှတယ်ကွာဆိုပြီး

သစ်ငုတ်တိုကိုပါ အမြစ်က တူးထုတ်ပစ်လိုက်တယ်။

ငုတ်မရှိတဲ့အခါမှာတော့ လူတွေက တစ်မျိုးပြောင်းခေါ်ကြပြန်တယ်။

“ငုတ်တူးဆရာတော်” လို့ဆိုကြပြန်တယ်။





ဒေါသဆိုတာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။

ဒေါသဖြစ်ချိန်မှာတော့ ရုပ်ကိုဆိုးစေတယ်။

ရင်ကိုပူလောင်စေတယ်။

အသက်ကို တိုစေတယ်။

ပညာရှင်များရဲ့သုတေသနပြုချက်တစ်ခုမှာတော့

သာမန်လူတစ်ယောက်ရဲ့သွေး(၂) ml (မီလီ လီတာ)ကိုဖေါက်ထုတ်ပြီး

ကြွက်ဖြူလေးရဲ့ကိုယ်ခန္ဓာထဲကို အပ်နဲ့ထိုးသွင်းလိုက်ပါတယ်။

ကြွက်ဖြူလေး ဘာမှမဖြစ်ပါ။

ထိုလူကို ဒေါသထွက်စေပြီးနောက် ထိုလူရဲ့သွေး(၂)ml (မီလီ လီတာ)ကို ဖေါက်ထုတ်ပြီး

ကြွက်ဖြူလေးကို ထိုးသွင်းလိုက်သောအခါ (၅)မီနစ်အတွင်းမှာပင်

ထိုကြွက်ဖြူလေးသေဆုံးသွားပါတော့တယ်။

ဒီသုတေသနပြုချက်အရ ဒေါသဖြစ်ချိန်တွင် ကိုယ်ခန္ဓာအတွင်း လူကို အန္တရာယ်ဖြစ်စေတဲ့

အဆိပ်အတောက် အများအပြားထွက်ကြောင်း သက်သေထင်ရှားခဲ့ပါတယ်။

ထိုပြင် ဒေါသဟာ အကုသိုလ်လည်းဖြစ်တယ်။

ဒေါသဖြစ်နေချိန်မှာတော့ အဲဒီလူဟာ အကုသိုလ်ကို

ဈေးကြီးကြီးပေးပြီးဝယ်ယူနေတာနဲ့တူပါတယ်။

ဆိုးကျိုးများလွန်းလှတဲ့ဒေါသကို နိုင်တာကတော့ မေတ္တာနဲ့သတိ ပါပဲ။

လူအချင်းချင်း မေတ္တာထားနိုင်ကြပါစေ။

သတိတရားနဲ့ဒေါသကို အနိုင်ယူနိုင်ကြပါစေ။







“ တစ်မျိုးမကတဲ့ ထွက်ပေါက်...”



တစ်နေ့တော့ တောလမ်းမှာ ဇီးကွက်နဲ့ငုံး တွေ့ကြတယ်။

ငုံးက “ကိုဇီးကွက်…ဘယ်သွားမလို့လဲ?”

ဇီးကွက်က “လူတွေက ငါ့အသံကို မကြိုက်တဲ့အတွက် ဒီရွာကပြောင်းတော့မလို့လေ”

ငုံးက “နေဦးလေဗျာ…စဉ်းစားစမ်းပါဦး ။

ခင်ဗျားရဲ့အသံကို လူတွေကမကြိုက်ဘူးဆိုလို့ အခြားရွာကို ပြောင်းပြီတဲ့ဗျာ။

နောက်တစ်ရွာရောက်တော့ကော

လူတွေက ခင်ဗျားရဲ့အသံကို ကြိုက်မတဲ့လား?

သူတို့မကြိုက်ဘူးဆိုတိုင်းသာ ပြောင်းနေရင် ခင်ဗျားပြောင်းလို့ဆုံးတော့မှာမဟုတ်ဘူး။

အဲဒီတော့ ရွာပြောင်းမယ့်အစား ခင်ဗျားရဲ့အသံကို လူတွေနားခံသာအောင်

ပြုပြင်ပြောင်းလဲဖို့ကြိုးစားကြည့်ရင်ပိုမကောင်းဘူးလား?လို့

ငုံးလေးကအကြံပေးလိုက်ပါတယ်။


တစ်ခါတစ်ရံ ကျနော်တို့ဟာ အတွေးထဲမှာ ချောင်ပိတ်မိနေတတ်တယ်။

ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းတဲ့နည်းလမ်းဟာ တစ်ခုထဲထင်နေတတ်တယ်။

ဒီတစ်ခုဟာလည်း အကောင်းဆုံးဖြေရှင်းနည်းလို့ထင်တတ်ပြန်တယ်။

တကယ်တော့ အကောင်းဆုံးဖြေရှင်းနည်းဆိုတာ တစ်မျိုးမကရှိနေတတ်ပါတယ်။

ဒီနည်းလမ်းအပြင်ဘာများရှိဦးမလဲဆိုပြီး စဉ်းစားတတ်ဖို့လိုပါတယ်။

ဒါမှမဟုတ်ရင်လည်း

( ငုံးလေးလို ) ကိုယ့်ကိုအကြံကောင်းပေးနိုင်မယ့်မိတ်ဆွေကောင်းနဲ့တိုင်ပင်သင့်ပါတယ်။


လူကြီးမင်းဟာ ဘာဘဲဖြစ်ဖြစ် တစ်မျိုးမကတဲ့ ထွက်ပေါက် က ထွက်နိုင်ကြပါစေ။

ချောင်ပိတ်မိသူတွေထဲ မပါပါစေနဲ့။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com