ရှေးရှေးတုန်းက ဘုန်းကြီးတစ်ပါးဟာ တပည့်ဒကာများစွာနဲ့
ကြီးမားတဲ့ကျောင်းကြီးမှာ သီတင်းသုံးနေထိုင်ပါတယ်။
အဲဒီဘုန်းကြီးကို ဘုရင်နဲ့တကွ မှူးကြီး၊မတ်ကြီးများပါ မကျန်
ဆည်းကပ်ကိုးကွယ်ကြပါတယ်။
တစ်ခါတွင် မှူးမတ်ပေါင်းစုံညီစွာ လာရောက်ဖူးမြော်ရင်း
သီတင်းသီလ ချီးမြှင့်ကာ အလ္လာပသလ္လာပ စကားများပြောကြရင်း
စနေသားများ ထွန်းကားတတ်ကြောင်း စကားရောက်သွားကြကာ
တစ်ယောက်နဲ့တစ်ယောက် မေးမြန်းကြတယ်။
ဘုန်းကြီးကအစ လာလာသမျှ မှူးကြီး၊ မတ်ကြီး၊ စစ်ဗိုလ်ကြီးစတဲ့
ကြီးကြီးမှန်သမျှတို့ဟာ အားလုံး စနေသားချည်းဖြစ်နေရာ
ဘုန်းကြီးမှာ ဝမ်းသာဂုဏ်ယူ နေပါတယ်။
“ဟုတ်တယ် ဒကာတို့ရေ… စနေသားတွေဟာ အလွန်တရာကြီးပွားချမ်းသာ
ထင်ပေါ်ကျော်စောတတ်တယ်။
ကြည့်လေ၊ မြို့စားကြီးလည်း စနေသား၊
မြို့ဝန်လည်းစနေသား၊
စစ်ဗိုလ်မှူးကြီးလည်းစနေသား၊
ကျုပ်လည်း စနေသား၊
စနေသားများဟာတန်ခိုးမသေးဘူး၊ အကျိုးပေးထူးချွန်ကြသကွဲ့”
လို့ မိန့်ကြားလေရာ ကျောင်းအောက်က တိုင်ခြေကို မှီပြီးနားထောင်နေတဲ့
သူတောင်းစားတစ်ယောက်က အားရဝမ်းသာ ကျောင်းပေါ်ကိုတက်လာပြီး
“ ဘုရားတပည့်တော်လဲ စနေသားပါဘုရား၊
ဘာကြောင့်များ တောင်းစားနေရသလဲဆိုတာ လျှောက်ထားခွင့်ပြုပါဘုရား”လို့
လျှောက်ထားရာ
“အော်…ဖြစ်ရလေ၊
နင့်စနေက စနေလေ-စနေလွင့်”
လို့မိန့်ကြားလိုက်သတဲ့ကွယ်.........။
No comments:
Post a Comment