တစ်ခါတုန်းကပေါ့လေ..ဦးလောဘဆိုတဲ့ လူတစ်ယောက်ရှိတယ်။
နာမည်နဲ့လိုက်အောင်ပါဘဲ
သူ့မှာငွေတွေ အမြောက်အများရှိနေပေမယ့်
လောဘရဲ့သဘောအတိုင်းပါပဲ ပို၍ပိုကာလိုချင်နေတော့တယ်။
သူ့မှာရှိတဲ့ငွေတွေကို သူခိုးတွေကလာခိုးမှာကိုလည်း
အလွန်စိုးရိမ်တဲ့အတွက်
သူခိုးမခိုးနိုင်တဲ့ကြီးမားတဲ့ သေတ္တာကြီးတစ်ခုကိုပြုလုပ်ပါတယ်။
အဲဒီသေတ္တာကြီးကို သူ့အခန်းတွင်းမှာ ထည့်ထားလိုက်ပါတယ်။
မိသားစုဝင်တွေတောင် ဘယ်သူမှမသိကြဘူး။
မိသားစုဝင်တွေ ကိုလည်းမယုံဘူးလေ။
တံခါးကို သံနဲ့လုပ်ထားပြီး မမြင်အောင် နံရံထဲမှာ ကွယ်ဝှက်ထားလိုက်တယ်။
အဲဒီသေတ္တာကြီးရှိတယ်ဆိုတာ ဘယ်သူမှ မမြင်တော့ဘူး။ ဘယ်သူမှ မသိဘူး။
အဲဒီသေတ္တာကြီးထဲကို ရွှေတွေ၊ငွေတွေ၊ အဖိုးတန်ရတနာတွေထည့်ထားပြီး
ညဖက်မှာ ဝင်ကြည့်ရတာကို ဦးလောဘ အလွန်နှစ်သက် သဘောကျနေလေ့ရှိတယ်။
တစ်နေ့တစ်ခြား သူရဲ့လက်ဖျားမှာ ငွေတွေ၊ရွှေတွေ
တစ်ဝေါဝေါဝင်နေတာကို သူဟာကျေနပ်နေပါတယ်။
တစ်နေ့မှာတော့ ဦးလောဘဟာ ကံကောင်းချင်တော့ ထီပေါက်ပါတယ်။
သိန်းတစ်ထောင်ဆုပေါက်တာပါ။
စိတ်တွေလှုပ်ရှားနေပါတယ်။
အရမ်းလည်း ပျော်နေပါတယ်။
ရလာတဲ့ငွေတွေကို အဲဒီသေတ္တာကြီးထဲကို အလျင်စလို ယူသွားမိတယ်။
ယူသွားနေကျ သော့တံကို အပြင်ဖက်မှာ မေ့ကျန်ခဲ့ပါတယ်။
သံတံခါးကတော့ အလိုအလျှောက်အမြဲပိတ်သွားတတ်ပါတယ်။
အခုလည်း သူဟာငွေတွေနဲ့ဝင်သွားတာနဲ့ တံခါးကအလိုလိုပိတ်သွားပါတယ်။
ငွေတွေကို ကြည့်ပြီးကျေနပ်နေတယ်။
အချိန်တန်လို့ အပြင်ဘက်ထွက်ချင်လာတော့မှ
သော့တံမေ့ကျန်ရစ်ခဲ့တာကိုသတိပြုမိတော့တယ်။
အဲဒီတော့မှ သူထိတ်လန့်လာတယ်။ ဖွင့်လို့လည်းမရဘူး။
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းကြည့်တယ်။
ဘယ်သူမှ မကြားတော့မလာကြဘူးပေါ့။
ဦးလောဘ ကံဆိုးပြီပေါ့။
ဒီလိုနဲ့အချိန်တွေ ကြာလာတော့ မိသားစုတွေက စိတ်ပူပြီးလိုက်ရှာကြတယ်။ ရပ်ကွက်လူကြီးတွေ၊ရဲတွေကိုအကူအညီတောင်းပြီးလိုက်ရှာကြတယ်။
ရက်ပေါင်းများစွာ လိုက်ရှာကြတယ်။
နောက်ဆုံးကျတော့မှ သူတို့တွေဟာ အဲဒီသေတ္တာကြီးကို
လုပ်ပေးတဲ့ ပန်းပဲဆရာကြီးကိုတွေ့ကြပါတယ်။
အဲဒီဆရာကြီးရဲ့ပြောပြချက်အရ
အဲဒီ အလိုလိုပိတ်တတ်တဲ့ သေတ္တာကြီးအကြောင်းကိုသိရတော့တယ်။
အလိုလိုပိတ်တဲ့ သေတ္တာကြီးကို လာကြည့်ကြတော့
အပြင်မှာ သော့တန်းလန်းဖြစ်နေတာကိုတွေ့ကြရတယ်။
သူတို့တွေ သောတ္တာကြီးကို ဖွင့်ကြည့်တော့ အထဲမှာ
ဦးလောဘဟာ ငွေတွေ၊ရွှေတွေဖက်ကို
လက်ကိုဆန့်တန်းရင်း သေနေတာကိုတွေ့ကြရပါတယ်။

No comments:
Post a Comment