တစ်ခါတုန်းက...
မိန်းမကြီးတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။
သားကြီးက ထီးရောင်းတယ်။
သားငယ်က အထည်တွေကို ဆေးဆိုးတဲ့အလုပ်လုပ်တယ်။
နေပူတဲ့အခါ သားကြီးရဲ့ထီးတွေ ရောင်းမကောင်းဘူး။
အဲဒီအမေအိုကြီးက ငိုတယ်။
သားကြီးအတွက်စိတ်မကောင်းဖြစ်ပြီး ငိုရတယ်။
ဟော...မိုးရွာတဲ့အခါမှာတော့
သားငယ်ရဲ့ဆေးဆိုးတဲ့အလုပ်က ဆေးမခြောက်တော့ဘူး။
သားငယ်ရဲ့အလုပ်ကမကောင်းပြန်ဘူး။
သားငယ်အတွက်စိတ်မကောင်းဖြစ်ပြီး အမေအိုကြီးက ငိုပြန်ရော။
အဲဒီတော့ အမေအိုကြီးအဖို့
နေပူလည်းငို၊
မိုးရွာလည်းငို
ဆိုတော့ တစ်ချိန်လုံးငိုနေရတာပေါ့။
ဒါကြောင့် ပတ်ဝန်ကျင်က လူတွေက သူမကို
အမေငိုလို့ အမည်ပေးကြတယ်။
တစ်နေ့တော့ အမေအိုကြီးငိုနေတာကို
ခရီးသွားတစ်ယောက်ကမြင်ပြီး
ဘာကြောင့်ငိုသလဲလို့မေးတာပေါ့။
အမေအိုကြီးက ငိုရတဲ့အကြောင်းကိုအမှန်အတိုင်း ပြောတာပေါ့။
ဒီတော့ အမေအိုကြီးရဲ့အဆိုးမြင်စိတ်ကြောင့် ငိုနေရပါလားလို့
ခရီးသွားက သတိထားမိသွားတာပေါ့။
“ အမေငိုရယ်...
အကောင်းမြင်စိတ်ကိုမွေးပြီး
နေပူတဲ့အခါ သားငယ်အတွက်
အထည်တွေကို အခြောက်လှန်းခွင့်ရတဲ့ အတွက်
အမေအိုကြီးဝမ်းမြောက်ဝမ်းသာဖြစ်သင့်ပါတယ်။
မိုးရွာတဲ့အခါမှာလည်း
ထီးရောင်းကောင်းတဲ့ သားကြီးအတွက် ၀မ်းသာသင့်တယ် ”
လို့ အကြံပေးလိုက်ပါတယ်။
အဲဒီအချိန်ကစပြီး အမေအိုကြီးဟာ
သဘောထားကိုပြောင်းလိုက်တဲ့အတွက်
အမေအိုကြီးရဲ့မျက်နှာမှာ အမြဲတမ်း အပြုံးတွေ ဝေနေပါတော့တယ်။
အဆိုးမြင်စိတ်ဟာ
မကောင်းမှန်းသိပေမယ့် အကျင့်ဖြစ်နေရင်...
ကိုယ်စိတ်ကို ခွာချဖို့ဆိုတာ မလွယ်ပါဘူး။
အကောင်းမြင်စိတ်ဟာလည်း
မွေးမြူလို့ရနိုင်တဲ့ စိတ်ဓါတ်မျိုးဖြစ်ပါတယ်။
ဘယ်စိတ်ဓါတ်မျိုးက
ကိုယ့်အတွက် တွက်ခြေကိုက်မယ် ဆိုတာကတော့
ကိုယ်နဲ့ပဲ ဆိုင်မယ်ထင်မိပါတယ်။
No comments:
Post a Comment