တစ်ခါတုန်းက
ဖိုးသူတော်တစ်ယောက်ဟာ
ခရီးသွားနဲ့ အသင့်တွေ့ရတဲ့ ပြောင်းခင်းကို ဝင်ပြီး
ပြောင်းဖူးတစ်ဖူးကို ခူးယူလိုက်ပါတယ်။
အကာရွက်များကို
ဖယ်ရှားလိုက်တဲ့အခါမှာတော့
စားချင်စရာ မကောင်းတဲ့ ကျိုးတိုးကျဲတဲ ပြောင်းဖူးစေ့
အနည်းငယ်ကိုသာ တွေ့လိုက်တဲ့အတွက် ဖိုးသူတော်က
“ ညံ့လိုက်တဲ့ ပြောင်းဖူးနှယ်၊
စားစရာအစေ့လေးတောင် ပြည့်စုံအောင် မပါဘူး ”
လို့ ပြောလိုက်တယ်။
ဒီတော့ ပြောင်ဖူးက-
“ ဦးသူတော်၊
ကျုပ်က အဆံများများပါအောင် ဖူးချင်တာပေါ့။
ဒီပြောင်းပင်ကမှ သန်သန်မာမာနဲ့ အစေ့ပါအောင်
ဖူးမပေးတာ ကျုပ်က ဘာတတ်နိုင်မှာတုန်း ”
ဒီတော့ ဦးသူတော်က
“ ဟုတ်ပါ့၊
ဒီပြောင်းပင်ကလည်း အစေ့များများပါအောင်
ဘာကြောင့်ဖူးမပေးရသလဲ မသိပါဘူး ”
လို့ပြန်ပြောတယ်
အဲဒီအခါ ပြောင်းပင်က
“ ဦးသူတော်၊
ကျုပ်က အစေ့အပြည့်ပါအောင် ဖူးပေးချင်ပါတယ်။
ကျုပ်ပေါက်လာရတဲ့ ဟောဒီမြေကမှ သြဇာမရှိတာ၊
ဘယ်တတ်နိုင်ပါ့မတုန်း ”
“ ဟုတ်သားပဲ၊
မြေကြီးကလည်း ဘာလို့ မြေဆီသြဇာ မရှိရသလဲ မသိပါဘူး ”
လို့ ဦးသူတော်က ပြောပါတယ်။
အဲဒီအခါ မြေကြီးက
“ ဦးသူတော်ရယ်၊
မိုးကမှ မှန်မှန်မရွာတဲ့ဟာ
ကျုပ်မှာလည်း ဘယ်ကမြေဆီသြဇာရှိတော့မှာလဲ ”
ဖိုးသူတော်က
“ ဟုတ်သားပဲ၊
ဒီမိုးကလည်း ဘာဖြစ်လို့မှန်မှန်မရွာတယ် မသိပါဘူး ”
အဲဒီအခါ မိုးက
“ ဦးသူတော်၊
ကျုပ်က မှန်မှန်ရွာပေးချင်တာပေါ့၊
ဒီပြည်သူပြည်သားတွေကမှ အကျင့်စာရိတ္တမကောင်းကြတာ၊
ဘယ်ရွာချပေးလို့ရမလဲ ”
ဖိုးသူတော်က
ဟုတ်သားပဲ၊
ဒီပြည်သူပြည်သားတွေကလည်း
ဘာဖြစ်လို့ အကျင့်စာရိတ္တကောင်းအောင်
မနေကြသလဲ မသိပါဘူး ”
အဲဒီအခါ ပြည်သူပြည်သားတွေက
“ ဦးသူတော် ကျုပ်တို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ကမှ
မင်းကျင့်တရားဆယ်ပါးနဲ့မညီတာ
ကျုပ်တို့က ဘယ်လိုလုပ် အကျင့်စာရိတ္တကောင်းနိုင်တော့မှာလဲ ”
ဖိုးသူတော်က
ဟုတ်သားပဲ၊
ဒီရှင်ဘုရင်ကလဲ ဘာဖြစ်လို့
မင်းကျင့်တရား ဆယ်ပါးနဲ့အညီ မအုပ်ချုပ်ရသလဲ မသိပါဘူး ”
အဲဒီအခါ ရှင်ဘုရင်က
“ ဦးသူတော်၊
ဘုရင်နဲ့တကွ တိုင်းသူပြည်သားအားလုံးတို့ ကိုးကွယ်ကြတဲ့
ဦးသူတော်ကိုယ်တိုင်က သူတစ်ပါး ပြောင်းခင်းထဲဝင်ပြီး
ပြောင်းဖူးခိုးနေမှတော့ ကျန်တဲ့သူအားလုံး အကျင့်စာရိတ္တ
ကောင်းနိုင်ပါတော့မလား ”
လို့ ပြောလိုက်ပါတယ်။
ဒီတော့မှ ဦးသူတော်ကလည်း
“ ဟုတ်သားပဲ၊
သူတစ်ပါး အကိုးကွယ်ခံဖြစ်တဲ့ ငါ ကိုယ်တိုင်ကမှ
တရားပျက်နေရင် ကျန်တဲ့သူတွေ ပိုဆိုးတော့မှာပေါ့ ”
လို့ သတိတရားဝင်ကာ
သူကိုယ်တိုင်ကစပြီး တရားစောင့်မှ
တစ်တိုင်းပြည်လုံးကလည်း
တရားစောင့်လာကြတဲ့အတွက်
တိုင်း ပြည်ကြီးလည်း သာယာဝပြော၍ လာလေတော့သတည်း။
No comments:
Post a Comment