စွန် မင်းဆက် (960-1279) ဘုရင် ဂွန်စွန်းရဲ့လက်ထက်မှာ
စိုင်စင်း ဆိုတဲ့ ၀န်ကြီးတစ်ယောက်ရှိခဲ့တယ်။
တစ်နေ့တွင် သူရဲ့သားများအတွက် ဆရာတစ်ယောက် ရှာပေးဖို့
တူဖြစ်သူအားတာဝန်ပေးလိုက်တယ်။
ကလေးတွေကို အနာဂတ်မှာ မှူးကြီး၊မတ်ကြီးဖြစ်လာစေရေးအတွက်
ဆရာဟာ လိုအပ်တဲ့ပညာသင်ပေးရမှာဖြစ်တယ်။
ဆရာတစ်ယောက်ကို တူတော်မောင် ကရှာလာတယ်။
ဆရာဟာ ရောက်လာကတည်းက
အရေး၊အဖတ်နဲ့ စာစီစာကုံးရေးနည်းများကို သင်ပေးရမယ့်အစား
ကောင်းကောင်းပြေးတတ်ဖို့ကိုပဲ သင်ပေးပါတယ်။
ပထမပိုင်း ၀န်ကြီးရဲ့ကလေးများဟာ ဆရာကို အလွန်သဘောကျကြတယ်။
စာအုပ်ကိုင်ပြီး စာကျက်မှတ်ရမယ့်အစား
ပြေးနေရတာကို ပိုပြီး နှစ်သက်စရာဖြစ်နေလို့ပါဘဲ။
ဒါပေမယ့် ရက်တော်တော်ကြာလာတဲ့အခါ ချာတိတ်တွေက ငြီးငွေ့စပြုလာတယ်။
ခြေထောက်တွေနာလာတယ်။
ပင်ပန်းတဲ့အလုပ်ချည်းတစ်ချိန်လုံး လုပ်နေရတော့
သက်သာတဲ့အလုပ်ကို ပြောင်းလုပ်ချင်လာတယ်။
ဒါကြောင့် စာတွေကိုလေ့လာ၊သင်ကြားရတာက
ကောင်းမယ်လို့သဘောပေါက်လာတယ်။
ဒါနဲ့ပဲ ဆရာကို ပြောကြည့်ကြတယ်။
ဆရာက သူတို့ရဲ့သဘောထားကို ပယ်ချလိုက်တယ်။
“မရဘူး။
အပြေးပဲ ဆက်လေ့ကျင့်ရမယ် ”
လို့ပြောတယ်။
`ဘာဖြစ်လို့လဲ....´
ကလေးတွေက တစ်သံတည်း ပြန်မေးကြတယ်။
ဆရာပြန်ဖြေလိုက်တာကတော့....
“ ဘာဖြစ်ရမလဲ၊
မင်းတို့အဖေဟာ စိတ်ကောင်းရှိသူ မဟုတ်ဘူး။
လိမ်တဲ့လူ၊
မောက်မာတဲ့လူ၊
ပြည်သူတွေကို သူနှိပ်စက်လွန်းတာကြောင့်
လူတွေဟာ အမျိုးမျိုးဒုက္ခရောက်နေကြတယ်။
အဲဒီတော့ တစ်ချိန်ချိန်မှာ ကလဲ့စားခြေဖို့အတွက်
မင်းတို့ဆီ သူတို့ရောက်လာကြလိမ့်မယ်။
အဲဒီအခါမှာ သန်မြန်တဲ့ ခြေထောက်တွေကသာ
မင်းတို့ကို ကယ်တင်နိုင်လိမ့်မယ်။
ဒါကြောင့် မင်းတို့ ကောင်းကောင်းပြေးတတ်အောင် ငါသင်ပေးနေရတာပေါ့။ မင်းတို့ဆက်ပြီးအသက်ရှင်နေနိုင်ဖို့ဟာ ဒီတစ်နည်းပဲ ရှိတော့တယ်ဟေ့!........”
No comments:
Post a Comment