တစ်ခါတုန်းက ရွှေကို မက်မောလွန်းတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ်။
အဲဒီဘုရင်ကြီးရဲ့အချိန်တော်တော်များများဟာ ရွှေနဲ့ကုန်ဆုံးတာများပါတယ်။
တိုင်းပြည်အုပ်ချုပ်ဖို့ထက် ရွှေကိုကြည့်ပြီးကြည်နူးနေတာက များတာကြောင့်
တိုင်းသူပြည်သားတွေဟာ အဲဒီဘုရင်ကြီးရဲ့နောက်ကွယ်မှာ
ဘုရင်ကြီးရွှေရူးလို့တိုးတိုးတိတ်တိတ် ခေါ်ကြတာပေါ့။
ဘုရင်ကြီးကလည်းခေါ်လောက်စရာပါ။
အချိန်ရှိသရွေ့ ဘဏ္ဍာတိုက်ထဲဝင်ပြီး၊
အထဲမှာရှိတဲ့ရွှေတွေကို တစ်ခုပြီးတစ်ခုကိုင်တယ်။
ပြီးတော့ နမ်းတယ်၊
ပြီးတော့ ရင်ထဲပိုက်ထွေးထားတယ်၊
ပြီးတော့ ရွှေတွေပေါ်မှာ အိပ်တယ်။
တစ်နေ့မှာတော့ ဘုရင်ကြီးဟာ ရွှေတွေပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းမှာ
အိမ်မက်လိုလို၊ တကယ်လိုလိုနဲ့ တန်ခိုးရှင်တစ်ယောက်ပေါ်လာတယ်။
ဘုရင်ကြီးက သူတစ်ယောက်ထဲလို့ထင်ထားတော့ ရုတ်တရက်ဆိုတော့လန့်သွားတာပေါ့။
ကြောက်ကြောက်လန့်လန့်နဲ့
“ ဟေ့… သင်ဟာ ဘယ်သူလဲ ”
လို့အော်လိုက်တာပေါ့။
ဒီတော့ တန်ခိုးရှင်က
“ ငါ ဟာတန်ခိုးရှင်ပဲ၊
သင်မင်းကြီးကို ကူညီရအောင်ရောက်လာတာပါ။ ”
ဘုရင်ကြီးက မယုံကြည်နိုင်ဘူး၊
ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုသလိုပေါ့။
“ ဒီလိုဆိုရင် သင်တန်ခိုးရှင်ဟာ
ငါ အလိုရှိတာကို လုပ်ပေးနိုင်မလား ”
လို့ မေးလိုက်တာပေါ့။
တန်ခိုးရှင်က
“ အသင်မင်းကြီး၊ အလိုရှိတာကိုသာပြောပါ ”
မင်းကြီးက
“ ဒီလိုဆိုရင် ငါ့လက်နဲ့ ထိတာမှန်သမျှ အားလုံးရွှေဖြစ်အောင်လုပ်ပေးနိုင်မလား ”
“ အသင်မင်းကြီးအလိုရှိတိုင်းလုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် မင်းကြီး ထပ်စဉ်းစားပါအုန်း၊
အလိုရှိတိုင်း ရတာမျိုးဟာ အမြဲတမ်းကောင်းတာတော့မဟုတ်ဘူးနော်၊
ပြီးတော့ ဆုတောင်းပြည့်ပြီးရင် ပြန်ပြင်လို့ရတာမျိုးမဟုတ်တာကိုလည်း
သိထားဖို့လိုပါတယ်။ ”
လို့ ဘုရင်ကြီးကို သတိပေးပါတယ်။
မင်းကြီးက
“ ဘာဘဲဖြစ်ဖြစ် ငါ့လက်နဲ့ထိတဲ့အရာမှန်သမျှ
အားလုံး ရွှေဖြစ်စေချင်တာပဲ ”
လို့ထပ်တောင်းဆိုလိုက်ပါတယ်။
“ကဲ… အသင်မင်းကြီး၊ အလိုရှိတိုင်း ပြည့်စုံစေ ”
လို့ပြောပြီး တန်ခိုးရှင်ဟာ ပျောက်ကွယ်သွားပါတယ်။
ဘုရင်ကြီးဟာ ဟုတ်၊မဟုတ် သိချင်တာနဲ့
အနီးဆုံးမှာ ရှိတဲ့ တိုင်တစ်တိုင်ကို လက်နဲ့ကိုင်ကြည့်လိုက်တယ်။
အဲဒီတိုင်ဟာ ချက်ချင်းပဲ ရွှေအဖြစ်ပြောင်းသွားတယ်။
ဘုရင်ကြီး ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။
ပြီးတော့ ဘုရင်ကြီး ဘဏ္ဍာတိုက်ထဲက ဝမ်းသာအားရထွက်လာပါတယ်။
တွေ့တဲ့အရာတိုင်းကို လက်နဲ့ကိုင်သွားလိုက်တာ အားလုံး
ရွှေတွေချည်းဖြစ်သွားတော့တာပဲ။
ဘုရင်ကြီးက
“ဒီလောကမှာ ငါ့လောက် ချမ်းသာသူ မရှိတော့ဘူး ”
လို့ ကြုံးဝါးလိုက်ပါတယ်။
သိပ်မကြာပါဘူး၊
ဘုရင်ကြီးဟာ ရေငတ်လာတယ်။
ရွှေခွက်ကို ကိုင်လိုက်တာနဲ့ ရေတွေဟာ ရွှေအဖြစ်ပြောင်းလဲသွားတော့
ရေသောက်လို့မရဘူး ဖြစ်လာတယ်။
ဆာလောင်လာတဲ့အတွက် အစားအစာတွေကို ကိုင်လိုက်ရင်
စားစရာတွေအားလုံး ရွှေအဖြစ်ပြောင်းသွားတော့ အစားလည်း မစားဖြစ်တော့ပါ။
ကြာလာတာနဲ့အမျှ ဆာသထက်ဆာလာတယ်။
ဘုရင်ကြီး မပျော်နိုင်တော့ဘူး၊
ဘုရင်ကြီးလေသာပြူတင်းပေါက်က ငေးငိုင်ပြီးကြည့်နေချိန်မှာ
တစ်ဦးတည်းသောသမီးတော်လေးဟာ ပန်းဥယျာဉ်မှာ ဆော့ကစားနေတာတွေ့ရတယ်။
လိပ်ပြာလေးတွေကို ဖမ်းမရတာကြောင့် လိပ်ပြာလေးတွေ ဖမ်းပေးဖို့
ဘုရင်ကြီးဆီပြေးလာပြီး အပြောမှာ
အရှိန်လွန်ပြီး ဖခင်ဘုရင်ကြီးရင်ခွင်ထဲ အဝင်၊
ဘုရင်ကြီးက ကိုင်လိုက်မိတာကြောင့်
မင်းသမီးလေးဟာ ရွှေရုပ်တုလေးဖြစ်သွားပါတယ်။
ဘုရင်ကြီးဟာ သမီးတော်လေးအတွက် အကြီးအကျယ် ငိုကြွေးမိပါတယ်။
အကြီးအကျယ် နောင်တရမိပေမယ့် အချိန်ကနှောင်းသွားပြီ။
ဘုရင်ကြီးဟာ
နောက်ဆုံးမှာ အစားကလည်း မစားရတာကြောင့် ငတ်သေသွားတာလား၊
သမီးလေး သေဆုံးသွားတာကြောင့် နှလုံးကွဲပြီးသေသွားတာလား၊
ဆိုတာ
ဘယ်သူမှ မပြောနိုင်တော့ပါဘူး။
No comments:
Post a Comment