Thursday, October 1, 2015

“ဥာဏ်တုံးလွန်းတဲ့ ခြင်္သေ့…”





တစ်ခါတုန်းက
တောတစ်တောမှာ ခြင်္သေ့တစ်ကောင် ကြီးစိုးနေတယ်။
အဲဒီခြင်္သေ့ဟာ ဆာလောင်လာတဲ့အခါ တောထဲမှာရှိတဲ့သားကောင်တွေကို
ဖမ်းစားတယ်။ သားကောင်မျိုးစုံဟာ သေမှာကြောက်တဲ့အတွက် လွတ်ရိုးလွတ်ငြား ထွက်ပြေးရင်း
တစ်ကောင်နဲ့တစ်ကောင် တိုက်ကြ၊ သစ်ပင်တွေနဲ့တိုက်ကြနဲ့အတော်များများဟာ သေကြတယ်။
ခြင်္သေ့စားတာက တစ်ကောင်ထဲ။ သေတာက အကောင်များစွာဖြစ်နေတာကြောင့်
တောမှာရှိတဲ့တိရိစ္ဆာန်တွေ အစည်းအဝေးလုပ်ကြတယ်။
နောက်ဆုံးယုန်တစ်ကောင်ပြောတာက “နေ့တိုင်း ခြင်္သေ့က သားကောင်တစ်ကောင်ကျ စားနေတယ်။
သေမှာကြောက်တော့ ထွက်ပြေးရင်း တိုက်ခိုက်မိတော့ ပိုသေကြတယ်။
အဲဒီလိုမဖြစ်အောင် မဲနှိုက်မယ်။ မဲပေါက်သူက ခြင်္သေ့ဆီကိုသွားပြီး အစားခံမယ်။
ဒီလိုဆိုရင် ကျန်တဲ့တိရိစ္ဆာန်တွေ မသေကြေကြတော့ဘူးပေါ့” လို့ပြောတယ်။
ယုန်ကြီးပြောတဲ့အတိုင်း တိရိစ္ဆာန်တွေက သဘောတူကြတယ်။
ဒါနဲ့ပဲ ယုန်ကြီးက ခြင်္သေ့ကို သွားပြောပြတယ်။
ခြင်္သေ့က သဘောတူတယ်။ အချိန်ကိုတော့ သတ်မှတ်ပေးလိုက်တယ် ။
နေ့လည် ၁၂-နာရီတိတိမှာ ရောက်အောင်လာရမယ်လို့ပြောလိုက်တယ်။
ဒီစံနစ်အတိုင်းပဲ ခြင်္သေ့ဆီကို မဲပေါက်သူက တစ်နေ့တစ်ကောင်ကျ သွားအစားခံတယ်။
ခြင်္သေ့ကလည်း သက်သက်သာသာနဲ့စားသောက်နေရတာကို သဘောတွေ့နေတယ်။
တစ်နေ့တော့ သမင်မလေးတစ်ကောင် မဲပေါက်တယ်။
သမင်မလေးက သူမမှာ ကိုယ်ဝန်ရှိနေတယ်။
 သားသမီးလေးမွေးပြီးမှ အစားခံချင်တယ်လို့ ယုံကိုငိုပြီးတောင်းဆိုတယ်။
သေတဲ့အလုပ်မျိုးဟာ ဘယ်သူမှ အစားဝင်ချင်မှာမဟုတ်ဘူး။
ဒါကြောင့် သူကိုယ်တိုင်ပဲ ခြင်္သေ့ရဲ့အစားခံဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ပဲ ခြင်္သေ့ဆီကို ယုံကသွားတယ်။
အစားခံနေကျ နေ့လည် ၁၂-နာရီလည်းရောက်မလာ။
နေ့လည် ၁-နာရီလည်း ယုံရောက်မလာ။
နေ့လည် ၂-နာရီထိုးတော့ ခြင်္သေ့က အတော်ဆာလောင်နေပြီ။
ဒေါသလည်း ဖြစ်နေပြီ။
နေ့လည် ၃-နာရီထိုးမှ ယုံရောက်လာတယ်။
ခြင်္သေ့က “ဘာဖြစ်လို့နောက်ကျတာလဲ” လို့မေးတယ်။
ယုံက “ခြင်္သေ့ကြီးဆီအစားခံဖို့အလာလမ်းမှာ အခြင်္သေ့တစ်ကောင်က
ဖမ်းထားပြီး စားမယ်လုပ်လို့မနည်းတောင်းပန်ပြီးမှ ထွက်လာရလို့
နောက်ကျသွားတာပါ” လို့ပြန်ဖြေတယ်။
အခြားခြင်္သေ့ဆိုတဲ့အသံကို ကြားတော့
“ငါ မင်းမူနေတဲ့တောထဲမှာ အခြားခြင်္သေ့တစ်ကောင်က ဘာဖြစ်လို့
ကျူးကျော်ဝင်ရောက်လာတာလဲ” ဆိုပြီး ဒေါသပိုထွက်လာတယ်။
အဲဒီခြင်္သေ့ရှိတဲ့နေရာကို “ငါ့ကို လိုက်ပြစမ်း” ဆိုပြီး ယုံလေးနဲ့အတူ
ထွက်လာကြတယ်။
တောနက်ထဲမှာ ရှိတဲ့ရေတွင်းတစ်ခုဆီရောက်တော့ အဲဒီထဲမှာ
အခြားခြင်္သေ့ ရှိတယ်လို့ ယုံက ညွှန်ပြလိုက်တယ်။
ခြင်္သေ့က ရေတွင်းထဲ ငုံ့ကြည့်လိုက်တော့ အခြားခြင်္သေ့တစ်ကောင်ကို တွေ့လိုက်ရတယ်။
ဒေါသထွက်လာတယ်။ ဟိန်းဟောက်လိုက်တယ်။ ရေတွင်းထဲက ခြင်္သေ့ကလည်း
ပြန်ဟိန်းဟောက်တာပေါ့။ အကြိမ်ကြိမ် အခါခါ ဟိန်းဟောက်တော့လည်း ရေတွင်းထဲက
ပိုကျယ်လောင်တဲ့အသံနဲ့ပြန်ဟိန်းဟောက်နေတာကြားရတော့
ရေတွင်းဘောင်ပေါ်က ခြင်္သေ့က ဒေါသထွက်သထက်ထွက်လာပြီး
ရေတွင်းထဲ ခုန်အုပ်လိုက်တယ်။
ရေပြင်ပေါ်ပေါနေတဲ့သူ့ရဲ့ပုံရိပ်ကို အခြားခြင်္သေ့လို့ထင်ပြီး ခုန်အုပ်လိုက်တဲ့အတွက်
ရေတွင်းထဲမှာပဲ ခြင်္သေ့ဟာ ရေနစ်ပြီး သေဆုံးသွားပါတယ်။
ခြင်္သေ့ သေသွားတော့မှ တစ်တောလုံး ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း
နေထိုင်သွားကြသတဲ့။

++++++++++++++++++++++++++++++
ကျနော်ငယ်စဉ်တုန်းက အဖေ ထပ်ခါတလဲလဲ ပြောပြတဲ့ပုံပြင်တစ်ပုဒ်ပါ။
အကြိမ်ကြိမ်ကြားခဲ့ဖူးတာမို့ အခုထိ မှတ်မိနေပါတယ်။
အဖေဟာ ဒီပုံပြင်ကို အခါခါပြောပြပေမယ့် ပုံပြင်ပြီးတိုင်း ပြန်မေးတတ်ပါတယ်။
ဒီပုံပြင်ကနေ ဘာသင်ခန်းစာ ရသလဲ။
ကျနော်က ပြီးတဲ့အကြိမ်တုန်းက အဖေပြောပြထားတဲ့သင်ခန်းစာကို ပြောပြရင်
အဖေက ပြုံးပြီးနားထောင်တယ်။
နောက် သင်ခန်းစာတစ်ခုကို ထပ်ပြောပြတယ်။
ပုံပြင်အကြောင်းအရာသာ တူပေမယ့် သင်ခန်းစာတစ်ခါနဲ့တစ်ခါ မတူတာကို
ကျနော်အံ့သြမိပါတယ်။

++++++++++++++++++++++++++++++

အဖေပြောပြတဲ့သင်ခန်းစာတစ်ခုကတော့…
“အင်အားကြီးတိုင်း အသိဥာဏ်ကြီးတာတော့ မဟုတ်ဘူး။
အင်အားကြီးပြီး ဥာဏ်နည်းတဲ့သတ္တဝါတွေ အများကြီးရှိတယ်။
အင်အားကြီပြီး   ဥာဏ်နည်းတဲ့သတ္တဝါထဲမှာ လူလည်း ပါတယ်နော်။
အင်အားကြီးတဲ့လူဟာ ခွန်အားကို အားကိုးလွန်းတာကြောင့် ဥာဏ်ကြီးအောင်လုပ်ချိန်မရတော့ဘူး။
ခွန်အားကို အားကိုးလွန်းရင် ဥာဏ်တုံးတတ်တယ်ဆိုတာ မမေ့နဲ့”
အဖေက ခဏနားပြီးမှ ပြန်မေးပါတယ်။
“တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် သား ဘာကို ရွေးချယ်မလဲ” လို့လည်း အဖေက မေးပါတယ်။
ကျနော်က ရေနစ်ပြီး သေသွားတဲ့ခြင်္သေ့ကို အားမကျပါဘူး။
ဥာဏ်ကြီးတဲ့ယုံကို သာ အားကျမိပါတယ်။
ကျနော်ပြန်ဖြေတာက “ဥာဏ်ကြီးသူဖြစ်ချင်တယ်” လို့
အဖေက ပြန်ပြောတာက “ဥာဏ်ကြီးသူဖြစ်ချင်ရင်
စာ များများဖတ်၊
ဥာဏ်ကြီးသူရဲ့ပြောစကားကို များများနားထောင်၊
အခွင့်အရေးရရင် ခရီးများများ သွား”တဲ့။

Saturday, August 22, 2015

“ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ…”




တစ်မြို့လုံး မီဟုန်းဟုန်းတောက် လောင်နေတယ်။
မီးလုံးကြီးက တစ်အိမ်ကနောက်တစ်အိမ်ကို ကူးသွားတယ်။
တစ်လမ်းက နောက်တစ်လမ်းကို မြန်မြန်ဆန်ဆန် ကူးသွားတယ်။
လောင်စာကို ရသွားတဲ့မီးလို အရှိန်ပြင်းသထက်ပြင်းနဲ့လောင်ကျွမ်းနေတယ်။
လူတွေရဲ့အော်ဟစ်သံကလည်း ဆူညံနေတယ်။
အသက်ဘေးလုပြီးပြေးတဲ့သူကပြေး၊
အော်ဟစ်အကူအညီတောင်းသူကတောင်း၊
ကိုယ်ပိုင်ပစ္စည်းကို သယ်ပိုးသူက သယ်၊
အချို့က တစ်ပိုင်တစ်နိုင်သယ်၊
အချို့က လောဘနဲ့မနိုင်မနင်းသယ်၊
လမ်းတိုင်းမှာ လူတွေနဲ့ပြည့်နေတယ်။
လူအချင်းချင်း တိုးဝှေ့နေကြတယ်။တိုက်ခိုက်မိကြတယ်။
လှဲသူလှဲတယ်။ လှဲသူကို နင်းသူကနင်းကြတယ်။
သေသူကသေကြတယ်။
အချို့က တက်နင်းမိလို့သေ၊
အချို့က မီးလောင်လို့သေ၊
မီးအရှိန်ပြင်းပြင်းနဲ့လောင်ကျွမ်းသံထက် ပြည်သူပြည်သားတွေရဲ့အော်ဟစ်
အကူအညီတောင်းသံက ပိုကျယ်လောင်နေတယ်။
အဲဒီအချိန်မှာ စစ်သည်တော်တစ်ယောက်က မင်းအစိုးရ ဆီကို သွားရောက်
သတင်းပို့တယ်။ အဲဒီမင်းအစိုးရဟာ သတင်းကိုကြားတာနဲ့နန်းရင်ပြင်ကိုဖြတ်ပြီး
လေသာပြူတင်းပေါက်ကနေ မီးလောင်နေတဲ့မြို့တော်ကို အပေါ်ဆီကနေ
လှမ်းကြည့်တယ်။ မီးလောင်နေတဲ့မြင်ကွင်းကိုလည်းတွေ့တယ်။
အော်ဟစ်အကူအညီတောင်းနေတဲ့ပြည်သူပြည်သားကိုတွေ့တယ်။
ပြုံးတော်မူတယ်။ပြီးတော့ အပါးတော်မြဲတစ်ယောက်ကိုလှမ်းပြောလိုက်တယ်။
“ငါ့ရဲ့ဘင်ချိုတစ်လက်ကို အမြန်ယူခဲ့စမ်း”
အပါးတော်မြဲက ဘင်ချိုကို ဆက်လိုက်တော့
ဘင်ချိုကို တီးခတ်ပြီး ရောမမြို့ကြီးမီးလောင်နေတာကို အရသာခံပြီး ရှုစားတော်မူသတဲ့။

+++++++++++++++

ရောမမြို့ကြီးကောင်းစားစဉ်အခါက တကယ်ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
အဲဒီမင်းအစိုးရရဲ့ထူးခြားချက်တစ်ခုက မိခင်ကို မိဖုရားမြှောက်ထားတဲ့အချက်ပါပဲ။
အဲဒီမင်းအစိုးရရဲ့ဝါသနာက ကျွန်တွေကို အထူးလေ့ကျင့်ပေးပြီး အချင်းချင်း သတ်ပုတ်တာကို
ကြည့်ရှုအရသာခံရတာကို ဝါသနာပါတယ်။
ကျွန်တစ်ယောက်ချင်းသတ်ပုတ်တာ၊ အဖွဲ့လိုက်သတ်ပုတ်တာကိုအမြဲလိုလို ပြုလုပ်လေ့ရှိတယ်။
မင်းအစိုးရရဲ့လက်မကို အောက်ကို စိုက်ချလိုက်ရင် သတ်စေ ဆိုတဲ့အမိန့်တစ်ခုလို့အားလုံးက
သဘောပေါက်ကြတယ်။ လက်မကိုအောက်ကို စိုက်ချတဲ့အလုပ်ကို လုပ်ရတာလည်း ဝါသနာပါသတဲ့။
ပြည်သူပြည်သားတွေဟာ မခံမရပ်နိုင်တဲ့အဆုံးတစ်နေ့မှာ နန်းတော်ထဲကို အင်နဲ့အားနဲ့ဝင်ရောက်သွားတယ်။
အဲဒီတော့ မင်းအစိုးရဟာ လွတ်ရာလွတ်ကြောင်းပြေးတော့တာပါပဲ။
နန်းတွင်းအဆောင်ထဲရောက်တော့ သူ့လွတ်မြောက်မှုအတွက် မိဖုရားကို ပြောခိုင်းသတဲ့။
မိဖုရားက မပြောနိုင်ကြောင်းလျှောက်ထားတော့ သူ့အသက်ကို မကာကွယ်ရကောင်းလားဆိုပြီး
မိခင်-မိဖုရားကို လည်ပင်းညှစ်သတ်လိုက်သတဲ့။
နောက်ဆုံးပြေးလို့မလွတ်မြောက်မှန်းသိတော့
ပြည်သူပြည်သားရဲ့လက်ချက်နဲ့ဆိုရင်အသေလှမှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက်
သူ့ကိုယ်သူ အဆုံးစီရင်လိုက်သတဲ့။

+++++++++++++++++++++

ကမ္ဘာ့သမိုင်းမှာတော့ ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိခဲ့တယ်။
မြန်မာ့သမိုင်းမှာရော ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိပါသလား။
မီးဘေး၊ရေဘေး၊လေဘေးတွေကြုံတွေ့ရတဲ့အခါ
အဲဒီအဖြစ်အပျက်မျိုးက ပိုသိသာထင်ရှားလာတတ်ပါတယ်။

Tuesday, August 11, 2015

“စကားထာဝှက်တမ်း ကစားကြရအောင်…”





ကျနော်နေတဲ့အိမ်ရဲ့ရှေ့မှာ သစ်ရိပ်ကောင်းလှပါတယ်။
ကျောင်းပိတ်ရက်များမှာ ကလေးများနဲ့စည်းကားနေတတ်တယ်။
ကလေးများက အရွယ်စုံပါတယ်။
ကလေးများ ကစားနေကြချိန်တွင် အလွန်ဆူညံပေမယ့် ကျနော်ခံနိုင်တယ်။
များများကစားတဲ့ကလေးများ ဥာဏ်ရည်ကောင်းတယ်လို့ ကျနော်က သိထားတာမို့
ကလေးများကစားတာကို မတားဖြစ်ဘူးခဲ့ပါ။
တစ်နေ့မှာ ကလေးများကစားပြီးမောလာတာကြောင့်
ထိုင်ပြီးစကားထာဝှက်တမ်းကစားကြပါတယ်။
အကြီးဆုံးဖြစ်တဲ့ကလေးမလေးက တစ်ယောက်တစ်လှည့် စကားထာဝှက်ဖို့ပြောပါတယ်။
သူတို့လေးတွေ တစ်ယောက်တစ်လှည့် စကားထာဝှက်တာကို
ပက်လက်ကုလားထိုင်တွင် စာဖတ်ရင်း နားထောင်မိပါတယ်။
အငယ်များဖွဲ့သောစကားထာက အများအားဖြင့်ကြားနေကျစကားထာများသာဖြစ်တယ်။
သိသူများက စကားထာမဆုံးခင်မှာပင် အော်ဟစ်ပြီး အဖြေများပြောကြပါတယ်။
ပျော်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဟုခံစားမိပါတယ်။
နောက်ဆုံးအကြီးဆုံးဖြစ်တဲ့သူငယ်မရဲ့အလှည့်ကိုရောက်လာပါတယ်။

“သူ့ရဲ့ဦးခေါင်းထဲမှာ ဦးနှောက်မရှိဘူး။
သူ့ရဲ့ရင်ဘတ်ထဲမှာ နှလုံးသားမရှိဘူး။
ဒါပေမယ့် သူ့ရဲ့နားရွက်ကအရှည်ကြီး။
--- နားထောင်ရလွန်းလို့ကားနေတယ်။
သူ့ရဲ့ပါးစပ်ပေါက်က အကြီးကြီး၊
သွားတွေက လွှသွားလိုချွန်နေတယ်။
ဝါးလို့ရတာ အကုန်လုံးဝါးတယ်။
သူ့ရဲ့ဗိုက်က ပူပူဆူဆူ။အဆီတွေ အထပ်ထပ်။
စားလို့ရတာမှန်သမျှ အားလုံးစားတယ်။
ကဲ….အဲဒီအကောင် ဘာကောင်လဲ”

 ကျန်တဲ့ကလေးတွေက တစ်ယောက်တစ်လှည့်စီအော်ပြောကြတယ်။
 “စက်ရုပ်လူသား”
“မဟုတ်ဘူး”
“ဘီးလူး”
“မဟုတ်ဘူး”
“ပြိတ္တာ”
“မဟုတ်ဘူး”
“သရဲ”
“မဟုတ်ဘူး”
ကျနော်လည်း ပိုပြီးစိတ်ဝင်စားလာတယ်။
ဒီကောင်မလေး ဘာများပြောမလဲဆိုတာကိုလည်း အရမ်းသိချင်လာတယ်။
“တစ္ဆေ”
“မဟုတ်ဘူး”
“ငရဲသား”
“မဟုတ်ဘူး”
……………
“မဟုတ်ဘူး”
……………..
“မဟုတ်ဘူး”
ကဲ…ပန်းပေးပြီလားလို့ ကောင်မလေးကမေးလိုက်ပါတယ်။
အချို့က ပေးပြီးလို့အော်တယ်။
အချို့က မပေးသေးဘူးလို့အော်နေချိန်မှာ
ကောင်မလေးရဲ့အမေဟာ ဈေးကပြန်ရောက်လာပါတယ်။
“ဟဲ…နီနီ
ငါ ဈေးသွားတုန်း ကြက်သွန်နွှာထားပြီး ငရုတ်သီးထောင်းခိုင်းထားတာ
ဒီမှာလာဆော့နေတယ်။အဲဒါတွေ လုပ်ပြီးပြီလား” လို့အော်လိုက်တဲ့အတွက်
စိတ်ဝင်စားစရာကောင်းတဲ့စကားထာဝိုင်းဟာ ဖရိုဖရဲဖြစ်သွားပါတော့တယ်။
ကောင်းမလေးက ထပြီးပြေးပြန်သွားချိန်မှာ
“တီဗွီကြည့်၊ ကြည့်တတ်ရင် မြင်လိမ့်မယ်” လို့ အော်ပြောသွားလေရဲ့။
ကျနော်ဖတ်နေတဲ့ အာဏာရှင်ဟစ်တလာရဲ့အကြောင်းထက်
စကားထာရဲ့အဖြေကို ပိုပြီး စိတ်ဝင်စားလာမိတယ်။
အဖြေကတော့ ရှာနေဆဲ။
နီနီကိုတွေ့ရင် မေးကြည့်ရဦးမယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com