တစ်ခါတုန်းက မွန်ပြည်နယ်က ကျေးရွာတစ်ရွာမှာ
ရွာဦးဘုန်းကြီးကျောင်းတစ်ကျောင်းက
ဆရာတော်အရှင်အိန္ဒြာသာရ ဟာ အကျင့်သိက္ခာနဲ့ ပြည့်စုံသူဖြစ်ပါတယ်။
အဲဒီရွာမှာ တောင်ကျောင်း၊မြောက်ကျောင်း၊အနောက်ကျောင်း၊အရှေ့ကျောင်းဆိုပြီး
ဘုန်းကြီးကျောင်းများစွာရှိပါတယ်။
ဒါကြောင့် သူတကာနဲ့သူရှိကြပေမယ့် ရွာမှာအခြားကျောင်းက
ချမ်းသာတဲ့မိသားစုဝင်တစ်ဦးဖြစ်တဲ့ဒေါ်မြမြဟာ
ဆရာတော် အရှင်အိန္ဒြာသာရ ကို မနာလိုဖြစ်ပြီး သပုတ်လေလွင့်ပြောဆိုပါတယ်။
အမျိုးမျိုး စွတ်စွဲပါတယ်။
သူ့ရဲ့စကားကြောင့် လွယ်လွယ်ကူကူယုံတတ်သူတွေက
ဆရာတော်ကို ရွာမှာ မနေနိုင်အောင် နည်းမျိုးစုံ တိုက်ခိုက်တော့တာပါပဲ။
ဒါ့ကြောင့် ဆရာတော်ဟာ ရွာကခွာပြီး
နိုင်ငံခြားမှာ သွားပြီးသီတင်းသုံးရတဲ့အခြေအနေအထိဖြစ်ခဲ့ရပါတယ်။
နှစ်အတော်ကြာတော့မှ
ဆရာတော်ဟာ နိုင်ငံခြားကနေ ခဏပြန်လာတော့ ရွာကို ပြန်လာပါတယ်။
အဲဒီအချိန်မှာဒေါ်မြမြဟာ သူမရဲ့အမှားကို သိပြီး ဆရာတော်ကိုလာတောင်းပန်ပါတယ်။
“ ဆရာတော်အပေါ် တပည့်တော်မ ပြစ်မှားခဲ့တာ၊
မကောင်းကြံခဲ့တာတွေအတွက် နောင်တရမိပါတယ်။
အခုတပည့်တော်မ လုပ်ပေးနိုင်တာရှိရင် မိန့်ပါ။
တပည့်တော်မ ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးချင်ပါတယ် အရှင်ဘုရား ”
လို့လျှောက်ထားပါတယ်။
ဆရာတော်က ခေါင်းအုံးတစ်လုံးကို ယူပြီး
“ရော့ ဒီခေါင်းအုံးယူပြီး ရွာလမ်းတစ်လျှောက်သွားပါ။
အပြန်လမ်းမှာ ဒီခေါင်းအုံးထဲက မှို့တွေကို လမ်းတစ်လျှောက် ကြဲချထားခဲ့ပါ ”
လို့ ပြောလိုက်ပါတယ်။
ဒေါ်မြမြဟာ ဆရာတော်ကျေနပ်အောင် ပြောတဲ့အတိုင်း လုပ်ပါတယ်။
လမ်းမှာ ကြဲချခဲ့တဲ့ မှို့တွေဟာ လေတိုက်တိုင်း ဟိုလွင့်၊ ဒီလွင့်နဲ့ လွင့်ကုန်ပါတော့တယ်။
ဒေါ်မြမြဟာ ဆရာတော်ပြောတဲ့အတိုင်းလုပ်ပြီးတော့ ကျောင်းကို ပြန်လာပါတယ်။
“ ဆရာတော် တပည့်တော်မ လုပ်ခဲ့ပြီးပါပြီ။
ဘာဆက်လုပ်စရာ ကျန်သေးလဲ ဘုရား ”
လို့ မေးပါတယ်။
ဆရာတော်က
“ ကဲ ကောင်းပါပြီ ပစ်ထုတ်လိုက်တဲ့ မှို့တွေကို ပြန်စုပြီး ဒီခေါင်းအုံးထဲ ပြန်ထည့်ခဲ့ပါ ”
လို့ ဒေါ်မြမြကို ထပ်ခိုင်းပါတယ်။
ဒေါ်မြမြက
“ဟာ အဲဒါတော့ မဖြစ်နိုင်တော့ပါဘူး၊ မှို့တွေဟာ လေနဲ့အတူ
ဟိုလွင့်၊ ဒီလွင့်နဲ့ လွင့်ကုန်ပါပြီ ”
လို့ပြန်လျှောက်ထားပါတယ်။
ဒီတော့မှ ဆရာတော်က
“တကာမကြီး မကောင်းတဲ့စကားဟာ ဒီလိုပဲ လေနဲ့အတူ
လွင့်ချင်တိုင်းလွင့်တတ်တဲ့သဘောရှိတဲ့အတွက်
မပြောခင်ကထဲက စဉ်းစားပြီးမှပြောပါ။
ပြောပြီးရင်တော့ ဘယ်တော့မှ ပြန်သိမ်းဆည်းလို့မရတတ်ဘူး ”
လို့ဆရာတော်က မိန့်ကြားလိုက်ပါတယ်။
No comments:
Post a Comment