တစ်ခါတုန်းက သားအမိနှစ်ယောက်
အေးအေးဆေးဆေး ခြံစိုက်စားကြတယ်။
တစ်နေ့ အမေဖြစ်သူ ဒေါ်စိန်စိန်ဟာ နေမကောင်းဖြစ်ပြီး
အိပ်ရာထဲ လဲတယ်။
သားဖြစ်သူ ကိုအေးက ဆရာဝန်
ဒေါက်တာ ဦးကိုယုကို ပင့်ခေါ်တယ်။
ဆရာဝန်က လူနာကို ကြည့်ပြီးနောက်
သားဖြစ်သူကိုအေး ကို ဘေးဘက်ခေါ်ထုတ်ပြီးပြောတယ်။
“ ခင်ဗျားအမေ အားပြတ်လို့လဲတာပါ။
ခင်ဗျားကို အကြံတစ်ခုပေးမယ်။
သူ့ကို ဘရန်ဒီ နည်းနည်း တိုက်ကြည့်ပါ။
စိတ်အားတက်ကြွလာပြီး အစာစားလာမယ်။
မကြာခင် ထူထူထောင်ထောင် ဖြစ်လာမယ် ”
ကိုအေးက
“ဒုက္ခပါပဲ ဒေါက်တာရယ်၊
ကျနော့်အမေက အရက်ကို လက်ဖျားနဲ့တောင်
တို့ထိတာ မဟုတ်ဘူးခင်ဗျ ”
ဒေါက်တာဦးကိုယုက
“ ဒီလိုလုပ်၊
နွားနို့နဲ့ဘရမ်ဒီကို တစ်ဝက်စီ ရောပြီးတိုက်၊
သူ့ကို ဘာမှ မပြောနဲ့၊
ကျန်းမာရေးအတွက် တိုက်တာပဲ။
ဒီလိုမှ မလုပ်ရင် ဒီတောင်ကကျော်နိုင်မှာမဟုတ်တော့ဘူး ”
ဒေါက်တာဦးကိုယု ပြောတဲ့အတိုင်း သားဖြစ်သူကိုအေးက
ဘရမ်ဒီကို အိမ်မှာ မွေးထားတဲ့ နွားမမှ ညှစ်လို့ရတဲ့ နို့နဲ့ရောပြီးတိုက်တယ်။
ပထမမှာတော့ အမေက နည်းနည်းပဲ သောက်တယ်။
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုသောက်လာတယ်။
တစ်နေ့မှာတော့ ဘရန်ဒီနဲ့နွားနို့တစ်ဝက်စီ ရောထားတဲ့
တစ်ပုလင်းလုံးကို တစ်ကျိုက်တည်းမော့ချလိုက်တယ်။
ကျေနပ်တဲ့အသံနဲ့ အမေစိန်ကပြောတယ်။
“ သား၊
အိမ်က နွားမကို
ဘယ်တော့မှ မရောင်းနဲ့နော်၊
သား ကြားလား ”
No comments:
Post a Comment