ချမ်းသာသူတစ်ဦးက သူ့ရဲ့မိတ်ဆွေရှေ့မှာ ညည်းတယ်။
“လူတွေက ကျနော်ကို မကြိုက်ကြဘူး။
ကျနော်ကို တစ်ကိုယ်ကောင်းဆန်တယ်။
ကပ်စေးနည်းတယ်လို့ပြောကြတယ်။
တကယ်တော့ ကျနော်ရဲ့ သေတမ်းစာထဲမှာ ကျနော်ပိုင်ဆိုင်တာတွေ အားလုံးကို
မိဘမဲ့ ဂေဟာကို လှူဒါန်းထားတာပါ”
လို့ ပြောပြပါတယ်။
အဲဒီအခါ နားထောင်နေတဲ့ မိတ်ဆွေက ဝက် နဲ့ နွားပုံပြင်ကို ချမ်းသာသူအတွက် ပြောပြပါတယ်။
“တစ်ခါတုန်းကပေါ့ဗျာ….ဝက် နဲ့ နွား နှစ်ကောင်ဟာ မိတ်ဆွေတွေဖြစ်ကြပါတယ်။
တစ်နေ့တော့ ဝက်ကနွားဆီလာပြီးညည်းပါတယ်။
“အို…ကိုနွားကြီး၊ လူတွေက ခင်ဗျားကောင်းကြောင်းပြောလိုက်ကြတာဗျာ။
ပြောလည်း ပြောသင့်ပါတယ်လေ။
ခင်ဗျားက သူတို့အတွက် နို့တွေ အမြဲပေးနေတာကိုး။
ဒါပေမယ့် သူတို့တွေ ကျနော်ဆီက ပိုတောင်ရကြပါတယ်ဗျာ…။
ကျနော်ရဲ့ အသားရော၊အဆီရော နံရိုးပါမကျန်ရကြပါတယ်။
ကျနော်ရဲ့ခြေ၊ လက်တွေနဲ့ အမြီးတောင် ချက်ပြုတ်စားကြပါသေးတယ်။
ဝက်သားတုတ်ထိုးဆိုပြီး ကျနော်ရဲ့တစ်ကိုယ်လုံးကို
အားရပါးရစားနေကြတာ ခင်ဗျားအမြင်ဘဲလေ။
ဒါပေမယ့် ဘယ်သူကမှ ကျနော်ကို ကောင်းတယ်လို့မပြောကြဘူး။
ကျနော့်ကို မကြိုက်ကြဘူး။
လူတွေအတွက် ကျနော်ဟာ ဘာမှ သုံးမရတဲ့ ဝက်တစ်ကောင်တဲ့ဗျာ ၊
အဲဒီလို ဘာကြောင့် ဖြစ်နေတာလဲဟင်”
လို့ဝက်က နွားကို ပြောပြပါတယ်။
နွားက စဉ်းစားပြီးပြန်ပြောတာက….
“ ဖြစ်နိုင်တာတစ်ခုတော့ရှိတယ်ဗျ။
ကျနော်က အသက်ရှင်နေတုန်းမှာ လူတွေကို အကျိုးပြုနေတာကိုး။
ခင်ဗျားကတော့ သေတော့မှ အကျိုးပြုတာကတော့…..... ကွာခြားနေတယ်ဗျ။ ”
လို့ ပြန်ဖြေလိုက်ပါတယ်။
No comments:
Post a Comment